အဘိဓမ္မာသင်တန်း – မိတ်ဆက်နိဒါန်း


အဘိဓမ္မာသင်တန်း မိတ်ဆက်နိဒါန်းတွင် –

(၁) ဘုရားရှင် ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သော တရားတော်မြတ်များကို သံဃာတော်အရှင်မြတ်တို့က မည်ကဲ့သို့ မှတ်တမ်းတင် ထိန်းသိမ်းလာခဲ့ကြပုံ။
(၂) ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်အကြောင်း။
(၃) အဘိဓမ္မာအကြောင်း။
(၄) သုတ္တန်နှင့် အဘိဓမ္မာ ကွဲပြားပုံ။
(၅) အဘိဓမ္မာတတ်ဖို့ လိုအပ် မလိုအပ်။
(၆) အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များ။
(၇) မြန်မာနိုင်ငံနှင့် အဘိဓမ္မာ။
(၈) အနောက်နိုင်ငံနှင့် အဘိဓမ္မာ။
(၉) ဝိသုဒ္ဓိမဂ်နှင့် အဘိဓမ္မာအကြောင်းနှင့်
(၁၀) ကိုယ့်ခန္ဓာနှင့် အဘိဓမ္မာအကြောင်းတို့ကို လေ့လာ မှတ်သား နာယူကြရ၏။

+++++

(၁)

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး (၃)လကျော်ကျော် ရှိသောအခါ အရှင်မဟာကဿပအမှူးရှိသော ရဟန္တာငါးရာတို့ စုဝေးကြ၍ မြတ်စွာဘုရားဟောတော်မူသော တရားတော်များကို စုဆောင်း စိစစ်ကြကာ မြတ်စွာဘုရားဟောတော်မူသည့် တရားစစ်မှန်သည်ဟု ကျေနပ် လက်ခံကြသည့်အတွက် ‘သံ’-အတူတကွ စုပေါင်း၍ ‘ဂါယနာ’-ရွတ်ဆိုတော်မူကြသည်။ ဤကား ပထမ သံဂါယနာ တည်း။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး အနှစ် ၁၀၀ ကြာသောအခါ ရဟန္တာ ၇၀၀ စုပေါင်း၍ ပထမအကြိမ် စုပေါင်း ရွတ်ဆိုတော်မူခဲ့ကြသော တရားတော်မြတ်များကို ထပ်မံ လက်ခံ အတည်ပြု စုပေါင်း ရွတ်ဆိုတော်မူကြသည်။ ဒုတိယ သံဂါယနာ တည်း။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ် ၂၃၀ ခန့် အသောကမင်းတရားကြီး လက်ထက်တွင် မြတ်စွာဘုရား ဟောကြားသည့် တရားတော်မြတ်များကို တတိယအကြိမ် သံဂါယနာတင် ထပ်မံ အတည်ပြုကြသည်။ တတိယသံဂါယနာတင်အပြီး ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုများ စေလွှတ်ခဲ့ရာမှ အထူးအားဖြင့် သီဟိုဠ်ကျွန်းတစ်ခုလုံး ဗုဒ္ဓဘာသာ ပျံ့နှံ့သွားခဲ့သည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး အနှစ် ၄၅၀ ခန့်တွင် သီဟိုဠ်၌ ခိုးသူဘေး သူပုန်ဘေးကြောင့် ၁၂-နှစ်တိုင် နိုင်ငံမငြိမ်းအေးဖြစ်ရာ ရဟန်းတော်အချို့ အိန္ဒိယသို့ ပြေးကြရသည်။ ဘေးကြီးငြိမ်း၍ အိန္ဒိယသို့ တိမ်းရှောင်သွားကြသော ရဟန်းတော်များ ပြန်လာရာ သီဟိုဠ်ကျွန်းတွင် ကျန်ရစ်သော ရဟန်းတို့က – “ငါ့ရှင်တို့ .. သင်တို့ကတော့ ဟိုဘက်မှာ ချမ်းချမ်းသာသာ နေရ ထိုင်ရတယ်၊ အဲဒီတော့ ငါ့ရှင်တို့ကတော့ ပိဋကတ်တော်တွေကို မှန်မှန်ကန်ကန်ပဲ ဆောင်ထားကြမယ်၊ ငါတို့ကတော့ ဒီဘက်မှာ ဆင်းဆင်းရဲရဲ နေရတာဆိုတော့ မတော်တဆ ချွတ်ယွင်းတာတွေ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ အဲဒီတော့ သင်တို့ဆောင်ထားတာနဲ့ ငါတို့ ဆောင်ထားတာ တိုက်ဆိုင်ကြည့်ရအောင်” ဟု ဆို၍ တိုက်ဆိုင်ကြည့်ကြရာ တသွေမတိမ်း တူညီနေသည်ကို တွေ့ကြရ၏။ နောင် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သူ ရှားပါးက သာသနာပျောက်ကွယ်မည်ကို စိုး၍ ပေထက် အက္ခရာတင်ခဲ့ကြသည်။ ဤသို့ ပိဋကတ်သုံးပုံ ပေထက် အက္ခရာတင်ခဲ့ကြသည်ကို ကျမ်းဂန်တို့၌ စတုတ္ထသံဂါယနာဟု သေသေချာချာ မရှိသော်လည်း အများက စတုတ္ထ သံဂါယနာဟု အသိအမှတ် ပြုကြသည်။

မြန်မာနိုင်ငံ မန္တလေးမြို့တည် နည်းတည် မင်းတုန်းမင်းကြီးလက်ထက်တွင် ပဉ္စမ သံဂါယနာတင်၍ ပိဋကတ်သုံးပုံကို ကျောက်ထက် အက္ခရာတင်ခဲ့ကြသည်။ ကျောက်ချပ်ပေါင်း ၇၂၉ ချပ် ရှိ၏။

၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသံဂါယနာတင်ကာ ပိဋကတ်သုံးပုံကို ကျမ်းစာအုပ်များ ရိုက်နှိပ်ခဲ့သည်။ ကမ္ဘာတွင် အကောင်းဆုံးသော ပါဠိစံမူအဖြစ် အသိအမှတ် ပြုထားရ၏။

ထို့ကြောင့် ယနေ့တိုင် တွေ့ရှိနေရသည့် ပိဋကတ်တော်များသည် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားထားခဲ့သော ပိဋကတ်တော်များ ဖြစ်သည်။

(၂) ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်

မြတ်စွာဘုရား သင်ကြား ဟောကြားသော တရားတော်များကို ရဟန်း၊ သာမဏေ၊ ရဟန်းမိန်းမ (ဘိက္ခုနီ)တို့ လိုက်နာရန် ဝိနည်းပိဋကတ်၊ ရဟန်း သာမဏေ လူပုဂ္ဂိုလ်များ အပါအဝင် အများနားလည်အောင် သင်ကြား ဟောကြားတော်မူသော သုတ္တန်ပိဋကတ်၊ သင်ကြား ဟောကြားပုံ လွန်ကဲ ထူးခြားသော အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်အားဖြင့် သုံးပုံ သုံးမျိုး၊

နောက်တနည်းအားဖြင့် –
(က) ရှည်လျားသော တရားတော်များကို ပေါင်းစည်းထားသည့် ဒီဃနိကာယ်
(ခ) မတိုမရှည် အလယ်အလတ် တရားတော်များကို ပေါင်းစည်းထားသည့် မဇ္ဈိမနိကာယ်
(ဂ) တိုသော တရားတော်များကို ပေါင်းစည်းထားသည့် သံယုတ္တနိကာယ်
(ဃ) တစ်ခုအစု တရား၊ နှစ်ခုအစု တရား၊ သုံးခုအစု တရား စသည် .. ၁၁ ခုတိုင်အောင် တစ်ဆင့် တစ်ဆင့် အထက်တက်သွားသည့် တရားတော်များကို စုပေါင်းထားသည့် အင်္ဂုတ္တရနိကာယ်
(င) ငယ်သော တရားတော်များနှင့် အထက်ဆိုခဲ့ပြီး နိကာယ် ၄-ခုတွင် မပါသော တရားတော်များကို ပေါင်းစည်းထားသည့် ခုဒ္ဒကနိကာယ် ဟူ၍ နိကာယ်အားဖြင့် ငါးရပ် ငါးခု ခွဲခြား၏။

(၃) အဘိဓမ္မာ

အဘိ – လွန်ကဲသော၊ ထူးမြတ်သော
ဓမ္မ – တရား
အဘိဓမ္မာ – သင်ကြား ဟောကြားပုံ လွန်ကဲ ထူးမြတ်သော တရား

(၄) သုတ္တန်နှင့် အဘိဓမ္မာ ကွာခြားချက်

သုတ္တန်ကို မြတ်စွာဘုရားက သမုတိ ပညတ်ဟု ခေါ်သော လူများ သုံးနှုန်းနေသော နေ့စဉ်သုံး စကားလုံးများဖြင့် ဟောကြား၏။

အဘိဓမ္မာကိုမူ ပရမတ္ထသစ္စာ အသုံးအနှုန်းများ – ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ စိတ်၊ စေတသိက် စသည်ဖြင့် အသုံးပြု ဟောကြား၏။

(၅) အဘိဓမ္မာ တတ်ဖို့ လိုအပ် မလိုအပ်

သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်မျက်မှောက်ပြုရန် တရားထူးရရန် တရားအားထုတ်ရာ၌ အဘိဓမ္မာ မတတ်သော်လည်း ဆရာသမားထံ နည်းခံ အားထုတ်နိုင်၏။ အဘိဓမ္မာ အများကြီးတတ်ရန် မလိုအပ်သော်လည်း တတ်လျှင် ပိုကောင်း၏။

မြတ်စွာဘုရား သင်ကြား ဟောကြားတော်မူသော တရားတော်များကို ကျကျနန ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် နားလည်နိုင်ရန်အတွက်မူ အဘိဓမ္မာတတ်မြောက်ရန် လိုအပ်၏။

(၆) အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များ

အဘိဓမ္မတ္ထသင်္ဂဟ ခေါ် သင်္ဂြိုဟ်ကျမ်းဟာ အဘိဓမ္မာတတ်လိုသူတွေအတွက် ပါဠိလို အလွတ်ကျက်ရတဲ့ ကျမ်း ဖြစ်တယ်။
အဲဒီကျမ်းကို အင်္ဂလိပ်လို ပထမဆုံး ဦးရွှေအောင်က “A Compendium of Philosophy” လို့ ဘာသာပြန်တယ်။ ဒုတိယက အိန္ဒိယက ဂျီကပ်ရျပ်ဆိုတဲ့ ဘုန်းကြီးတစ်ပါး ပြန်တယ်။ တတိယက သီဟိုဠ်ဆရာတော် အရှင်နာရဒ ပြန်တယ်။ အင်္ဂလိပ်ဘာသာပြန် သုံးခု ရှိတယ်။

(၇) မြန်မာနိုင်ငံနှင့် အဘိဓမ္မာ

အဘိဓမ္မာနှင့်ပတ်သက်၍ မြန်မာပြည်သည် နံပတ်တစ် ဖြစ်၏။ သီဟိုဠ်၊ ယိုးဒယားတို့မှာ မြန်မာပြည်လောက် အဘိဓမ္မာ မထွန်းကားပေ။ မြန်မာပြည်၌ အဘိဓမ္မာအထွန်းကားဆုံး ဖြစ်သည်။ မြန်မာပြည်တွင် ကိုရင်ဖြစ်သည်နှင့် အဘိဓမ္မာကို သင်ယူရလေ့ရှိ၏။

မြန်မာပြည်တွင် ညဝါ ခေါ် နေ့မှာ ကျက်မှတ်၍ ညကျမှ ဆရာ့ဆီ သွားရောက်ကာ စာလိုက်ရသော နည်းရှိ၏။ နေ့မှာ ကျက်မှတ်ပြီး မီးမထွန်းသော ညအမှောင်ထဲ၌ အလွတ်ပြန်ရ၏။ မှားလျှင် ဆရာက ပြင်ပေးပြီး အဓိပ္ပာယ်ပြောပြသည်။ ညဝါကြောင့် အဘိဓမ္မာကို ကျေကျေညက်ညက် နားလည်ကြရပြီး အထူး အကျိုးကျေးဇူး များ၏။

(၈) အနောက်နိုင်ငံနှင့် အဘိဓမ္မာ

အဘိဓမ္မာကို ဆရာနှင့် သင်မှ တတ်မြောက်နိုင်ပြီး၊ အနောက်နိုင်ငံသားတို့ စိတ်ဝင်စား နားလည်အောင် ရေးသားထားသော စာအုပ်များ မရှိသလောက်ဖြစ်၍ အနောက်နိုင်ငံသားများအနေဖြင့် အဘိဓမ္မာကို အမှန်တကယ် နားမလည်ကြပေ။

(၉) ဝိသုဒ္ဓိမဂ်နှင့် အဘိဓမ္မာ

“ပြီးတော့ အထူးသဖြင့် ဒီအမေရိကန်နိုင်ငံမှာက တရားထိုင်လေ့ရှိတော့ တရားထိုင်တဲ့လူဟာ ဘာစာအုပ် ဖတ်ရမလဲ၊ ဝိသုဒ္ဓိမဂ် ဖတ်ရမယ်။ ဝိသုဒ္ဓိမဂ်ကို လက်ကိုင်ပြုရမယ်။ ဒီစာအုပ်က ဘုန်းကြီးတွေအတွက် ရေးထားတာ။ အဲဒီ ဝိသုဒ္ဓိမဂ်ကို မင်းတို့ အဘိဓမ္မာမတတ်ဘဲနဲ့ ဖတ်လို့ မဖြစ်ဘူး။ မင်းတို့ နားမလည်နိုင်တာ အများကြီး ရှိတယ်။

ဒီတစ်ခေါက် မက်ဆာချူးဆက်သွားတုန်းက အဘိဓမ္မာအကြောင်း မဟောခင် စာပိုဒ်တစ်ခုကို ဖတ်ပြလိုက်တယ်။ …. မင်းတို့ သေချာ နားထောင်နော်၊ ငါဖတ်ပြမယ် ….၊ ဝိသုဒ္ဓိမဂ်ထဲက ဖတ်တယ်။ …. မင်းတို့ နားလည်လား, မလည်လား မှတ်ထား …. လို့။ အသာလေးထားခဲ့တယ်။ ပြီးတော့မှ အဘိဓမ္မာအကြောင်း ဟောတယ်။ အဘိဓမ္မာသင်တန်း လေးခုပေးပြီးတဲ့နောက်ကျမှ အဲဒီစာပိုဒ် ပြန်ဖတ်မယ်ဆိုပြီးတော့ ပြန်ဖတ်တယ်။ အဲဒီကျတော့ နားလည်ပါတယ်။ ပထမပိုင်းက နားမလည်ဘူး။ အဲဒီလို လက်တွေ့ ပြတော့ သူတို့လည်း အဘိဓမ္မာတန်ဖိုး သိလာတယ်။

တရားအားထုတ်တဲ့လူမှာ ဝိသုဒ္ဓိမဂ်က ရှောင်လို့ မရဘူး။ ကိုယ့်ဟာကိုယ် အေးအေး နေချင်တော့ ရတာပေါ့။ ဆရာလုပ်ချင်တဲ့သူတို့ ဒါမှမဟုတ် သူများကိုလည်း တဆင့် ပြောပြချင်တဲ့သူတို့ဆိုရင် ဝိသုဒ္ဓိမဂ်က အရေးကို ကြီးတယ်။
ဝိသုဒ္ဓိမဂ်က အလွန်ခက်တယ်။ မြန်မာလို ပြန်ထားတာလည်း ရှိပါတယ်။ ဖတ်ချင် ဖတ်ကြည့်။ သူတို့လည်း အင်္ဂလိပ်လို ပြန်ထားတာပဲ။ အင်္ဂလိပ်လို နားမလည်ဘူးတို့ ဘာတို့၊ တချို့နေရာတွေက အဘိဓမ္မာမပါဘဲနဲ့ နားမလည်နိုင်ဘူးလို့ ဆိုပြီးတော့၊ အခုတော့ သူတို့ တော်တော်လေးတော့ သဘောပေါက်ကြတယ်ပေါ့လေ။ တဖြည်းဖြည်းနဲ့ … ဒါပဲ .. ဦးဇင်းတော့ ကြိုးစားနေတာ။ ကိုယ်နဲ့ တွေ့တဲ့လူကတော့ အဘိဓမ္မာကို သဘောကျသွားပါပြီ။ အဘိဓမ္မာမပါဘဲနဲ့ ဗုဒ္ဓဘာသာကို တကယ် နားမလည်နိုင်ဘူးဆိုတာ သိပြီ။ ဒါကြောင့် ကိုယ့် ဒကာ ဒကာမတွေကိုလည်း သိစေချင်တယ်၊ တတ်စေချင်တယ်။ ကိုယ်က သူများတွေတော့ သင်ပေးနေပြီးတော့ သူတို့တွေက တတ်ကုန်ပြီဆိုတော့ ကိုယ့်ဒကာ ဒကာမတွေက ကျန်ရစ်နေမယ်။ ကိုယ့်မြန်မာတွေလဲ ဒီလိုပဲ ကြိုးစားပြီးတော့ တဆင့် ကိုယ်ကလည်း သူများကို ဖြန့်ရတာပေါ့။

(၁၀) ကိုယ့်ခန္ဓာထဲမှာ အဘိဓမ္မာ

အဘိဓမ္မာဆိုတာ စာအုပ်ထဲ သွားရှာရတာ မဟုတ်ဘူး။
ကိုယ့်ခန္ဓာကိုယ်မှာ ရှိတာ မသိကြလို့သာ။ အဲဒါကြောင့်မို့ ဒီမှာ သင်ရတာ ပိုပြီးတော့ ကောင်းတယ်။ တရားထိုင်တာနဲ့ အဘိဓမ္မာနဲ့ တွဲသွားတာ။ တရားထိုင်ထားရင် အဘိဓမ္မာကို ပိုသဘောပေါက်တယ်။ အဘိဓမ္မာကို နားလည်ထားရင် တရားထိုင်တော့လည်း ပိုကောင်းတယ်။ အဲဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။

တကယ် တရားထိုင်ရင် အဘိဓမ္မာသဘောတွေက တကယ့်ကို မြင်မြင်လာတယ်။ ကိုယ်ပိုင်အသိနဲ့ သိလာတယ်။ သာမည စာအုပ်ထဲမှာ ရှိတဲ့ဟာတွေ မဟုတ်ဘူး။ ကိုယ်က ပထမ သိထားတယ်။ တရားထိုင်လိုက်တဲ့အခါ တွေ့ကြုံလာတဲ့အခါကျတော့ ဒါ .. ငါစာထဲတွေ့တဲ့ဟာပါလားဆိုတာ တခါတည်း သိသွားတယ်။ သူများက ပြောနေစရာတောင် မလိုဘူး။ တရားထိုင်ရင် တွေ့လို့ သိတဲ့ အသိကျတော့ တကယ် သိတာ။ စာထဲ မှတ်သိတဲ့ အသိမျိုး မဟုတ်ဘူး။ အဲဒီလို ကွာတာတွေ ရှိတယ်။ ဒါကြောင့်မို့ တရားလည်းထိုင် အဘိဓမ္မာလည်း လေ့လာ။ သဘောတရားနဲ့ လက်တွေ့ တွဲသွားရော။ ဒီမှာ အဲဒါပဲ ဦးဇင်းတို့ အခုလုပ်နေတာ။

အခု တရားထိုင်တဲ့ လူတွေထဲမှာ အနိစ္စ ဒုက္ခ အနတ္တကို သူတို့အသိနဲ့ သူတို့မြင်တဲ့ လူတွေ ရှိတယ်။ အဘိဓမ္မာသဘောတွေကို တစ်နေ့ကပဲ မိန်းမတစ်ယောက်က ပြောတယ်။ သူလျှောက်ပြောတော့ ဦးဇင်းက သိပြီ။ သူ ဘာဆိုတာပေါ့လေ။ နောက်တော့ ပြောတယ်။ ဥပေက္ခာဝေဒနာကို သူသိတာ။ ဥပေက္ခာဝေဒနာဆိုတာ ခက်တယ်။ သိမ်မွေ့တယ်ဆိုတော့ … ဥပေက္ခာဝေဒနာက အလွန် သိမြင်ခဲတယ်။ အဲဒီ ဥပေက္ခာဝေဒနာကို သူတွေ့တာကို ပြောတာ။ ဒီ ဥပေက္ခာဆိုတဲ့ စကားလုံးတော့ သူမသုံးဘူးပေါ့။ အဲဒါမျိုး။ ဥပေက္ခာဆိုတာ အဲဒါကို ပြောတာ။ သူကလည်း အဘိဓမ္မာတက်နေတာကိုး။ ဥပေက္ခာဝေဒနာသိတယ်ဆိုတာ အဲဒါပဲဆိုတော့ … ဟုတ်ရဲ့လားတဲ့။ အဲဒီလို တရားအားထုတ်ရင် သိ,သိလာတယ်။

ပြီးတော့ အနုသယကိလေသာဆိုတဲ့ ကိုယ်တွင်းမှာ ကိန်းနေတယ်ဆိုတဲ့ သဘောပေါ့လေ။ ရှိနေတာ မဟုတ်ဘူး။ သို့သော် အဲဒါမျိုးတွေလဲ သူတို့ တရားအားထုတ်ရာမှာ မြင်တဲ့လူတွေ မြင်တယ်။ ပြောကြတယ်။

အဲဒါကြောင့်မို့ အဘိဓမ္မာလေ့လာရင် တရားလည်းပဲ ထိုင်ပေး။ တရားထိုင်တဲ့အတွက်ကြောင့်မို့ အဘိဓမ္မာမှာ ကျေးဇူးများတယ်။ အဘိဓမ္မာနားလည်တဲ့အတွက်ကြောင့်မို့ တရားထိုင်ရင် ကျေးဇူးများတယ်။ နောင် စေတသိက်ပိုင်းကျတော့ ဖဿ ဝေဒနာ စသည်ကို လက္ခဏာ, ဖဿ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် စသည်တို့နဲ့ လေ့လာတဲ့အခါကျတော့ ပစ္စုပဋ္ဌာန်ဆိုတာ ဘာလဲဆိုတော့ ယောဂီဉာဏ်မှာ ထင်လာတဲ့ အခြင်းအရာကို ပစ္စုပဋ္ဌာန်လို့ ခေါ်တယ်။ အဲဒါ တကယ့် တရားအားထုတ်တာ။ ဖဿဆိုတဲ့ သဘောတရားဟာ တရားထိုင်တဲ့အခါ မြင်လာတဲ့အခါကျတော့ သြော် .. ဘယ်လိုပါလားဆိုတာ ယောဂီက မြင်လာတာ။ အဲဒီလို ယောဂီရဲ့ စိတ်ထဲမှာ ထင်လာတဲ့ အခြားအရာမျိုးကို ပစ္စုပဋ္ဌာန်လို့ ခေါ်တယ်။ အဲဒီဟာလေးပါ နားလည်ရတယ်။
တကယ် စေ့စေ့ပေါက်ပေါက် နားလည်အောင် ကြိုးစားပြီဆိုရင် အဲဒါတွေက ပါးစပ်က ပြောတော့ အလွယ်လေးပေါ့လေ။ မှတ်ထား .. မှတ်ပြီးပြောရင်တော့ ရတယ်။ သို့သော် တကယ်တွေ့ကြုံပြီး ကိုယ်တွေ့အမြင်နဲ့ သိထားရရင် ပိုပြီးတော့ လေးနက်တယ်။ ပိုပြီးတော့ ကောင်းတယ်။

အဲဒါကြောင့်မို့ အခုလူတွေဟာ တရားလည်း ထိုင်ဖူးတဲ့ လူတွေပါပဲ။ ဒီနှစ်ယောက်ကတော့ တရားလည်း ဆက်လက်ထိုင်ကြ။ ဒါလည်း လေ့လာ။ အပြန်ပြန် အလှန်လှန် ကျေးဇူးပြုသွားကြမယ်။ အဲဒါတော့ အကောင်းဆုံး ဖြစ်မယ်။ စာတွေ့နဲ့ချည်းဆိုရင်လည်း မဟုတ်သေးဘူး။ ကိုယ်တွေ့လေးလည်း ပါဦးမှ။ ဒီနေ့ လာနိုင်တာ ဝမ်းသာတယ်။ နောက်တော့လည်း လူများပါလိမ့်မယ် ထင်ပါတယ်။ တခြားရက်ကလည်း မလွယ်ဘူး။ ဦးဇင်းကလည်း ဒီရက်ပဲ ရတော့ လုပ်ရတော့မှာပဲ။ သူတို့လည်း တိတ်ခွေလေး ဖမ်းထားပါဘုရားလို့ ပြောကြတယ်။ ဒါလေး သူတို့ နားထောင်ပေါ့။ ကောင်းပြီလေ။

+++++
“အရှင်သီလာနန္ဒာဘိဝံသ”၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)၊ အဘိဓမ္မာသင်တန်း (၁)၊ စိတ်ပိုင်း (၁)၊ မိတ်ဆက်နိဒါန်း”မှ ကောက်နုတ်ချက်။

Leave a Reply