အရိယာအဖြစ်သို့ ရောက်ရန် မည်မျှကြာကြာ အားထုတ်ရပါသလဲ

မေး။     ။ ဆရာတော်ဘုရား … တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။

(က) သတိပဋ္ဌာန်ဝိပဿနာကို ကြိုးစား အားထုတ်လျှင် ဤဘဝတွင်ပင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားထားပါသည်။ အရှင်ဘုရား၏ အတွေ့အကြုံတွင် အရိယာအဖြစ်သို့ ရောက်ရှိခဲ့သောသူများ ရှိပါသလား ဘုရား။

(ခ) အရိယာအဖြစ်သို့ ရောက်ရန် မည်သို့သော နည်းဖြင့် မည်မျှကြာကြာ အားထုတ်ရပါမည်လဲ ဘုရား။

(မိုးမိုးအေးနှင့် မိစန္ဒာမွန်၊ ဒုတိယနှစ်၊ စက်မှုတက္ကသိုလ်)

ဖြေ။     ။ (က) ယောဂီရဲ့ တရားအတွေ့အကြုံ တရားတက်ပုံဟာ ကျမ်းဂန်နဲ့ ညီညွတ်တယ်လို့ ယူဆနိုင်တဲ့အတွက် ဒီယောဂီဟာဖြင့် တစ်မဂ်တစ်ဖိုလ် ရလောက်တယ်လို့ မှန်းဆရတဲ့ ယောဂီတချို့ ဘုန်းကြီးတွေ့ဖူးပါတယ်။

အဲဒီလို ယောဂီမျိုးဟာ စတင် အားထုတ်ကတည်းက တကယ့် သဒ္ဓါတရားနဲ့ တရားကို လိုလိုချင်ချင် ရှိပြီး ဆရာရဲ့စကားကို မြေဝယ်မကျ တသဝေမတိမ်း လိုက်နာပြီး ကြိုးကြိုးစားစား အားထုတ်ကြပါတယ်။ ရိုရိုသေသေ လေးလေးစားစား အားထုတ်ကြပါတယ်။

ကျမ်းဂန်မှာ ဖော်ပြထားတဲ့ မီးပွတ်သမားဥပမာအတိုင်း နိုးနေသမျှ တချိန်လုံး အထွေထွေ အသေးစိတ် လှုပ်ရှားပြုမူမှုတွေကအစ မလွတ်ရ မလပ်ရအောင် အဆက်မပြတ် ရှုမှတ်ကြပါတယ်။ သူတို့ ဝီရိယဟာ တင်းလိုက် လျော့လိုက် မဟုတ်ဘဲ တချိန်တည်း တိုးတက် တိုးတက်လို့သာ အားထုတ်ကြပါတယ်။

ဒီတော့ သူတို့ တရားတွေ့ပုံကလည်းပဲ အတော် ရှင်းပါတယ်။

ကျမ်းဂန်နဲ့လည်း အလွန်ညီညွတ်ပါတယ်။

တစ်မဂ်တစ်ဖိုလ် ရသည်အထိ တရားတွေ့ကြတယ်လို့ ယူဆနိုင်လောက်အောင်ပဲ ကျမ်းဂန်နဲ့ ညီညွတ်ကြတာကို တွေ့ရပါတယ်။

သို့သော်လည်း ဘုန်းကြီးတို့ကတော့ ဘယ်ယောဂီကိုမှ ဘယ်ဉာဏ်ရောက်ပြီ၊ ဘယ်အဆင့်ရောက်ပြီဆိုတာ ဘယ်တော့မှ မပြောပါဘူး။

သူတပါးရဲ့ တရားအခြေအနေကို တပ်တပ်အပ်အပ် သိနိုင်တာက မြတ်စွာဘုရားတစ်ပါးပဲ ရှိပါတယ်။

ဘုန်းကြီးတို့မှာ သူတပါးစိတ်ကို သိတဲ့ ပရစိတ္တဝိဇာနနဉာဏ် မရှိတော့ သူတပါးရဲ့ တရားအခြေအနေကို အမှန်အကန် အတိအကျ မသိနိုင်ပါဘူး။

ယောဂီရဲ့ တရားတွေ့ပုံဟာ ကျမ်းဂန်နဲ့ ညီညွတ်တယ်လို့ ယူဆရလို့သာ ဒီအခြေအနေလောက်တော့ ရောက်လောက်ပြီလို့ မှန်းဆနိုင်ရုံလောက်ပဲ ရှိပါတယ်။

ကျမ်းဂန်နဲ့ ညီညွတ်လို့ တစ်မဂ်တစ်ဖိုလ် ရတယ်လို့ ယူဆရတဲ့ ယောဂီများကို ကျမ်းဂန်မှာ ဖော်ပြထားတဲ့ စစ်ဆေးနည်းတွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာလည်း တချို့ ယောဂီများမှာ ကိုက်ညီနေတာကို တွေ့မြဲ တွေ့ရတတ်ပါတယ်။

ဒါကြောင့် ဒီယောဂီဟာဖြင့် တစ်မဂ်တစ်ဖိုလ်တော့ ရလောက်ပြီလို့ မှန်းဆရတာပဲ ရှိပါတယ်။

(ခ) အရိယာအဖြစ်သို့ ရောက်အောင် အားထုတ်တဲ့ နည်းကတော့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတဲ့ သတိပဋ္ဌာနသုတ် ဒေသနာတော်မှာ လာတဲ့နည်းပါပဲ။

အဲဒီ သတိပဋ္ဌာန်နည်းနဲ့ အားထုတ်ရင် မလွဲဧကန် အမှန်ပဲ အရိယာအဖြစ်သို့ ရောက်နိုင်ပါတယ်။

အဲဒီနည်းနဲ့ အားထုတ်ပုံကိုတော့ ဘုန်းကြီးတို့ ဒီတရားပွဲ စတုတ္ထနေ့မှာ ဟောခဲ့တဲ့ တရားတွေထဲမှာ အခြေခံအနေနဲ့ ပြည့်စုံ လုံလောက်အောင် ဟောပြော နည်းပေးထားခဲ့ပါပြီ။

ဘယ်လောက်ကြာကြာ အားထုတ်ရမယ်ဆိုတာကတော့ မိမိရဲ့ ဇွဲလုံ့လ ဝီရိယနဲ့ ပါရမီပေါ်မှာ တည်ပါတယ်။

ဒီနေရာမှာ ပါရမီဆိုတာ အလိုအလျောက် မိုးပေါ်က ကျလာတဲ့အရာ မဟုတ်ပါဘူး။

ရှေးရှေးဘဝတွေက ဒီသတိပဋ္ဌာန် ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ်ခဲ့ဖူးလို့ တဖြည်းဖြည်း မိမိသန္တာန်မှာ စုပေါင်းမိလာတဲ့ ဝိပဿနာ သတိ၊ သမာဓိ၊ ပညာ အရှိန်တွေကို ခေါ်ပါတယ်။

အဲဒီ ပါရမီအရှိန် အားကောင်းခဲ့ရင် အချိန်မကြာလှဘဲ ရနိုင်ပါတယ်။

အဲဒီ ပါရမီအရှိန် အားနည်းခဲ့ရင်တော့ အချိန်ကြာကြာ အားထုတ်မှပဲ ရနိုင်ပါတယ်။

အရေးကြီးတာကတော့ ဇွဲလုံ့လ ဝီရိယပါပဲ။

သို့သော်လည်း မေးခွန်းရှင် နှစ်ယောက်အတွက် ဘယ်လောက်ကြာကြာ အားထုတ်ရမယ်ဆိုတာကိုတော့ ဘုန်းကြီးက အတိအကျ ပြောနိုင်ပါတယ်။

ဘယ်လောက်ကြာကြာ အားထုတ်ရမလဲဆိုတော့ အရိယာအဖြစ် မရောက်မချင်း အားထုတ်ရမှာဖြစ်လို့ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတဲ့ အချိန်အထိပဲ ကြာပါလိမ့်မယ်။

ဒီထက် ပိုမကြာပါဘူး။

+++++

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “တက္ကသိုလ်ဓမ္မသဘင်”မှ

Leave a Reply