ကမ္မဋ္ဌာန်းပိုင်း (၃)

ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိ
ပထဝီကသိဏ၊ စွမ်းဗလကြောင့်
ဧက ဗဟု၊ ဗဟု ဧက
စသည်ဖြစ်ချင်
ကောင်းကင်ရေတွင်း၊ မြေဖန်ဆင်း၍
သွားခြင်းထိုင်လျောင်း
ရကောင်း အဘိပါ၊ စစွာသဘော
ပြီးကြောင်း ဟော၏။

ပထဝီကသိုဏ်း၏ အစွမ်းသတ္တိ အကျိုးများမှာ တစ်ယောက်တည်းကနေ အများဖြစ်အောင် ဖန်ဆင်းခြင်း၊ အများကနေ တစ်ယောက်ဖြစ်အောင် ဖန်ဆင်းခြင်း၊ ကောင်းကင်ပေါ်၌ မြေကြီး, ရေထဲ၌ မြေကြီး ဖန်ဆင်းပြီး သွား,ထိုင်,ရပ်နိုင်ခြင်းတို့ကို နိုင်နိုင်နင်းနင်း ပွားများ ပြုလုပ်နိုင်၏။

အာပေါစွမ်းအင်၊ မြေတွင်ပေါ်လျှိုး
မိုးသမုဒ်မြစ်၊ ဖြစ်စေဖောင်ဖောင်
မြေတောင်ပြာသာဒ်၊ လှုပ်လတ်စေမော
ရေလျှံပြော၏။

အာပေါကသိုဏ်းဝင်စားပြီး မြေတွင် လျှိုးဝင်နိုင်ခြင်း၊ မိုးဖန်ဆင်းနိုင်ခြင်း၊ မြစ်ကြီးဖန်ဆင်းနိုင်ခြင်း၊ သမုဒ္ဒရာဖန်ဆင်းနိုင်ခြင်း၊ မြေကြီး, တောင်, ပြာသာဒ်တို့ကို လှုပ်ရှားစေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်၏။

တေဇောလျှံခိုး၊ မီးကျဉ်းမိုးတည့်
သူ့တန်ခိုးကို၊ နှိမ်ချိုးနိုင်လေ
ဝတ္ထုတွေတွင်၊ လောင်ချင်စေရာ
ဒိဗ္ဗာစက္ခု၊ အလင်းပြုလတ်
တေဇောဓာတ်လောင်၊ မိုက်မှောင်ပယ်လျော

တေဇောကသိုဏ်းဝင်စားပြီး မီးကျည်းမိုးရွာအောင် အလျှံအခိုးများ ဖြစ်ပေါ်အောင် ဖန်ဆင်းနိုင်၏။ တစ်ဖက်သား၏ တန်ခိုးကို ချိုးနှိမ်နိုင်၏။ ပစ္စည်းအမျိုးမျိုးရှိသည်အနက် လောင်စေချင်သော ပစ္စည်းကို မီးလောင်အောင် ပြုလုပ်နိုင်၏။ ဒိဗ္ဗစက္ခုအဘိညာဏ်အတွက် အလင်းရောင်ဖြစ်အောင် ဖန်ဆင်းနိုင်၏။ သေပြီး ကျန်ရစ်သော ရုပ်အလောင်းကို အလိုလို မီးလောင်စေနိုင်၏။ အမိုက်တိုက်ကို ပယ်နိုင်၏။

ဝါယောစွမ်းမှာ၊ လျင်စွာလေမျှ
မုန်တိုင်းထစေ၊ ရောက်လေလိုရာ

ဝါယောကသိုဏ်း၏ အစွမ်းဖြင့် လေတိုက်အောင်၊ မုန်တိုင်းဖြစ်အောင်၊ လိုရာရောက်အောင် ပြုလုပ်နိုင်၏။

နီလာကသိုဏ်း၊ ညိုမှိုင်းအဆင်း
မိုက်စေခြင်းတည့်
အဘိဘာယတန၊ သုဘဝိမောက္ခာ
ရလေရာ၏

နီလကသိုဏ်းဖြင့် အမှိုက်မှောင်ကြီးကို ဖြစ်စေနိုင်၏။ အားကောင်းသော ဈာန်များကိုလည်း ရစေနိုင်၏။

ပီတာ ရွှေဆင်း၊ ရွှေဖန်ဆင်း၏
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

ပီတကသိုဏ်းဖြင့် အဝါရောင်, ရွှေရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

လောဟိတစွမ်းအင်၊ နီလွင်ဖန်ဆင်း
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

လောဟိတကသိုဏ်းဝင်စားပြီး အနီရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

သြဒါတမူ၊ ဖြူရောင်ဖန်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အလင်း
ပြုခြင်းစွမ်းထ

သြဒါတကသိုဏ်းဖြင့် အဖြူရောင် ဖန်ဆင်းနိုင်၏။ အိပ်ချင်မှုကို, အမှောင် ပယ်ဖျောက်နိုင်၏။ ဒိဗ္ဗစက္ခု ရှုရန် အလင်းရောင် ဖြစ်ေ၏။

အာလောကလည်း၊ တောက်ပရောင်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အထင်း
ပြုခြင်းစွမ်းထ

အာလောကကသိုဏ်းမှာ သြဒါတနှင့် ဆင်၏။ အရောင်အဆင်း ဖန်ဆင်းနိုင်၏။ ဒိဗ္ဗစက္ခုအတွက် အလင်းရောင် ဖြစ်စေ၏။

အာကာသဝယ်၊ ပိတ်ကွယ်ခွာဟင်း
ရေမြေတွင်း၌၊ ဖန်ဆင်းကောင်းကင်
ပြုပြင်ယာပိုတ်၊ မခိုက်မငြိ
တိလောကုတ္တ၊ စသည်ကွယ်ခြား
သွားနိုင်ငြားသည်၊ ဆယ်ပါး ကသိုဏ်းသတ္တိတည်း။

အာကာသကသိုဏ်းဖြင့် မြေကြီးထဲလျှိုးပြီး စင်္ကြန်လျှောက်နိုင်၏။ အာကာသထဲ, ရေထဲ နေရာဖန်ဆင်းပြီး လမ်းလျှောက်နိုင်၏။ နံရံထဲ နေရာကွက်လပ်ဖန်ဆင်းပြီး ဖြတ်သွားနိုင်၏။

ဤကား ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိများ ဖြစ်၏။

+++++

ကာယဂတာသတိအားထုတ်နည်း

ကာယဂတာသတိမှာ ဆံပင်စသော ၃၂-ပါးသော ကောဋ္ဌာသကို အဆင်းအားဖြင့် ရွံဖွယ်၊ အနံ့အားဖြင့် ရွံဖွယ်၊ သဏ္ဍာန်အားဖြင့် ရွံဖွယ်ဟု အမျိုးမျိုး ရွံဖွယ် မြင်အောင် ရှုမှတ်ခြင်း ဖြစ်၏။

၃၂-ကောဋ္ဌာသကို အုပ်စုများ ခွဲထား၏။

တစပဉ္စက
ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။
ဝက္ကပဉ္စက
မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ။
ပပ္ဖါသပဉ္စက
ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ။
မတ္ထလုင်္ဂံပဉ္စက
အန္တ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ။
မေဒဆက္က
ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ။
မုတ္တဆက္က
အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တံ။

စာ၌ လာရှိသည်မှာ ဤ ၃၂-ကောဋ္ဌာသကို ပထမ ပါးစပ်ဖြင့်(နှုတ်ဖြင့်) ရွတ်ဆိုရ၏။
ထိုနောက် စိတ်ဖြင့် ရွတ်ဆိုရ၏။
ထိုနောက် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း ရွံဖွယ်ဖြစ်အောင် ရှုရ၏။

ရွတ်နည်း

ပထမ ၅-ရက်၌ အနုလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော”ဟု မပြတ် ရွတ်ရ၏။

ဒုတိယ ၅-ရက်၌ ပဋိလုံအားဖြင့် “တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ရ၏။

နောက် ၅-ရက်၌ အနုလုံပဋိလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ဆိုရ၏။

ပထမအုပ်စုအတွက် ၁၅-ရက် ကြာ၏။

ထိုနောက် ဝက္ကပဉ္စကအတွက် အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။
ထိုနောက် တစပဉ္စကနှင့် ဝက္ကပဉ္စက ၂-ခုပေါင်း “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရုံ၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ” ၁၀-ပါးကို အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် ပပ္ဖါသာပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက ၃-ခုပေါင်း ၁၅-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မတ္ထလုင်္ဂံပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက ၄-ခုပေါင်း ၂၀-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မေဒဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က ၅-ခုပေါင်း ၂၆-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မုတ္တဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က၊ မုတ္တဆက္က ၆-ခုပေါင်း ၃၂-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ဤသို့ နှုတ်အားဖြင့် ၅-လခွဲ ရွတ်ဆိုရကြောင်း သမ္မောအဋ္ဌကထာ၌ ပြဆိုထား၏။
ထိုနောက် ဤနည်းအတိုင်း စိတ်နှင့် ရွတ်ဆိုရပြန်၏။
ပြီးမှ အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း၊ အရပ်ဒေသအားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း ရွံဖွယ်ကို ရှုရ၏။

+++++

ဝိပဿနာကမ္မဋ္ဌာန်း

ဝိပဿနာကမ္မဋ္ဌာန်း၌ ဝိသုဒ္ဓိ ၇-ပါး၊ လက္ခဏာ ၃-ပါး၊ အနုပဿနာ ၃-ပါး၊ ဉာဏ် ၁၀-ပါး၊ ဝိမောက္ခ ၃-ပါး၊ ဝိမောက္ခမုခ ၃-ပါးဟု လာရှိ၏။

ဝိသုဒ္ဓိ ၇-ပါး

ဝိပဿနာအားထုတ်ရာတွင် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

ဝိသုဒ္ဓိ ၇-ပါးမှာ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိ ဟူ၍ ဖြစ်၏။

(၁) သီလဝိသုဒ္ဓိ

သီလဝိသုဒ္ဓိဆိုသည်မှာ သီလစင်ကြယ်ခြင်း ဖြစ်၏။
ရဟန်းတို့၌ စတုပါရိသုဒ္ဓိသီလ၊ လူတို့၌ ၅-ပါး, ၈-ပါး, ၁၀-ပါး သီလ စင်ကြယ်အောင် စောင့်ထိန်းရ၏။

(၂) စိတ္တဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိမှာ စိတ်၏ စင်ကြယ်မှုကို ဆို၏။
စိတ်၏ စင်ကြယ်မှု ဆိုသည်မှာလည်း ဥပစာရသမာဓိ(ကသိုဏ်းနိမိတ် စိတ်ထဲ မြင်လာချိန်)၊ အပ္ပနာသမာဓိ(ဈာန်သမာဓိ)ဖြစ်ခြင်းကို ခေါ်၏။

ဝိပဿနာယာနိကဖြင့် တရားအားထုတ်သူတို့အတွက် ခဏိကသမာဓိသည် ဥပစာရသမာဓိနှင့် အလားတူ၏။
ဥပစာရသမာဓိသည် နီဝရဏတို့၏ တုန်လှုပ်ချောက်ချားမှုကို ခံနိုင်ရည် ရှိ၏။ ခိုင်မြဲ၏။ ထို့အတူ ဝိပဿနာခဏိကသမာဓိသည်လည်း ခိုင်မြဲ၏။ ထိုကဲ့သို့ ဝိပဿနာခဏိကသမာဓိဖြစ်က ဝိပဿနာမှာ စိတ္တဝိသုဒ္ဓိဖြစ်ပြီဟု ဆိုရ၏။

(၃) ဒိဋ္ဌိဝိသုဒ္ဓိ

မှားသော အယူများ၏ စင်ကြယ်ခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်၏။

မှားသောအယူဆိုသည်မှာ အတ္တရှိသည်ဟု ယူခြင်းမျိုး၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျားမိန်းမရှိသည်ဟု ယူခြင်းမျိုး၊ မြဲသည်ဟု ယူခြင်းမျိုး စသည် ဖြစ်၏။

ပရမတ္ထတရားတို့ကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့အားဖြင့် သိရ၏။

လက္ခဏာ = အမှတ်အသား
ရသ = ပြုလုပ်သောကိစ္စ၊ အကြောင်းစုံညီ၍ ဖြစ်ပုံ
ပစ္စုပဋ္ဌာန် = ဉာဏ်ထဲပေါ်လာသော အခြင်းအရာ
ပဒဋ္ဌာန် = နီးစွာသော အကြောင်း

သမာဓိအရှိန်ရလာပြီး စိတ္တဝိသုဒ္ဓိဖြစ်လာပြီးနောက် မှတ်စရာ အာရုံများကို ရှုမှတ် ရှုမှတ်သောအခါ အမှတ်ခံအာရုံ၏ သဘောတရား၊ လက္ခဏာ သို့မဟုတ် ရသ သို့မဟုတ် ပစ္စုပဋ္ဌာန်ကို အလိုလို မြင်လာ သိလာ၏။

မဟာစည်ဆရာတော်ဘုရားကြီးက လျှပ်စီးလက်သောအခါကို မြင်လိုက်ခြင်းဖြင့် ဥပမာပေး၏။
လျှပ်စီး၏ လက္ခဏာ=လင်းသွားခြင်း၊ ရသ=အမှောင်ဖျောက်ခြင်း၊ ပစ္စုပဋ္ဌာန်=ဖြောင့်ဖြောင့် သို့မဟုတ် ကောက်ကောက် မြင်လိုက်ရသော ပုံသဏ္ဍာန် အခြင်းအရာ စသည်ကို မေးမြန်းလျှင် သိချင်မှ သိမည်ဖြစ်ပြီး၊ လျှပ်စီးလက်ခြင်းကိုသာ သိမည် ဖြစ်၏။
ထို့အတူ ရုပ်နာမ်တို့၏ ဖြစ်ပျက်သော အခိုက်အတန့်၊ ရုပ်နာမ်တို့၏ သဘောတရားကို မြင်သိ၏။

ဤဒိဋ္ဌိဝိသုဒ္ဓိ၌ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်၏။

(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ

နောက်ဘဝက ဖြစ်ဖူးသလား၊ ရှေ့ဘဝကော ဖြစ်ဦးမှာလား .. စသည့် ယုံမှားမှု ၁၆-မျိုး ကင်းသောအဖြစ်ဖြင့် စင်ကြယ်ခြင်းကို ကင်္ခါဝိတရဏဝိသုဒ္ဓိဟု ခေါ်၏။

ရုပ်နာမ်တို့ကို ခွဲခြား မြင်လာပြီးနောက် ရုပ်နာမ်တို့၏ ဖြစ်ခြင်းအကြောင်းကိုပါ မြင်လာ၏။ မြင်စရာအာရုံ၊ မျက်စိ စသည်ကြောင့် မြင်ခြင်းဖြစ်ကြောင်း သိလာ၏။ မှတ်စရာအာရုံ ရှိ၍ မှတ်သိသော စိတ်ဖြစ်ကြောင်း သိလာ၏။ အကြောင်းအကျိုး ဆက်သွယ်မှုကို သိမြင်လာ၏။ “ငါ .. ဒီဘဝမှာ ရှိနေခြင်းသည် နောက်က အကြောင်းတစ်ခု ရှိခဲ့၍သာ ဖြစ်၏။ မဂ်ဖိုလ်မရသေးသမျှ ဘဝများစွာ ဆက်နေရဦးမည်”ဟု အကြောင်းအကျိုး ဆက်စပ်ပြီး မြင်လာ၏။ ယုံမှားမှုတို့ ကင်းကုန်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်က သောတာပန်အငယ်စား (စူဠသောတာပန်)ဟု ခေါ်၏။
ကင်္ခါဝိတရဏဝိသုဒ္ဓိအဆင့်သို့ ရောက်ပြီး ထိုအဆင့်မှ ပြန်မလျောကျဘဲ တရားအားထုတ်မြဲ တရားအားထုတ်ပြီး သေလျှင် အပါယ်သို့မကျ ဂတိမြဲ၏ ဆို၏။

ဤကင်္ခါဝိတရဏဝိသုဒ္ဓိကို ဝိပဿနာဉာဏ်အားဖြင့် ပစ္စယပဋိဂ္ဂဟဉာဏ်(အကြောင်းအကျိုးဆက်စပ်မှုကို ရှုဆင်ခြင် သိမြင်သောဉာဏ်)ဟု ခေါ်၏။

(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

အကြောင်းအကျိုး ဆက်စပ်မှုကို သိမြင်လာပြီးနောက် ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိမြင်သောဉာဏ် ပေါ်၏။

ရုပ်နာမ်တို့၏ ဖြစ်ပြီးပျောက်သွားခြင်း အနိစ္စ၊ ဖြစ်ပျက်နှိပ်စက်မှုကို ခံရ၍ ဆင်းရဲခြင်း ဒုက္ခ၊ အတ္တမဟုတ် အနှစ်သာရမရှိ အလိုမလိုက်သော အနတ္တတို့ကို သိမြင်လာတော့၏။

ရုပ်ရှုရှု နာမ်ရှုရှု အနိစ္စ, ဒုက္ခ, အနတ္တသဘောတရားကို သိမြင်လာ၏။ ဤဉာဏ်ကို သမ္မသနဉာဏ်(ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသော ဉာဏ်)ဟု ခေါ်၏။

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ သြဘာသ, ပီတိ စသည့် ဝိပဿနာ၏ အညစ်အကြေးများ ဖြစ်ပေါ်လာတတ်ပြီး မဂ်ရပြီဟု အထင်မှားမှု ဖြစ်တတ်၏။

ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟု ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

အဘိဓမ္မာသင်တန်းပြီးနောက် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ်ရာ အရှင်ဝိမလက “ဂင်္ဂါလို စိတ်ထား”တရားတော်ကို ဟောကြား ချီးမြှင့်၏။

+++++

Leave a Reply