သင်္ကြန်အခါတော် – မဟာစည်ဆရာတော်ဘုရားကြီး


(မဟာစည်ဆရာတော်ဘုရားကြီး၏ ခရစ်သက္ကရာဇ် ၁၉၆၈ ခုနှစ်တွင် ဟောကြားသော ‘လောကဓံတရားတော်’ မှ)

+++++

ဒီကနေ့ဟာ ၁၃၂၆ ခု ဆိုတဲ့ နှစ်ဟောင်းက ၁၃၂၇ ခု ဆိုတဲ့ နှစ်သစ်ကို ကူးပြောင်းတဲ့ သင်္ကြန်အခါတော် အစနေ့ ဖြစ်တယ်။

ဒီ သင်္ကြန်ဆိုတာ သင်္ကြန္တ ဆိုတဲ့ သက္ကတဘာသာမှ ဖြစ်လာတဲ့ စကားပဲ။
ပြောင်းရွှေ့တယ် လို့ အဓိပ္ပာယ် ရှိပါတယ်။
ဒါကြောင့် နှစ်ဟောင်းမှာ အဆုံးဖြစ်တဲ့ မိန်ရာသီမှ နှစ်သစ်မှာ အစဖြစ်တဲ့ မိဿရာသီသို့ တနင်္ဂနွေဂြိုလ်ဆိုတဲ့ နေဂြိုလ်ကြီး ပြောင်းရွှေ့တာကို သင်္ကြန်ကျတယ်လို့ ဆိုပြီး မြန်မာပြည်မှာ နှစ်သစ်ကူးပွဲ ကျင်းပကြတာပဲ။
အဲဒါဟာ နှစ်ဟောင်း တပေါင်းလမှ နှစ်သစ် တန်ခူးလသို့ ပြောင်းရွှေ့တာကိုပဲ ရည်ရွယ်ပါတယ်။

ဒီ သင်္ကြန်ကျတယ်ဆိုတာကို ရှေးက ပုဏ္ဏားတွေက စပြီး တီထွင်ထားတဲ့အတိုင်း ယခုလည်း သင်္ကြန်စာတွေထဲမှာ ‘သိကြားမင်းကြီးက နွားကို စီးပြီး လူ့ပြည်သို့ ဆင်းလာတယ်’ စသည်ဖြင့် ဖော်ပြထားကြတယ်။
တကယ်တော့ သိကြားမင်းကြီးက ဆင်းလာတာ မဟုတ်ပါဘူး။
နေဂြိုလ်ကြီးပြောင်းရွှေ့တာသာ ဟုတ်ပါတယ်။

အဲဒါလည်း ရှေးက အယူအဆအတိုင်း ပြောရတာပဲ။
ယခုခေတ် သိပ္ပံဆရာတွေရဲ့ အလိုအားဖြင့်ဆိုရင် ကမ္ဘာမြေကြီးလည်နေတာ နှစ်တစ်ပတ်ပြည့်လို့ မူလနေရာသို့ တဖန် ပြောင်းရွှေ့တယ်လို့တောင် ဆိုရမှာလို ဖြစ်နေပါတယ်။
ဘာပဲဖြစ်ဖြစ် နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ကူးပြောင်းတယ်ဆိုတာကတော့ မလွဲနိုင်ပါဘူး။
ဒါကြောင့် သင်္ကြန်ဆိုတာ နှစ်သစ်ပြောင်းတာ နှစ်သစ်ကူးတာပဲလို့ မှတ်ကြရမယ်။

ဘုရားလက်ထက်တော် ကာလဆီတုန်းကတော့ အိန္ဒိယအလယ်ပိုင်းမှာ တန်ဆောင်မုန်းလပြည့်ညဥ့်၌ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးဟန် ရှိပါတယ်။
ဘာကြောင့်လည်းဆိုရင် အဲဒီ တန်ဆောင်မုန်းလပြည့်ညဥ့်ကို ‘ပုဏ္ဏာယ ပုဏ္ဏမာယ’လို့ ‘သာမညဖလသုတ်’က ဆိုထားရာမှာ သူ့အဖွင့် အဌကထာက –
“မာသပုဏ္ဏတာယ – ရက်သုံးဆယ် တစ်လပြည့်သောကြောင့်လည်းကောင်း၊
ဥတုပုဏ္ဏတာယ – မိုးလေးလ ဥတုပြည့်သောကြောင့်လည်းကောင်း၊
သံဝစ္ဆရပုဏ္ဏတာယ – ၁၂ လ တစ်နှစ်ပြည့်သောကြောင့်လည်းကောင်း
အဲဒီ တန်ဆောင်မုန်းလပြည့်ညဥ့်ကို ပုဏ္ဏ ပြည့်သည် မည်တယ်” လို့ ဖွင့်ပြထားတဲ့ အတွက်ကြောင့်ပါပဲ။

အဲဒီ စကားထဲမှာ လပြည့်တယ် ဆိုတာကတော့ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်က စပြီး အဲဒီ လဆုတ်ပက္ခမှာ (အဲဒါက ရက်မစုံ ပက္ခဖြစ်တဲ့အတွက်) ၁၄ ရက်၊ တန်ဆောင်မုန်းလဆန်း ပက္ခမှာ ၁၅ ရက်၊ ပေါင်း ၂၉ ရက် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်လမှာ အများအားဖြင့် ရက်သုံးဆယ် ရှိတဲ့အတွက် ရက်သုံးဆယ် တစ်လပြည့်တယ်လို့ပဲ ဆိုရပါတယ်။

ဥတုပြည့်တယ် ဆိုတာကတော့ ဝါဆိုလပြည့်ကျော် ၁ ရက်က စပြီး တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်သန်းခေါင်အချိန်မှာ ကြတ္တိကာနက္ခတ်နှင့် လ ယှဉ်ပြီး မိုးဥတုလေးလ ပြည့်ပါတယ်။
ဒါကြောင့် ဥတုလည်း ပြည့်တယ်လို့ ဆိုပါတယ်။

နှစ်ပြည့်တယ် ဆိုတာကတော့ အရင်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်က စပြီး အဲဒီ ရောက်ဆဲနှစ် တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်မှာ ၁၂ လ တစ်နှစ်ပြည့်တာကိုပဲ ဆိုပါတယ်။

ဒါကြောင့် အဲဒီ သာမညဖလသုတ်အဖွင့် အဌကထာအရအားဖြင့် ဟိုခေတ် ဟိုအခါတုန်းက အဲဒီ အိန္ဒိယအလယ်ပိုင်းအရပ်မှာ တန်ဆောင်မုန်းလပြည့်နေ့ညဥ့်၌ နှစ်ဟောင်းမှ နှစ်သစ် ကူးပြောင်းတယ်လို့ သိရပါတယ်။

အနောက်တိုင်း ဥရောပတိုက်သားတွေကတော့ အများသိပြီး ဖြစ်တဲ့အတိုင်း ဒီဇင်ဘာလ ၃၁ ရက်ညဥ့်မှာ နှစ်ဟောင်းမှ နှစ်သစ် ကူးတယ်လို့ အသိအမှတ် ပြုကြတယ်။
သူတို့ဟာကတော့ ကိန်းသေပဲ။ တွက်မနေရတော့ဘူး။
ဒီဇင်ဘာ ၃၁ ရက် ညဥ့်သန်းခေါင်ဆိုရင် နှစ်ဟောင်း ကုန်ပြီး နှစ်သစ်ကူးတော့တာပဲ။
သူတို့ နှစ်သစ်ကူးပုံဟာ သိလွယ်တဲ့အတွက် ကောင်းတယ်လို့ ဆိုဖွယ်ရှိပါတယ်။

မြန်မာနှစ်သစ်ကူးကတော့ အဲဒီလို သိဖို့ မလွယ်ဘူး။
ဗေဒင်တတ်တဲ့ ပုဂ္ဂိုလ်တွေက တွက်ချက်ပြီး စာရွက်စာတမ်း ရိုက်နှိပ်ဖြန့်ဝေမှ အများက သိရတယ်။
ဒါကြောင့် သိဖို့ မလွယ်ဘူး။
ဒါပေမယ့် ဗေဒင်ကန်းခန်းအရ မိနစ်၊ စက္ကန့်အထိ တိတိကျကျ သိရတဲ့အတွက် ဒီမြန်မာနှစ်သစ်ကူးကလည်း ချီးမွမ်းဖွယ် ဂုဏ်နှင့် ပြည့်စုံပါတယ်။

ယခုနှစ် သင်္ကြန်ဆိုရင် နှောင်းတန်ခူးလဆန်း ၁၂ ရက် ညနေ ၅ နာရီ ၁၉ မိနစ် ၉ စက္ကန့်အချိန် သင်္ကြန်ကျတယ် တဲ့။
နေဂြိုလ်ကြီး စပြီး ရာသီပြောင်းတဲ့ အချိန်ပါပဲ။
နောက်ပြီးတော့ နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့ ည ၁၀ နာရီ ၃ မိနစ် ၄၉ စက္ကန့်အချိန် ၁၃၂၇ ခုနှစ်သို့ ကူးပြောင်းမယ် တဲ့။
အဲဒီည ၁၀ နာရီ ၃ မိနစ် ၄၉ စက္ကန့် အချိန်က စပြီး ၁၃၂၇ ခု နှစ်သစ်ဖြစ်မယ်လို့ ဆိုပါတယ်။

အဲဒီလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အခါမှာ ဗုဒ္ဓသာသနာဝင်တွေ အနေနဲ့ဆိုရင် မိမိတို့ သန္တာန်မှာ သီလ အထူး စင်စင်ကြယ်ကြယ်နဲ့ နှစ်သစ်ကူးဖို့ လိုပါတယ်။
တစ်နှစ်လုံး ရက်တိုင်း ရက်တိုင်း ဥပုသ်သီလ မစောင့်နိုင်သော်လည်း နှစ်ရဲ့ အစနဲ့ အဆုံးမှာ သီလ အထူး စင်ကြယ်ဖို့ လိုပါတယ်။
ဒါကြောင့် ဗုဒ္ဓသာသနာဝင်ဖြစ်ကြတဲ့ အမျိုးသမီး အမျိုးသား သူတော်ကောင်းတွေဟာ ယခုနှစ် အစကလည်း ဥပုသ်သီလ စောင့်ခဲ့ကြပြီ။
ယခုနှစ် အဆုံးမှာလည်း ဥပုသ်သီလ စောင့်ကြတယ်။
ဒီတော့ တစ်နှစ်လုံး အစနှင့် အဆုံး ဥပုသ်သီလ စင်ကြယ်တဲ့ ဂုဏ်နှင့် ပြည့်စုံကြတာပေါ့။

တချို့က ဒီ သင်္ကြန်ရက်အတွင်းမှာ ၁ ရက်၊ ၂ ရက်၊ ၃ ရက် ဥပုသ်ဆောက်တည် ကျင့်သုံးကြတယ်။
တချို့က အကြိုအပိုနှင့်တကွ ၅ ရက် ဆောက်တည် ကျင့်သုံးကြတယ်။
အရေးအကြီးဆုံးကတော့ နှစ်သစ်ကူးတဲ့အချိန်မှာ သီလစင်ကြယ်တဲ့ ဂုဏ်နှင့် ပြည့်စုံနေဖို့ပါပဲ။
ဒါကြောင့် သင်္ကြန်ကျတဲ့ ရက်က စပြီး ဥပုသ်သီလ မစောင့်နိုင်တောင် အတာတက်ပြီး နှစ်သစ်ကူးတဲ့ နောက်ဆုံးရက်တော့ မပျက်မကွက် ဥပုသ်စောင့်သင့်ပါတယ်။
ဒါပေမယ့် တခါတရံ အတာတက်တဲ့ အချိန်က သန်းခေါင်ကျော်လောက်မှာ တက်တာလည်း ရှိတယ်။
အဲဒီလို ဆိုရင်တော့ အတာမတက်ခင် အလျင်တစ်နေ့က စပြီး စောင့်ဖို့ လိုပါတယ်။
တတ်နိုင်ရင်တော့ သင်္ကြန်အကျနေ့က စပြီး အတက်နေ့ထိအောင် စောင့်တာက သာပြီး ကောင်းပါတယ်။
ယခု အများအားဖြင့် ဒီအတိုင်းပဲ စောင့်နေကြပါတယ်။

အဲဒါက တတ်နိုင်သေးရင်တော့ အကြိုနေ့နှင့် နှစ်ဆန်းတစ်ရက်ပါ စောင့်နိုင်ရင် သာပြီး ကောင်းပါတယ်။
နှစ်ဆန်းတစ်ရက်ဆိုတာ အတာတက်သည့် အချိန်က စပြီး နှစ်သစ် နှစ်ဆန်း ဖြစ်တာပါပဲ။
ဒါပေမယ့် အဲဒီ အတာတက်သည့်နေ့က တစ်ရက်မပြည့်ဘဲ တစ်ပိုင်းတစ်စလောက်သာ ဖြစ်တဲ့အတွက် အတာတက်ပြီး နောက်တစ်ရက်ကျမှ နှစ်ဆန်းတစ်ရက်လို့ အသိအမှတ် ပြုထားကြပါတယ်။

ယခုလို နှစ်ဟောင်း နှစ်သစ်ကူးတဲ့အခါ ဥပုသ်သီလနှင့် စင်စင်ကြယ်ကြယ် ကျင့်သုံးနေကြရတာဟာ ချစ်ကျွမ်းဝင်တဲ့ မိတ်ဆွေများကို လိုက်ပို့ရတာ၊ ကြိုဆိုရတာနဲ့ တူပါတယ်။
ကိုယ့်အရပ် ကိုယ့်ဌာနမှ ပြန်သွားတဲ့ မိတ်ဆွေများကို လိုက်ပို့တဲ့အခါ သန့်ရှင်းစင်ကြယ်တဲ့ အဝတ်များကို ဝတ်ပြီး ရွှင်လန်း ဝမ်းမြောက်စွာနဲ့ လိုက်ပို့ကြရတယ်။
အဲဒါလိုပဲ ယခု နှစ်ဟောင်းကုန်တဲ့အခါ ဥပုသ်သီလစောင့်ကြရတာဟာ ကုန်သွားတဲ့ နှစ်ဟောင်းကို သီလစင်ကြယ်စွာနှင့် ရွှင်ရွှင်ပျပျ နှုတ်ဆက်ကြတဲ့ သဘောပါ။
ကိုယ့်အရပ်ဌာန လာတဲ့မိတ်ဆွေများကို ကြိုဆိုတဲ့ အခါမှာလည်း သန့်ရှင်းစင်ကြယ်တဲ့ အဝတ်များကို ဝတ်ပြီး ရွှင်လန်း ဝမ်းမြောက်စွာနဲ့ နှုတ်ဆက် ကြိုဆိုကြရတယ်။

အဲဒါလိုပဲ ယခု နှစ်သစ်မလာမီကတည်းက ဥပုသ်သီလစောင့်သုံးနေကြရတာဟာ လာမည့် နှစ်သစ်ကို သီလစင်ကြယ်စွာနှင့် ရွှင်ရွှင်ပျပျ နှုတ်ဆက် ကြိုဆိုကြတဲ့ သဘောပါပဲ။

နောက်ပြီးတော့ သီလစင်ကြယ်ရုံတွင်လည်း မကသေးပါဘူး။
ဒါနကုသိုလ်တွေလည်း တတ်စွမ်းနိုင်သမျှ ပြုကြရသေးတယ်။
ဘာဝနာကုသိုလ်တွေလည်း ပွားများကြရသေးတယ်။
အဲဒီလို ဒါန သီလ ဘာဝနာ ကုသိုလ်တွေနဲ့ နှစ်သစ်ကို ကြိုဆိုရတာဟာ အင်မတန် ကောင်းပါတယ်။
မိမိတို့ သန္တာန်မှာရော။
သူတပါး သန္တာန်မှာရော။
တစ်ကမ္ဘာလုံးမှာရော။
ဒီနှစ်သစ်အတွင်းမှာ ဘေးရန် အန္တရာယ်တွေ ကင်းပြီး ကောင်းကျိုး ချမ်းသာတွေကို ရဖို့ရာပါပဲ။
အဲဒီလို ဘေးအန္တရာယ်တွေ ကင်းပြီး ကောင်းကျိုး ချမ်းသာ ဖြစ်ပွားပါစေလို့လည်း ဆုမွန်ကောင်း တောင်းရတယ်။

အဲဒီလို ကောင်းကျိုးချမ်းသာ ဖြစ်ပွားဖို့ရာ ဒကာ ဒကာမတွေက ကုသိုလ်တရားတွေကို အထူးသဖြင့် တိုးပွားအောင် ကြိုးစား အားထုတ်နေကြတဲ့အခါမှာ ဘုန်းကြီးတို့ကလည်း တတ်နိုင်သမျှ ကူညီ အားပေးကြရတယ်။
ဓမ္မာနုဂ္ဂဟအနေဖြင့် တရားဟောပြီး ချီးမြှောက်ကြရတယ်။
ဒါကြောင့် ဒီကနေ့ သင်္ကြန်တရားကို ဟောရမယ်။

+++++

Leave a Reply