သာယာကုန်းဆရာတော်နှင့် လောကချမ်းသာဆရာတော်

ဆရာတော် ဦးဝိစာရိန္ဒဆိုလျှင် လူသိနည်းသော်လည်း သာယာကုန်းဆရာတော်ဆိုလျှင် သိသူတွေ များ၏။
သာယာကုန်းဆရာတော်၏ ဘွဲ့သည် ဦးဝိစာရိန္ဒ ဖြစ်၏။
မွန်ပြည်နယ်၊ မုဒုံမြို့၊ သာယာကုန်းကျေးရွာကြီးမှာ မဟာစည်သြဝါဒခံ သတိပဋ္ဌာန်သာသနာ့ရိပ်သာကို စတင် တည်ထောင်ကာ ပဋိပတ္တိသာသနာပြုချိန်မှ စပြီး “သာယာကုန်းဆရာတော်”ဟူ၍ တပည့် ဒကာများက ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်၏။

ဆရာတော်သည် သာယာကုန်းရိပ်သာအပြင် ကျိုက်ထီးရိုး ရေမြောင်ကြီးစခန်း မဟာစည်သာသနာ့ရိပ်သာ၊ မြဝတီမြို့ ကားကြီးစခန်းအနီးရှိ မဟာစည်သာသနာ့ရိပ်သာတို့ကိုလည်း ဦးစီး တည်ထောင် ဖွင့်လှစ်ထား၏။
ရိပ်သာသုံးခုလုံးမှာ ပဋိပတ္တိ သာသနာပြုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နေသည်ကို မိမိကိုယ်တိုင် လေ့လာ တွေ့ရှိရ၏။
သို့ဖြစ်၍ ဆရာတော်၏ သာသနာပြုလုပ်ငန်း အရည်အချင်းများကို အထူးပင် ကြည်ညိုလေးစားမိပါ၏။

သာယာကုန်းဆရာတော်သည် စာရေးသူနှင့် ရင်းနှီးသော ဓမ္မမိတ်ဆွေ ဆရာတော်တစ်ပါး ဖြစ်သည်။
မိမိတို့ နှစ်ပါးလုံးပင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးထံမှာ တရားအားထုတ်ခဲ့ကြသော ပဋိပတ္တိတပည့်များ ဖြစ်ကြသောကြောင့် ဓမ္မမိတ်ဆွေများဟု ဆိုခြင်း ဖြစ်သည်။

မိမိသည် ၁၉၉၀ ခုနှစ်လောက်မှာ ဆရာတော်နှင့် စတင် သိရှိခွင့် ရခဲ့၏။
ဆရာတော်သည် ထိုအချိန်၌ ရန်ကုန်မြို့ မဟာစည်ရိပ်သာကြီးတွင် နာယကဆရာတော်တစ်ပါးအဖြစ် တာဝန်ယူနေ၏။
မိမိသည် အမေရိကန်မှ မြန်မာပြည်သို့ ပြန်သောအခါမှာ မဟာစည်ရိပ်သာကြီး၌ တည်းခိုသဖြင့် ဆရာတော်နှင့် သိရှိ ရင်းနှီးခွင့် ရခြင်း ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုသည် ဘဝခရီးမှာ အထောက်အကူ များစွာ ဖြစ်နိုင်သောကြောင့် ဆရာတော်နှင့် ရင်းနှီးခဲ့ခြင်းအကြောင်းများကို အနည်းငယ် ပြောပြချင်ပါသည်။

ရပ်ဆွေရပ်မျိုး ဖြစ်ခြင်းသည် ရင်းနှီးခြင်း အကြောင်းတစ်ခု ဖြစ်၏။
ဆရာတော်သည် ပခုက္ကူမြို့နယ်၊ မြိုင်မြို့အနီး ရွာကလေးတစ်ရွာဇာတိ ရွှေညာသား ဖြစ်၏။
မိမိသည် မြောင်းမြဇာတိ၊ အောက်သားဖြစ်သော်လည်း မိမိ၏ မိဘများသည် ပခုက္ကူမြို့နယ်၊ ပေါက်မြို့၊ စဖဲရွာဇာတိ အညာသူအညာသားများ ဖြစ်ကြ၏။
ဤကဲ့သို့ အညာသားမျိုးနွယ်ချင်း တူညီမှုသည် ရင်းနှီးခြင်း အကြောင်းတစ်ခု ဖြစ်၏။

လူတစ်ယောက်၏ ခင်မင် မြတ်နိုးစရာ စိတ်နေသဘောထားသည်လည်း ရင်းနှီး ခင်မင်စေခြင်း အကြောင်းတစ်ခု ဖြစ်၏။
ဆရာတော်သည် (လူအများ မုန်းစေသည့်) မာန်မာန နည်းပါးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
ဟန်ကြီးပန်ကြီးနှင့် နေသည်ကို မတွေ့ရပါ။ အားလုံးနှင့် ပြေလည်အောင် ဆက်ဆံ၏။
ပရိသညူ – ပရိသတ်သဘောကို နားလည်သူ ဖြစ်၏။
သူတပါးအား လိုအပ်သော အကူအညီကို တတ်နိုင်သမျှ အကူအညီ ပေးတတ်၏။
ဤအချက်များသည် ကြီးပွားလိုသူတို့၏ အရည်အချင်းကောင်းများ ဖြစ်၏။

မိမိသည် အမေရိကန်မှ မြန်မာပြည်သို့ ခေတ္တ ပြန်လာသောအခါ ဆရာတော်သည် သူ၏ ဆူဘရူ (Subaru) ကားကလေးကို လိုလျှင် ယူသုံးဖို့ မိမိအား ဖိတ်မံထား၏။
ထို့ကြောင့် ရန်ကုန်မြို့ထဲမှာ ကိစ္စရှိလျှင် မိမိအဖို့ သွားရေးလာရေး အဆင်ပြေလှ၏။

နောက်တစ်နှစ် ဇွန်လထဲမှာ ရန်ကုန်သို့ ရောက်ခဲ့ပြန်၏။
ရန်ကုန်မိုးနှင့် တိုးနေသဖြင့် ရိပ်သာထဲမှာ ကုတ်ပြီး အချိန်ဖြုန်းနေခဲ့ရ၏။
ထို့ကြောင့် မိုးနည်းသော အညာအရပ်ကို ခရီးထွက်ဖို့ စိတ်တွေ ဖြစ်နေခဲ့မိ၏။
“ဂမိကစိတ္တံ အနာဝရဏီယံ”ဟု ဆိုသည့်အတိုင်း ခရီးသွားချင်စိတ်ကို တားမရ ဖြစ်နေခဲ့၏။
ကားတစ်စင်း ငှားပြီး အညာဒေသကို လှည့်လည်ဖို့ စဉ်းစားနေခဲ့မိ၏။
ထိုအချိန်မှာ သာယာကုန်းဆရာတော်သည် မိမိအား ‘သူ၏ ကားကလေးကို ယူသွားလိုက ယူသွားပါ’ဟု ဖိတ်မံလာပြန်သဖြင့် ရေဆာနေတုန်း မိုးရွာသလို ဝမ်းသာသွား၏။
ဓာတ်ဆီဖိုး စိုက်ရုံပဲ ရှိသည်။ ကားငှားစရာ မလိုတော့ပါ။
တပည့် ရှမ်းဒကာလေးနှင့် မြေးကလေး မောင်မောင်ဦးတို့ နှစ်ယောက်က မိမိ၏ ပါရမီကို ကူညီ ဖြည့်သောအားဖြင့် ကားမောင်းပြီး လိုက်ပို့ပေးခဲ့ကြ၏။
သို့ဖြစ်၍ မိုးရာသီအချိန်မှာ အညာဒေသ သဘာဝအလှကို တစ်သက် မမေ့လောက်အောင်ပင် တွေ့ကြုံ ခံစားခဲ့ရ၏။
မိုးရာသီမှာ အညာဒေသ၌ မိုးသင့်ရုံ ရွာသည်။ အောက်ပြည်ဒေသလို မိုးသည်းထန်စွာ မရွာပါ။
နှမ်းခင်း၊ ပြောင်းခင်း၊ ပဲခင်း စိုက်ပျိုးရေးသီးနှံများဖြင့် စိမ်းလန်း စိုပြေနေသည်။
အညာဒေသ၏ သဘာဝအလှကား သာတောင့်သာယာ ရှိလှပါ၏။

သာယာကုန်းဆရာတော်သည် ပြည်တွင်း၌ သာသနာပြု အတွေ့အကြုံ ရှိပါ၏။
ပြည်ပသာသနာပြု အတွေ့အကြုံရှိလျှင် အမျိုး,ဘာသာ,သာသနာတော်အတွက် ပိုပြီး ဆောင်ရွက်နိုင်မည်ဟု မိမိအနေဖြင့် စေတနာဖြစ်မိပါသည်။
ထို့ကြောင့် အမေရိကန်ကို ကြွပြီး တရားဟော တရားပြလိုသော ဆန္ဒရှိလျှင် တပည့်တော် တတ်နိုင်သမျှ ကူညီပါမည်ဟု လျှောက်ထားခဲ့၏။
ဖြစ်နိုင်ရင်တော့ ကြွရောက်လိုပါသည်ဟု ပြောသဖြင့် မိမိ နယူးယောက် ပြန်ရောက်သောအခါ အမှုဆောင်ပုဂ္ဂိုလ်များနှင့် တိုင်ပင်ပြီး ဆရာတော်အား နယူးယောက်သို့ ပင့်ဖိတ်ရန် စီစဉ်ခဲ့ပါသည်။

၂၀၀၄ ခုနှစ်၌ မိမိ မြန်မာပြည်သို့ ခေတ္တ ပြန်လာပြီး၊ အပြန်ခရီးတွင် သာယာကုန်းဆရာတော်နှင့် ဒေးစွန်ပါဆရာတော် ဦးပညာဝရတို့ကို မိမိနှင့်အတူ အမေရိကန်သို့ ပင့်ဆောင်ခဲ့ပါသည်။
နှစ်ပါးလုံးပင် နယူးယောက် လောကချမ်းသာဘုရားကျောင်းမှာ ဝါဆိုကြသည်။
သာယာကုန်းဆရာတော်သည် ဝါတွင်းမှာ ပရိသတ်အား သတိပဋ္ဌာန်တရား ဟောကြား၍ ဝါကျွတ်သောအခါ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်၊ ဆီယာတဲလ်မြို့များရှိ မြန်မာကျောင်းများသို့ ကြွရောက်ကာ မြန်မာဒကာဒကာမများအား တရားဟော တရားပြသခဲ့ပါသည်။ အနောက်နိုင်ငံသား တရားနာသူများတော့ မရှိပါ။ အနောက်နိုင်ငံသားများကို စိတ်ဝင်စားအောင် အင်္ဂလိပ်လို ကိုယ်တိုင် ဟောနိုင်ရင်၊ ဒါမှမဟုတ် ဘာသာပြန်ကောင်းကောင်းနှင့် ဟောနိုင်ရင်တော့ တရားနာသူ တရားကျင့်သူများ ရှိနိုင်ပါသည်။
မိမိအနေဖြင့် ဆရာတော်အား ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ် ဖြစ်လာစေရန် ကူညီခြင်းပါ။
နိုင်ငံခြားမှာ အောင်မြင်စွာ သာသနာပြုလိုသော ပုဂ္ဂိုလ်များသည် မိမိတို့၏ အရည်အချင်းကို မြင့်လာအောင် ကြိုးစားသင့်ကြ၏။
ဓမ္မကို အလေးဂရုပြုသူများ၊ ဘာသန္တရစကားကို အသင့်အတင့် တတ်ကျွမ်းသူများ ဖြစ်အောင် ကြိုးစားဖို့တော့ လိုအပ်ပါ၏။

ဆရာကောင်းကို အမှီရပြီး ဆရာ့လမ်းစဉ်ကို လိုက်နာသူသည် ကြီးပွားတိုးတတ်၏။
သာယာကုန်းဆရာတော်သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးဟူသော ဆရာကောင်းကို အမှီရရှိပြီး ဆရာတော်ဘုရားကြီး၏ နည်းနာနိဿျဖြင့် သတိပဋ္ဌာန်တရားတော်ကို ကျင့်ကြံ ဟောကြား ပြသနေသောကြောင့်သာ သူ၏ဘဝ၌ အထိုက်အလျောက် တိုးတက် အောင်မြင်ရခြင်းပါ။
ကိုယ်ပိုင် အရည်အချင်းမျှလောက်ဖြင့် ယခုလို အောင်မြင်မှု မရနိုင်ပါဟု ပြောဆို ဝန်ခံလေ့ ရှိ၏။
မှန်ပါ၏။ “ဘုရားပင် အမှီရှိမှ ပွင့်နိုင်၏”ဟူသော စကားရှိသည် မဟုတ်ပါလော။
စာရေးသူကိုယ်တိုင်လည်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကို မှီရသောကြောင့် သာသနာတော်နှင့် ပတ်သက်ပြီး အထက်တန်းကျကျ သာသနာပြုနည်း ရရှိခဲ့ခြင်း ဖြစ်၏။

စိန်ရတုသဘင်

သာယာကုန်းဆရာတော်သည် သက်တော် (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စိန်ရတုပွဲ ကျင်းပရန် ပြင်ဆင်နေ၏။
သူ၏ ဇာတိရပ်မြေမှာ ဤစိန်ရတုပွဲကို ကျင်းပမည်ဟု ဆို၏။
မိမိအားလည်း ယင်းပွဲကြီးကို ပါဝင် ဆင်နွဲစေလို၏။
ဝမ်းသာပါ၏။
ကျန်းမာရေး အဆင်ပြေလျှင် တက်ရောက်ချင်ပါ၏။ အားပေးလိုပါ၏။
ဆရာတော်၏ စိန်ရတုပွဲ ကျင်းပနိုင်ခြင်းကိုလည်း ဂုဏ်ယူပါ၏။
အကြောင်းမှာ ဘဝခရီး၌ အတ္တဟိတ ပရဟိတ ကောင်းကျိုးများကို စွမ်းစွမ်းတမံ ဆောင်ရွက်သူများသာ ပြုလုပ်နိုင်သော ပွဲများ ဖြစ်သောကြောင့်ပါ။
မိမိကိုယ်တိုင် ဆရာသမားကောင်းထံ နည်းခံ၍ တရားကျင့်ခြင်းဟူသော အတ္တဟိတ၊ အများအတွက် တရားအားထုတ်နိုင်ရန် ရိပ်သာများ တည်ထောင် ဖွင့်လှစ်ပေးခြင်းဟူသော ပရဟိတ လုပ်ငန်းများသည် ဘုရားရှင် နှစ်သက်တော်မူသည့် သာသနာပြု ပရဟိတလုပ်ငန်းများ ဖြစ်ကြ၏။

ဒုလ္လဘတရားငါးပါး လင်္ကာဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်ပါ၏။

ဒုလ္လဘတရား (၅)ပါး
ဗုဒ္ဓပွင့်ရာ၊ ခေတ်အခါ၌
လူလာဖြစ်ရ၊ ရခဲစွရှင့်။
ဗုဒ္ဓသာသနာ၊ ယုံကြည်တာလည်း
မှန်စွာမလွဲ၊ လွန်ရခဲ၏။
ဖန်ဝါသင်္ကန်း၊ ဝတ်ဆင်မြန်းသည့်
ရဟန်းဘဝ၊ ရခဲလှပေ။
တထွေသူမြတ်၊ ဟောကြားအပ်ထ
သဒ္ဓမ္မကို၊ နာရခဲစွ
မမေ့ကြနှင့်၊ ဗုဒ္ဓဆုံးမ နေ့စဉ်တည်း။

လောကချမ်းသာ အရှင်ဣန္ဒက
(နယူးယောက်)

Leave a Reply