ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ ပျံလွန်တော်မူခြင်း


ပြည်တွင်း ပြည်ပ မဟာစည်နာယက၊ ဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ၂၀၀၉ ခု နိုဝင်ဘာလ ၂၄ ရက် အင်္ဂါနေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရှိရပါသည်။

ဖြူးဆရာတော်သည် ၁၉၉၉ ခုနှစ်တွင် ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ စသည့် နိုင်ငံများသို့ ရှစ်လကြာ ဓမ္မဒူတခရီး လှည့်လည်၍ ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။
ထိုစဉ်က ဖြူးဆရာတော်သည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် သီတင်းသုံးခိုက် တရားချစ်ခင် သူတော်စင်တို့အား ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။ ပြည်ပခရီးစဉ်များ ပြီးဆုံး၍ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသောအခါ ပြည်တွင်းတရားပွဲများတွင် လောကချမ်းသာစေတီတော်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ရေးအတွက် ဖြူးဆရာတော်က နှိုးဆော် အကျိုးဆောင်ပေးခဲ့ရာ စေတီတော်အတွက် အလှူငွေ ကျပ်သိန်း ၇၀ ကျော် ရရှိ လှူဒါန်းပေးနိုင်ခဲ့ပါသည်။

ဖြူးဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

ဖြူးမြို့၊ ရုံးကြီးရပ်၊ ပင်စင်လမ်း၊ မဟာစည်သာသနာ့ရိပ်သာ နှင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာတို့ကို တည်ထောင်ခဲ့ပြီး၊ ဖြူးဆရာတော်ဟု နာမည်ကျော်ကြားသော ဖြူးဆရာတော် ဘဒ္ဒန္တနရပတိကို ခမည်းတော် ဦးဘလွင်နှင့် မယ်တော် ဒေါ်ဒေါ်မေတို့မှ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် ၁၃၀၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၈ ရက် စနေနေ့၌ ဖွားမြင်သည်။

၁၃၁၅ ခုနှစ် အသက် (၁၃)နှစ်သားအရွယ်တွင် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဆရာမကြီး ဒေါ်ပညာသိင်္ဂီ၏ ပစ္စယာနုဂ္ဂဟဖြင့် စစ်ကိုင်းတောင်ရိုး၊ လေးကျွန်းသာယာချောင် ဆရာတော် ဦးဇောတဝရကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိသည်။

၁၃၂၃ ခုနှစ်တွင် မန္တလေးမြို့ ၄၁-လမ်း၊ ဥပုသ်တော်ကုန်း ဇောတိကစက်ချုပ်ဌာန၊ ဒေါ်သောင်းစိန်၊ ညီမ ဒေါ်မမတို့၏ ပစ္စယာနုဂ္ဂဟဖြင့် အထက်ပါ လေးကျွန်းသာယာချောင် ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

စစ်ကိုင်းတောင်ရိုး၊ လေးကျွန်းသာယာချောင်၊ လေးကျွန်းချမ်းသာချောင်၊ ပဌာန်းသိပ္ပံ၊ ဇေယျသိန်ပါဠိတက္ကသိုလ်၊ မန္တလေးမြတောင်တိုက် ရွှေဝါဝင်းကျောင်း၊ မန္တလေးပေါက်မြိုင်အလယ်တိုက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမ အလယ်တိုက်ကြီးတို့၌ ပညာသင်ယူခဲ့ပါသည်။
၁၃၁၅ ခုနှစ်တွင် အဘိဓမ္မာ (၃)ဆင့်၊ ၁၃၁၈ ခုနှစ်တွင် ဝိနယာဓိက၊ ၁၃၂၀ ခုနှစ်တွင် ပထမကြီးတန်း၊ ၁၃၂၃ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို အောင်မြင် ရရှိခဲ့သည်။

၁၃၃၉ ခုနှစ်တွင် ဖြူးမြို့၊ ရုံးကြီးရပ်၊ မဟာစည်သာသနာ့ရိပ်သာကို စတင် တည်ထောင်ပြီး၊ ၁၃၆၀ ခုနှစ်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာကို စတင် တည်ထောင်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ နိုင်ငံများသို့လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် မလေးရှား၊ စင်္ကာပူ၊ သြစတြေလျနိုင်ငံများသို့လည်းကောင်း ပင့်ဖိတ်ချက်အရ ကြွရောက်၍ ဝိပဿနာတရား ဟောကြား ပြသခဲ့သည်။

သံဃာ့ဂုဏ်ရည်၊ မီးလောင်ပြင်မှာ ပွင့်သောပန်း၊ သွေးနဲ့ရေးတဲ့ သာသနာ၊ အမေ့ကျေးဇူးမကျေ ငါမသေ၊ ရတနာထိုက်တဲ့ ချစ်သမီး စသည်တို့မှာ ဆရာတော်၏ ထင်ရှားသော တရားတော်များ ဖြစ်သည်။

+++++

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ၏ ကျေးဇူး ဂုဏ် အထူးထူးတို့ကို အောက်မေ့ သတိရလျက် ဆရာတော်၏ ဓမ္မဆောင်ပုဒ်နှင့် အဆိုအမိန့်တို့ကို ကောက်နုတ်ဖော်ပြရင်း ဆရာတော်အား ရှိခိုး ဦးခိုက် ပူဇော်လိုက်ကြပါသည်။

“ရေပွက်ပမာ၊ ခဏတာမျှ
တည်လာခွင့်ရ၊ လူ့ဘဝဝယ်
ဗုဒ္ဓသာသနာ၊ သန့်ရှင်းစွာဖြင့်
မြန်မာပြည်ဝှန်း၊ အေးငြိမ်းချမ်းဖို့
ကြိုးပမ်းဆောင်ရွက်၊ ခရီးဆက်မည်
သက်ဆုံးတိုင်အောင် အမြဲတည်း။”

“လောကမှာ အမှီအခိုဆိုတာ ရှိရတယ်။
တပည့်က ဆရာကို မှီခိုရတယ်။
သားသမီးက မိဘကို မှီခိုရတယ်။
ဒီအတိုင်းပဲ သံသရာခရီး သွားတဲ့အခါ တရားအမှီအခိုရှိမှ ကောင်းတယ်။”

+++++

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း
နယူးယောက်မြို့။

Leave a Reply