ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေမင်းဝံသာသနာ့ရိပ်သာကျောင်းတိုက်ကြီး၏ ပဓာန နာယကဖြစ်တော်မူသော ရွှေမင်းဝံဆရာတော် ဘဒ္ဒန္တသောဘနသည် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း လောကချမ်းသာဘုရားကျောင်းတော်ကြီး၌ ၂၀၀၉ ခု မေလ ၂၁ ရက်မှ ၂၅ ရက်ထိ (၅)ရက် တရားစခန်းကို ကမ္မဋ္ဌာနာစရိယ ဆရာတော်အဖြစ် ဟောကြား ညွှန်ပြလျက် ရှိပါသည်။

တရားစခန်းရက်များအတွင်း ညနေ အထူးတရားပွဲများသို့လည်း ဓမ္မမိတ်ဆွေများ ကြွရောက် နာယူနိုင်ကြပါသည်။

၂၀၀၉ ခု မေလ ၂၁ ရက် ညနေ ၆း၃၀ နာရီ အထူးတရားပွဲတွင် ဆရာတော်က မဟာသတိပဋ္ဌာနသုတ်လာ အာနိသံသကထာ-အကျိုးအာနိသင်ပြ မိန့်ခွန်းတော်ကို ရှင်းလင်း ဟောကြားသွားခဲ့ပါသည်။

အကျိုးအာနိသင်ပြ မိန့်ခွန်းတော်

ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ ဖြစ်သော ပုဂ္ဂိုလ်သည် ကာယာနုပဿနာသတိပဋ္ဌာန် ဝေဒနာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခုနစ်နှစ်တို့ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ ခုနစ်နှစ်ဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခြောက်နှစ်တို့ပတ်လုံး …။ ငါးနှစ်တို့ပတ်လုံး …။ လေးနှစ်တို့ပတ်လုံး …။ သုံးနှစ်တို့ပတ်လုံး …။ နှစ်နှစ်တို့ပတ်လုံး …။ တနှစ်ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ တစ်နှစ်ဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခုနစ်လတို့ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ ခုနစ်လဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခြောက်လတို့ပတ်လုံး …။ ငါးလတို့ပတ်လုံး …။ လေးလတို့ပတ်လုံး …။ သုံးလတို့ပတ်လုံး …။ နှစ်လတို့ပတ်လုံး …။ တစ်လပတ်လုံး …။ လခွဲပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ လခွဲပွားစေရမည် ဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခုနစ်ရက်ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်လုံးဘွဲ့ ဝန်ခံချက်မိန့်ခွန်းတော်လင်္ကာ

သတိပဋ္ဌာန် ဓမ္မစက်ကို
ဝန်ခံချက်နဲ့ တို့မြတ်စွာ။
ဟောမိန့်ပုံမှာ … ထိုတရားကို
ဖြစ်ပွားစေတဲ့ ရှင်လူမှာ။
အလွန်ကြာလျှင် ၇-နှစ်နဲ့
ရဟန္တာအစစ် ဖြစ်နိုင်ပါ။
စွဲမှုကျန်တောင် နာဂါမ်လောက်တော့
ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ။
မြန်သူဆိုလျှင် ၇-ရက်နဲ့
ထိုဖိုလ်မဂ်ကို ရနိုင်ပါ။
ရဲရင့်ခိုင်မာ ဝန်ခံချက်နဲ့
ဓမ္မစက်ကို ဟောခဲ့ပါ။
နိဗ္ဗာန်လိုသူ မယုံမှားနဲ့
မြတ်ဘုရားကို ယုံကြည်ကာ။
သတိပဋ္ဌာန် ကိုယ့်သန္တာန် အမြန်ပွားစေရာ။
သို့ပွားစေမှ နိဗ္ဗာန်ရ မုချငြိမ်းအေးမှာ။

+++++

ဝိမုတ္တိသုခ-ဆင်းရဲအမျိုးမျိုးမှ လွတ်မြောက်သော ချမ်းသာကို ရရှိ ရောက်ရှိရန် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရားတို့ကို ရိုရိုသေသေ ကြိုးစား ပွားများ အားထုတ်ကြရန် ရွှေမင်းဝံဆရာတော်မှ အထူး တိုက်တွန်း ညွှန်ပြတော်မူပါသည်။

ကြိုးကြိုးစားစား ရှုမှတ် ပွားများ အားထုတ်ခြင်းနှင့် ပတ်သက်၍ မဟာစည်ဆရာတော်ဘုရားကြီး၏ ဇာတိ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ ပထမဦး ကမ္မဋ္ဌာန်းပေးစဉ် တွေ့ကြုံရပုံများကိုလည်း ဗဟုသုတဖြစ်ဖွယ် ထည့်သွင်း ဟောကြားသွားခဲ့ပါသည်။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၀၀ ပြည့်နှစ်တွင် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းမှ ဇာတိ ရွှေဘိုမြို့ ဆိပ်ခွန်ရွာသို့ ဆွေမျိုးဉာတိတို့ကို ချီးမြှောက်ရန် ပြန်လည် ကြွရောက်တော်မူခဲ့၏။ ဆိပ်ခွန်ရွာရှိ အင်ကြင်းတောတိုက် မဟာစည်ကျောင်း၌ သီတင်းသုံးကာ ဆိပ်ခွန်ရွာရှိ လူအပေါင်းတို့အား အပ္ပမာဒ ဝိပဿနာတရားကို အကျယ်ဟောကြားတော်မူခဲ့ပါသည်။ ဆရာတော်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ကျင့်ကြံ အားထုတ်လိုသော ပထမဆုံး သတိပဋ္ဌာန်အားထုတ်သူ သုံးဦးမှာ ဦးထွန်းအေး၊ ဦးဖိုးချုံ (မဟာစည်ဆရာတော်၏ အစ်ကိုဝမ်းကွဲ) နှင့် ဆရာကြံ (မဟာစည်ဆရာတော်၏ ညီဝမ်းကွဲ)တို့ ဖြစ်၏။ ဤအကြောင်းကို မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ပင် ၁၃၂၀ ပြည့်နှစ် သင်္ကြန်တွင်း ရန်ကုန် မဟာစည်သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီးဝယ် ဝိပဿနာအခြေခံတရားတော်ကို ဟောကြားတော်မူစဉ် အောက်ပါအတိုင်း ထည့်သွင်း ဟောကြားတော်မူခဲ့သေး၏။

“သူတို့ သုံးယောက်က တိုင်ပင်ပြီး ပထမတစ်ပတ်မှာ ၇-ရက် အားထုတ်ကြပါတယ်။ တော်တော်လည်း ပြင်းပြင်းထန်ထန် အားထုတ်ကြပါတယ်။ တစ်နေ့ကို ကွမ်းတစ်ရာနဲ့ ဆေး တစ်လိပ်သောက်ဖို့ ကမ္မဋ္ဌာန်းကျောင်းကို ယူလာခဲ့ကြတာတွေဟာ မစားဖြစ် မသောက်ဖြစ်ကြတာနဲ့ ကွမ်းယာ ၇-ခုနဲ့ ဆေးလိပ် ၇-လိပ်ဟာ ခုနစ်ရက်စေ့လို့ ကမ္မဋ္ဌာန်းကျောင်းက ပြန်တဲ့အခါမှာ အထုပ်အတိုင်းပဲ ပြန်ပါလာကြတယ်။ ဘယ်လောက် ပြင်းပြင်းထန်ထန် အားထုတ်သလဲဆိုတာ အဲဒါကို ထောက်ဆကြည့်ရင် သိလောက်ပါတယ်။”

တရားပွဲအပြီးတွင် တရားစခန်းဝင် ယောဂီများအပြင် တရားနာ ကြွရောက်လာကြသူများကိုပါ သတိပဋ္ဌာန်တရား အားထုတ်နည်းအကျဉ်း၊ တရားအားမထုတ်မီ ဗုဒ္ဓါနုဿတိဘာဝနာ၊ မေတ္တာဘာဝနာ၊ အသုဘဘာဝနာနှင့် မရဏာနုဿတိဘာဝနာတို့ကို ပွားများရပုံ၊ ထိုင်ပုံထိုင်နည်း ခန္ဓာကိုယ် အနေအထားနှင့် အခြေခံ ရှုမှတ်ပုံတို့ကို သင်ပြကာ ငါးမိနစ် ရှုမှတ် အားထုတ်စေပါသည်။

ငါးမိနစ်ခန့် တရားရှုမှတ်ပြီးကြသောအခါ အထူးအားဖြင့် စီးပွားရေးကပ်ဘေး ဆိုက်ရောက်နေကြသော ကမ္ဘာသူ ကမ္ဘာသားများနှင့် အရပ်ဆယ်မျက်နှာနေ သတ္တဝါအားလုံးတို့အား မေတ္တာပို့ကာ ပြုခဲ့သမျှသော ကောင်းမှု ကုသိုလ်တို့ကို အမျှပေးဝေပါသည်။

Leave a Reply