အဘိဓမ္မာညဝါကျမ်းများနှင့် ညဝါအကြောင်း သိကောင်းစရာများ


“ညဝါဆိုဖို့ မောင်တို့
တောင်မြို့ကို သွား။
သူ့စနစ်က
သူ့ခေတ်တံခွန်ထူလို့မို့
တလူလူ ဝင့်ကာကြွားတယ်
ရှားတဲ့လူသား။”

အမရပူရတောင်မြို့ကို အဘိဓမ္မာညဝါဘက်တွင် သူမတူ တတ်မြောက်အောင် ပို့ချပေးသော မြို့တော်ဖြစ်သောကြောင့် အဘိဓမ္မာညဝါမြို့တော်ဟု အသိအမှတ်ပြုခြင်း ခံရလေသည်။

ပခုက္ကူမြို့ဆိုလျှင် ပိဋကတ်ပင်လယ် နိကာယ်သမုဒ္ဒရာကြီးတွေကို တစ်ဖက်ကမ်းရောက် ပေါက်မြောက်အောင် ပို့ဆောင်ကူးခတ်ပေးသော မြို့ဟူ၍ အသိအမှတ်ပြုခြင်း ခံရပြီး၊ ယခင်တချိန်က တကယ် တော်ခဲ့ ကျော်ခဲ့သော ဆရာတော်များမှ နိကာယ်စာဝါကြီးခေါ် ကျမ်းကြီးများကို ဖောက်ပေးခဲ့သည်။ ကျမ်းအိပ်များကို နှိုးပေးခဲ့ပါသည်။

မန္တလေးမြို့တော်ကြီးကိုမူ ကူးနည်းခတ်နည်း နိဿရည်းမျိုးစုံ ကုံလုံကြွယ်ဝ အတတ်ပညာစုံ ရသော ဌာနကြီးဟူ၍ အသိအမှတ် ပြုကြရပါသည်။

ညဝါဟု ခေါ်ကြသော စာဝါများမှာ –
(၁) မာတိကာဓာတုကထာ
(၂) ယမိုက်ကျမ်း
(၃) ပဋ္ဌာန်းကျမ်း ဟု သုံးမျိုး သုံးစား ရှိပါသည်။

ညဝါဆိုသည်မှာ ညပိုင်းကာလကျမှ စာမကြည့်ဘဲ အလွတ်ဆိုရသော စာဝါ ဖြစ်သည်။
ထို့ကြောင့် ညဝါဟု ခေါ်ကြ၏။
အဘိဓမ္မာသဘောသဘာဝများ ဖြစ်သည်။
ညပိုင်း၌ ဆိုနိုင်ဖို့ရာ နေ့လယ်ပိုင်းကပင် ဆိုရိုးစာတို့ကို အလွတ်နှုတ်တက်ရအောင် ကျက်ထားရ၏။
အဓိပ္ပာယ်ကိုမူ ညကျမှ ဆရာသမားက ပြောပြပေးသည်။


ဆရာကြီးဦးအုန်း

အမရပူရမြို့၌ ဆရာကြီးဦးအုန်းသည် အဘိဓမ္မာဘက်တွင် လေးစားထိုက်သော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
ရဟန်းသံဃာတော်များပင် ဆရာကြီးထံသို့ ဝိုင်းအုံရောက်လာကြသည်။
ဤဆရာကြီးဦးအုန်းကို အကြောင်းပြု၍ပင် အမရပူရမြို့ကိုလည်း ရဟန်းသံဃာ အဘိဓမ္မာလောက၌ မသိသူ မရှိသလောက် ဖြစ်သွားရသည်။
အဘိဓမ္မာညဝါမြို့တော်ဟူ၍ အသိအမှတ် ပြုတော်မူကြသည်။

အမရပူရမြို့နှင့် ဝန်းကျင်တစ်ခုလုံး သံဃာတော်တို့ဖြင့် ဖုံးလွှမ်းနေပြီး ဘယ်နေရာသွားသွား စာကျက်သံတွေ ကြားနေကြရ၏။
ကြားရသော အသံတို့မှာလည်း –

…… ကုသလတိက်ကို ဟောတော်မူသည်၏ အခြားမဲ့၌ ဝေဒနာတိက်ကို ဟောတော်မူ၏။
ဟောဟန်ကား ..
ဝေဒနာတိက်ကို ဟောတော်မူသည်၏ အခြားမဲ့၌ ဝိပါကတိက်ကို ဟောတော်မူ၏။
ဟောဟန်ကား ..
တိက်ကိုဟောတော်မူသည်၏ အခြားမဲ့၌ ဒုက်ကို ဟောတော်မူ၏။
ဟောဟန်ကား …….

ဤသို့ စသည်ဖြင့် ကြားရသူတို့၏ နားမှာ ‘ဟောဟန်ကား’တွေ မိုးမွှန်နေတော့၏။
ထို့ကြောင့် ထိုခေတ်က ပြောရိုးဆိုစဉ်တစ်ခု တွင်ခဲ့၏။
‘ဟောဟန်ကား’အသံတွေ ကျောင်းခန်းမှာ ကိန်းဝပ်ခိုအောင်းနေလို့ တောင်မြို့က စာသင်တိုက်ကြီးတွေရဲ့ တံခါးတွေကို ဖွင့်လိုက်ရင် ‘ဟောဟန်ကား’လို့တောင် မြည်ပါသတဲ့။

ထိုစကားနှင့်စပ်လျက်ပင် မန္တလေးရွှေမြို့တော်ကြီးကလည်း ပိဋကတ်ပင်လယ်ရေပြင်ကြီးကို ကူးခတ်ရာတွင် အရေးကြီးလှသည့် သဒ္ဒါအရာ၌ ကျော်ကြားပါသတဲ့။
သဒ္ဒါဘက် ကျွမ်းကျင်တဲ့ ဆရာတော်တွေက သဒ္ဒါတွေ ပို့ချမှု များလွန်းလို့ သဒ္ဒါဓာတ်တွေ ဝင်နေပုံကို ပြောပြကြပါတယ်။
ရေတွင်းကြီးတွေက အတောင် အစိတ်သုံးဆယ် နက်တာ၊ စက်သီးကြိုးကြီးတွေနဲ့ ရေငင်တဲ့အခါ ‘ဝုတ္တ ကတ္တား၊ ဝုတ္တ ကတ္တား’လို့ မြည်သတဲ့။
အဲဒီနောက် တံခါးပေါက်ကြီးတွေ ဖွင့်လိုက်ပြန်တော့ ‘တတြာ ယမာဒိ’လို့ မြည်ပြန်သတဲ့။

ပခုက္ကူမြို့ကျပြန်တော့ ပါဠိတော်ကြီးတွေ၊ အဋ္ဌကထာ ဋီကာကြီးတွေ၊ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် တဖက်ကမ်းရောက် ကျမ်းတွေပေါက်အောင် ပို့ချပေးတဲ့နေရာမှာ အစဉ်အလာ ကျော်ကြားခဲ့ရပါ၏။
ပို့ချရင်း ပါဠိမှား၊ ပါဠိမှန်ကိုလည်း ပြင်ဆင် ဆုံးဖြတ်လေ့ရှိပါသည်။
ပခုက္ကူဆရာတော်ကြီးများလည်း ကျွမ်းကျင် တတ်မြောက်တော်မူကြသည့်အတိုင်း ပါဌ်မှားတစ်ခုကို တွေ့ပြီဆိုလျှင် ရဲရဲကြီးပင် ‘ပါဌ်ပျက်’လို့ ဆိုလေ့ ဆုံးဖြတ်လေ့ ရှိကြပါသည်။
ထို့ကြောင့်ပင် ပခုက္ကူကျောင်းတိုက်ကြီးများမှ တံခါးများကို ဖွင့်လိုက်လျှင် ‘ပါဌ်ပျက်’လို့ မြည်ပါတယ်ဟု ပြောဆိုမှု ပြုခဲ့ပါသည်။

+++++
စာညွှန်း/စာကိုး
ပုလဲဖြူ (ငါ့သရောက်)၏ “အဘိဓမ္မာညဝါကျမ်းများနှင့် ညဝါအကြောင်း သိကောင်းစရာများ”
အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း၊ အတွဲ (၁၀) အမှတ် (၂)၊ ၂၀၀၉ ခု ဖေဖော်ဝါရီလ။
(ဦးအုန်းဓာတ်ပုံကို ဦးကျော်သိန်းပြုစုသော ‘မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်’စာအုပ်မှ ယူသည်။)

Leave a Reply