ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း – သပြေကန်ဆရာတော်ဘုရားကြီး


ရဟန်းတို့ … မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်လာဖို့ရာ၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ရာ အကြောင်းက ဘာလဲ?
ရဟန်းတို့ … ကုသိုလ်တရား၊ အကုသိုလ်တရား၊ အပြစ်ရှိသော တရား၊ အပြစ်မရှိသော တရား၊ ယုတ်သော တရား၊ မြတ်သော တရား၊ မည်းညစ်သော အဖို့ရှိသော တရား၊ ဖြူစင်သော အဖို့ရှိသော တရားတွေ ရှိနေကြတယ်။
ထိုတရားတို့၌ သင့်တင့်သော အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု များစွာ ပြုပြင်ခြင်းမှာ
မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ဖို့၊
ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ အကြောင်းပင် ဖြစ်ပါတော့တယ်။

ဒီ ဒေသနာတော်လာ တရားတွေက ‘ကုသိုလ်’ ‘အကုသိုလ်’ တရားတွေပါပဲ။
ဒီတရားတွေမှာ ‘အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု’ဆိုတာ ဒီတရားတွေရဲ့ သဘောကို သိအောင်ပြုမှုကို ဆိုပါတယ်။

ဒီတရားတွေမှာ သဘာဝလက္ခဏာခေါ်တဲ့ ကိုယ်ပိုင် အမှတ်အသားတွေ ရှိနေပါတယ်။
ကုသိုလ်ရဲ့ အပြစ်မရှိခြင်း လက္ခဏာ၊
အကုသိုလ်ရဲ့ အပြစ်ရှိခြင်း လက္ခဏာ၊
စိတ်ရဲ့ သိမှု လက္ခဏာ၊
ဖဿရဲ့ တွေ့ထိမှု လက္ခဏာ စသည်ဖြင့် မိမိတို့ရဲ့ အသီးသီး သဘောလက္ခဏာ ကိုယ်စီ ရှိနေကြတော့
အဲဒီ ကိုယ်ပိုင် သဘောလက္ခဏာတွေကို သဘာဝ လက္ခဏာလို့ ဆိုပါတယ်။

အနိစ္စ – မမြဲ
ဒုက္ခ – ဆင်းရဲ
အနတ္တ – အစိုးရတဲ့ အတ္တကောင် မဟုတ် ဆိုတဲ့ အခြင်းအရာတွေကတော့ တရားတိုင်းမှာ ရှိနေတဲ့ သဘောတွေ။
ဒါကြောင့် သာမည လက္ခဏာ အားလုံးမှာ အတူတူဖြစ်နေတဲ့ လက္ခဏာအားလုံး တရားတွေနဲ့ သက်ဆိုင်တဲ့ လက္ခဏာ။

အဲဒီ သဘာဝလက္ခဏာ၊ သာမညလက္ခဏာတွေကို ထိုးထွင်းသိမှု၊ သိအောင်ပြုမှုကိုပဲ “ယောနိသော မနသိကာရ” လို့ ဆိုပါတယ်။
ဒီတရားတွေကို သိနေတဲ့ ဇောစိတ်တွေပါပဲ။

အဲဒီတော့ ပညာ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းဟာ ဆိုခဲ့ပြီး ‘ကုသိုလ်’ ‘အကုသိုလ်’ တရား အာရုံများပဲ ဖြစ်ပါတယ်။

အဋ္ဌကထာများမှာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ခုနစ်ပါး လာပါတယ်။

“မေးမြန်းခြင်းပြု
ဝတ္ထုစင်စေ
ဣနြေ္ဒညီညာ
ပညာမဲ့ ကြဉ်
ဉာဏ်ရှင်မှီဝဲ
နက်နဲတရား တွေးစဉ်းစားလျက်
ပညာဘက်တွင် ညွတ်သက်ဝင်
ဉာဏ်မြင်တိုးကြောင်း ခုနစ်တည်း။”

+++++

(၁) မေးမြန်းခြင်း

ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သမထ၊ ဝိပဿနာတို့နဲ့ စပ်ပြီး မသိသေးလျှင် သိအောင် သင်ကြား လေ့လာထား။
လေ့လာထားတဲ့ အရာမှာ မရှင်းလင်းတဲ့ အရာတွေ မေးမြန်းခြင်းကို ဆိုပါတယ်။
ဒီတရားတွေနဲ့ စပ်ပြီး အတော်လေ့လာထားတော့
ရှေးကတည်းက ဉာဏ်ထဲ အတော်ရှင်းနေခဲ့
ဉာဏ်ထဲ မရှင်းမလင်း ဖြစ်နေတဲ့ ခဲရာခက်ဆစ်ကို မေးမြန်းခြင်းဖြင့်
ဆရာ့ရဲ့ အဖြေကြားရတော့ ပိုရှင်းလင်းသွားပြီး ဉာဏ်အမြင်တိုးလာ၍
မေးမြန်းခြင်းဟာ ဓမ္မဝိစယ ပညာဖြစ်ကြောင်း ဆိုပါတယ်။

ဒီနေရာမှာ မေးမြန်းခြင်းသာမက နာယူခြင်း၊ မိမိက ဟောပြောခြင်း၊ ဆွေးနွေးခြင်းများပါ သိမ်းယူသင့်ပါတယ်။
အားလုံးဟာ ပညာဖြစ်ကြောင်းချည်းပါပဲ။
ဝိပဿနာအားထုတ်၍ အားရှိတဲ့ ဝိပဿနာ လက်ရှိဖြစ်လာလျှင်တော့ တရားနာရင်း တရားဟောရင်း တရားဆွေးနွေးရင်းနဲ့ မဂ်ဖိုလ်ဆိုက်သွားနိုင်ပါတယ်။

(၂) ဝတ္ထုစင်ကြယ်စေခြင်း

‘ဝတ္ထု’ဆိုတာ တည်နေရာ ခန္ဓာကိုယ်ရော၊ ထိုခန္ဓာကိုယ်နဲ့ စပ်တဲ့ အဝတ် သင်္ကန်း စသည်ကိုပါ စိတ် စေတသိက်တို့၏ ဖြစ်ရာ ဖြစ်လို့ ဝတ္ထုဆိုပါတယ်။

စိတ် စေတသိက်တို့က အာရုံပြုသောအားဖြင့် ထိုခန္ဓာ အဝတ်စသည်တို့၌ ရောက်နေ၍၊ စိတ် စေတသိက်တို့၏ တည်နေရာလို့ ဆိုပါတယ်။
ခန္ဓာကိုယ်က အတွင်းဝတ္ထု
အဝတ် သင်္ကန်း အိမ် ကျောင်း အိပ်ရာနေရာ စသည်က အပဝတ္ထု
ထိုကိုယ်တွင်း ကိုယ်ပ ဝတ္ထုတို့ကို စင်ကြယ်အောင် ပြုခြင်းဟာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ခြင်း အကြောင်းပါပဲ။

ဆံပင် အမွေး ခြေသည်း လက်သည်းတွေ ရှည်နေမယ်၊ ကိုယ်မှာ ကြေးတွေ ချွေးတွေ ကပ်တွယ်နေမယ်၊ အတွင်းက လေ သည်းခြေစသည် ဖောက်ပြန်ပြီး ခန္ဓာအတွင်း ဒေါသမကင်း ဖြစ်နေမယ်။
အဲဒီအခါမှာ အတွင်းဝတ္ထု မစင်ကြယ် မသန့်ရှင်းခြင်းပါပဲ။
အဝတ် သင်္ကန်း ဆွေးမြည့်နေမယ်၊ ညစ်နွမ်းနေမယ်၊ အနံ့အသက် မကောင်းဖြစ်နေမယ်၊ အိမ် ကျောင်း အိပ်ရာနေရာမှာ အမှိုက်တွေ ရှုပ်ပွနေမယ်ဆိုရင် အဲဒီအခါ အပဝတ္ထု မသန့်မရှင်း ဖြစ်နေတာပါပဲ။
အဲဒီလို အတွင်း အပ မသန့်ရှင်းလျှင် စိတ်ရှုပ်ပွေနေမယ်။
စိတ်ရှုပ်ပွေ မသက်မသာ ဖြစ်နေလျှင် တည်ငြိမ်မှု မရတော့ ဉာဏ်အမြင်ကောင်းဖို့အတွက်လည်း အနှောင့်အယှက်ဖြစ်နေတော့တာပါပဲ။

ဒါကြောင့် ဆံပင် လက်သည်း ခြေသည်းတွေ ရှည်နေရင် ဖြတ်၊
ကိုယ်မှာ အညစ်အကြေး ကြေး ချွေးတွေ ညစ်ပေနေရင် ရေချိုး၊
လေ သည်းခြေ စသည်တို့ကြောင့် ဒေါသမကင်း ဖြစ်နေတဲ့ ခန္ဓာကိုယ်အတွင်းကိုလည်း ဝမ်းနှုတ်ဆေး စသော ဆေးဝါးဖြင့် ပြုပြင်ပြီး ခန္ဓာကိုယ်ကို ပေါ့ပါးအောင် ပြု၊
အဲဒါလို အတွင်းဝတ္ထုတွေ သန့်ရှင်းအောင် ပြုရတယ်။

အဝတ် သင်္ကန်း ဆွေးနေ ညစ်နေ အနံ့မကောင်း ဖြစ်နေတာကို ချုပ်ခြင်း လျှော်ဖွပ်ခြင်းဖြင့် စင်ကြယ်အောင် ပြု၊
အမှိုက်စသည်ဖြင့် ရှုပ်ပွေနေတာတွေကို သုတ်သင် ရှင်းလင်းခြင်းဖြင့် အပဝတ္ထုတွေ သန့်ရှင်းအောင် ပြုရတယ်။

အတွင်း အပ ဝတ္ထုတွေ မသန့်မရှင်း ဖြစ်နေတဲ့အခါ ထိုအခါဖြစ်လာတဲ့ စိတ် စေတသိက်တွေမှာ ပါတဲ့ ဉာဏ်လည်း မသန့်ရှင်းတော့ဘူး။
မစင်ကြယ် မသန့်ရှင်းတဲ့ ဆီမီးခွက် မီးစာတို့ကို အစွဲပြု ဖြစ်လာရတဲ့ မီးလျှံရဲ့အရောင်ဟာ မသန့်မရှင်း မကြည်မလင် ဖြစ်ရတာလိုပါပဲ။

အတွင်း အပ ဝတ္ထုတွေ သန့်ရှင်းနေတဲ့အခါ ဖြစ်လာတဲ့ စိတ် စေတသိက်တွေမှာ အတူပါတဲ့ ဉာဏ်ပညာလည်း သန့်ရှင်း စင်ကြယ်ရတယ်။
စင်ကြယ်တဲ့ သန့်ရှင်းတဲ့ မီးခွက် မီးစာ ဆီတို့ကို အမှီပြု ဖြစ်လာတဲ့ မီးလျှံရဲ့ အရောင်ဟာ သန့်ရှင်း ကြည်လင်နေသလိုပါပဲ။

ဒါကြောင့် အတွင်းအပ ဝတ္ထု မသန့်ရှင်းခြင်းဟာ ဉာဏ်ပညာဖြစ်ဖို့ အနှောင့်အယှက် အတားအဆီးဖြစ်ကြောင်း၊
ထိုဝတ္ထုတွေ သန့်ရှင်းခြင်းဟာ ဉာဏ်ပညာဖြစ်ကြောင်းမို့ ဓမ္မဝိစယဖြစ်ဖို့ရာမှာ ဒီဝတ္ထုတွေ သန့်ရှင်းခြင်းဟာ အကြောင်းတစ်ရပ် ဖြစ်ရပါတယ်။

(၃) ဣနြေ္ဒညီမျှအောင် ပြုခြင်း

ဘာဝနာအလုပ် အားထုတ်တဲ့အခါ တရားတွေ ညီညီမျှမျှ အလုပ်လုပ်နေကြဖို့ လိုပါတယ်။
အထူးသဖြင့် ပဓာနဖြစ်တဲ့ တရားတွေ ညီညီမျှမျှ အလုပ်လုပ်နေကြဖို့ အရေးကြီးပါတယ်။

ဘာဝနာ တက်အောင် ဆုတ်အောင် လုပ်နိုင်တဲ့ ပဓာနတရားတွေက ဣနြေ္ဒတွေပါပဲ။
‘ဣနြေ္ဒ’ခေါ် အစိုးရတဲ့ တရားတွေဆိုတာ ‘သဒ္ဓါ’၊ ‘ဝီရိယ’၊ ‘သတိ’၊ ‘သမာဓိ’၊ ‘ပညာ’ တရားတွေပါပဲ။
ဆိုင်ရာ မိမိကိစ္စမှာ လွန်စွာ စိုးမိုး အစိုးရတဲ့ တရားတွေ
ယှဉ်ဖက်တရားတွေကို မိမိအလိုပါအောင် စိုးမိုး ချုပ်ကိုင်တတ်တဲ့ တရားတွေ။
ဒါ့ကြောင့် ဣနြေ္ဒ၊ အစိုးရတဲ့ တရားတွေ ဆိုရပါတယ်။

ဒီတရားတွေ ညီညီမျှမျှ ဆောင်ရွက်နေကြရင်၊ အယုတ်အလွန် မရှိကြဘဲ ကိုယ့်ကိစ္စ ကိုယ်ဆောင်ရွက်နေကြရင် ပညာလည်း သူ့ကိစ္စ သူ ကောင်းကောင်း ဆောင်ရွက်နိုင်ပါတယ်။
ဒီလိုမဟုတ်ဘဲ တစ်ခုက လွန်နေ၊ တခြား ဣနြေ္ဒတွေက ယုတ်နေနဲ့ မညီမမျှ ဖြစ်နေကြရင် ပညာဟာ ကိုယ့်ကိစ္စ ကောင်းစွာ မဆောင်ရွက်နိုင်ပါဘူး။
ဒါကြောင့် ဣနြေ္ဒတွေ ညီမျှခြင်းဟာ ဓမ္မဝိစယပညာ ဖြစ်ခြင်းအကြောင်း ဖြစ်ရပါတယ်။

သဒ္ဓါ မယုတ် မလွန်ရ

လောကမှာ ကိုယ့်အလုပ်ထဲ ယုံကြည်မှု မရှိတဲ့ ပုဂ္ဂိုလ်ဟာ အလုပ်ကို တကယ် ကြိုးစားမှာ မဟုတ်ပါဘူး။ အလုပ်တိုးတက်ရေးလည်း စဉ်းစားမှာ မဟုတ်၊ အလုပ်ထဲ စူးစိုက်မှုလည်း ရှိမှာ မဟုတ်ပါဘူး။
အဲဒါလိုပဲ ယုံကြည် သက်ဝင်မှု သဒ္ဓါက အားနည်းနေရင် ဝီရိယကလည်း မထက်သန်၊ ပညာဉာဏ်ကလည်း အမြင်မရှင်း၊ သမာဓိကလည်း လျော့ရဲရဲ စွဲမြဲမှာ မဟုတ်ပါဘူး။

ယုံကြည် သက်ဝင်မှု သဒ္ဓါအား ထက်သန်ရင်တော့ ဝီရိယလည်း အားသန်၊ ပညာလည်း အမြင်သန်၊ သမာဓိကလည်း အထူးစူးစိုက်၊ သတိလည်း အထူးကောင်းလာမှာပါပဲ။

ဒီတော့ သဒ္ဓါယုတ်မှုဟာ ဘာဝနာရဲ့ အနှောင့်အယှက် တစ်ပါရပ်ပါပဲ။

သဒ္ဓါယုတ်ရင် ဘာဝနာရဲ့ အနှောင့်အယှက် ဖြစ်သလို၊ လွန်လွန်းနေပြန်တော့လည်း အနှောင့်အယှက်ပဲ ဖြစ်ရပြန်ပါတယ်။
ဘာဝနာအလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ တရားက တော်တော် တက်လာရင် တရားအပေါ်မှာ တရားအရှင် ဘုရားအပေါ်မှာ ယုံကြည်သက်ဝင်မှု သဒ္ဓါဟာ လွန်လွန်ကဲကဲ ဖြစ်လာတတ်ပါတယ်။
တခြား သဒ္ဓါအားကြီးစေတတ်တဲ့ အကြောင်းတွေလည်း ရှိတတ်ပါသေးတယ်။
ဒီလို သဒ္ဓါအားကြိးလာရင်တော့ အဲဒီသဒ္ဓါနောက် စိတ်က လိုက်ပါနေတာနဲ့ ပညာလည်း အမြင်မရှင်း၊ ဝီရိယ သမာဓိ စသည်တို့လည်း လျော့လာတတ်ပါတယ်။
အဲဒီလို သဒ္ဓါအားကြီးနေတဲ့အခါမှာ ဝီရိယကလည်း မြှောက်ပင့် အားပေးမှုကိစ္စ မလုပ်နိုင်၊ သတိကလည်း အာရုံကပ်တည်မှုကိစ္စ မလုပ်နိုင်၊ ပညာကလည်း မြင်မှုကိစ္စ မလုပ်နိုင်တော့ပါဘူး။

ဒီအခါမှာ သဒ္ဓိနြေ္ဒ လျော့လာအောင် လုပ်ပေးရတယ်။
တရားသဘောကို ဆင်ခြင်ခြင်းဖြင့်လည်း လျော့လာတတ်တယ်။
ဘယ်လို ဆင်ခြင်မလဲ?

သဒ္ဓါရဲ့ ကြည်ညိုအပ်တဲ့ ဘုရား တရား စသည် အာရုံ၊ သဒ္ဒါနဲ့ စိတ် စေတသိက်တွေ၊ အနိစ္စ ဒုက္ခ အနတ္တ တရားသဘောတွေ ဆင်ခြင်ရပါတယ်။
ဒီလို တရားသဘောတွေ ဆင်ခြင်တော့ ဒါဟာ ဒီတရားတွေရဲ့ သဘောပဲလို့ သိတဲ့ ပညာ ဗျာပါရက လွန်ကဲလာတော့ သဒ္ဓါရဲ့ သက်ဝင်ဆုံးဖြတ်မှု ကိစ္စဟာ လျော့လာရတယ်။
ဝန်ဆောင် အကြီးအမှူး တရားတွေထဲမှာ သဒ္ဓါအားကြီးရင် ပညာလျော့လာရ၊ ပညာ အားရှိတဲ့အခါလည်း သဒ္ဓါက ပျော့သွားရ။
ဒါကြောင့် ပညာအားကြီးရင် သဒ္ဓါအားပျော့သွားရတာဖြစ်တော့ အားကြီးတဲ့ သဒ္ဓါလျော့လာပြီး ညီမျှလာအောင် ပညာအား တရားသဘောတွေ ဆင်ခြင်ခြင်းဖြင့် မြှင့်ပေးရတာပါပဲ။

ဝီရိယ မယုတ် မလွန်ရ

ဝီရိယ လျော့နေ ပျော့နေရင်လည်း တခြား ဣနြေ္ဒတွေ အလုပ်ကောင်းကောင်း မလုပ်နိုင် ဖြစ်ရတယ်။
ဝီရိယ ပင့်မြှောက်ပေးမှုက တခြား ဣနြေ္ဒတွေ အလုပ်ကောင်းကောင်းလုပ်ဖို့ အင်အားတစ်ရပ်ပါပဲ။
ပျော့နေရင် တခြားဣနြေ္ဒတွေရဲ့ ကိစ္စဆောင်ရာမှာ အနှောင့်အယှက် ဖြစ်သလို ဝီရိယဣနြေ္ဒ လွန်နေမယ် အားကြီးနေမယ်ဆိုရင်လည်း အနှောင့်အယှက်ပဲ ဖြစ်ရပြန်ပါတယ်။

ကြိုးစားမှု လွန်ကဲလို့ ဝီရိယဣနြေ္ဒ အားကြီးနေမယ်ဆိုရင် သဒ္ဓိနြေ္ဒဟာ သက်ဝင် ဆုံးဖြတ်မှု ကိစ္စပြုလုပ်ခြင်းငှာ မတတ်နိုင်။
တခြား ဣနြေ္ဒများလည်း ကိုယ့်ကိစ္စ ကိုယ်မဆောင်ရွက်နိုင်ပဲ ဖြစ်ကြရတယ်။
ဒီလိုအခါမျိုးမှာ လွန်ကဲနေတဲ့ ဝီရိယကို ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင် ပွားစေခြင်းဖြင့် လွန်နေတဲ့ ဝီရိယကို ယုတ်အောင် လုပ်ပေးရတယ်။

သမာဓိလွန်ရင် အပျင်းဝင်လာတတ်တယ်။
ဒီအပျင်းဘက် ကျရောက် မသွားရအောင် စောင့်ရှောက် ကာကွယ်တတ်တာက ဝီရိယ ပညာ ပီတိဗောဇ္ဈင်တွေ။
ဒီတော့ ဝီရိယစသည် ပွားစေခြင်းဟာ လွန်နေတဲ့ သမာဓိလျော့စေကာ မိမိတို့နဲ့ သမဖြစ်လာစေတတ်ပါတယ်။

အဲဒါလိုပဲ ဝီရိယလွန်တော့ ပျံ့လွင့်မှု ဝင်လာတတ်တယ်။
ဒီပျံ့လွင့်မှုဘက် ကျရောက် မသွားရအောင် စောင့်ရှောက် ကာကွယ်တတ်တာက ပဿဒ္ဓိ သမာဓိ ဥပေက္ခာဗောဇ္ဈင်တွေပါပဲ။
ဒီတော့ ပဿဒ္ဓိ စသည် ပွားစေခြင်းဟာ လွန်နေတဲ့ ဝီရိယလျော့စေကာ မိမိတို့နဲ့ အညီအမျှ သမလာစေတတ်ပါတယ်။

သဒ္ဓါလွန်ကဲ ပညာနည်းခြင်း အပြစ်

အထူးအားဖြင့် သဒ္ဓါနဲ့ ပညာ၊ ဝီရိယနဲ့ သမာဓိတို့ရဲ့ ညီမျှခြင်းကို ပညာရှိတို့ ချီးမွမ်းကြတယ်။

သဒ္ဓါအားကြီးပြီး ပညာနည်းရင် ဉာဏ်ဖြင့် သက်ဝင် ယုံကြည်ပြီး၊ ကြည်ညိုတတ်မှု မရှိဘဲ အချည်းနှီး အကျိုးမရှိသော ကြည်ညိုခြင်းမျိုးဖြင့် ကြည်ညိုတတ်တယ်။
မကြည်ညိုထိုက်သော ဝတ္ထုများ၌ ကြည်ညိုတတ်တယ်။

ဒါတွင်မက ပညာနည်းတဲ့ သဒ္ဓါကြီးတဲ့သူဟာ ဘုရားရှင်ကို ပူဇော်ရာ စသည်မှာလည်း ဂုဏ်တော်တွေထဲ အသိမရောက်၊ ရုပ်ပွား ဆင်းတုတော်လောက်မှာသာ အာရုံရောက်ပြီး ကြည်ညိုမှု မလေးနက်ဘဲ ရှိတတ်ပါသေးတယ်။
တရားတော်အရာမှာလည်း တကယ်မွန်မြတ်တဲ့ တရားအစစ် တရားမြတ်တို့၏ ဂုဏ်တော်ကို အာရုံမပြုတတ် ပြုရမှန် မသိဘဲ အဟောတရား အပြောတရားလောက်သာ တရားထင်ပြီး အမြင်မလှ ဖြစ်တတ်ပါတယ်။
သံဃာကြည်ညိုရာမှာလည်း ထို့အတူပဲ ဂုဏ်တော်ကို မမှန်းတတ်၊ ပုဂ္ဂိုလ်မျှလောက်မှာသာ စိတ်ရောက်ပြီး တဏှာပေမ မကင်းတဲ့ ကြည်ညိုခြင်းမျိုးသို့ ရောက်သွားတတ်တယ်။

ဒါနပြုရာမှာလည်း ဘုရားရှင်အလိုကျ ဒါနမျိုးဖြစ်အောင်၊
ဆေးမှားလို့ ဖြစ်လာတဲ့ ရောဂါကဲ့သို့ ကုစားခက်လှသတဲ့။
ဝိဝဋ္ဋနိဿိတဖြစ်အောင် စိတ်မထားတတ်၊ ပကာသန အကျော်အစောတွေ လိုလားတဲ့ စိတ်ထားတွေဝင်လာ အကုသိုလ် ခြံရံလာနဲ့ အကျိုးရသင့်သလောက် မရဘဲ ရှိတတ်ပါတယ်။

ထို့အတူ သီလဆောက်တည်မှု စသည်မှာလည်း တကယ့်သီလဖြစ်အောင် မရည်ရွယ်တတ် စိတ်မထားတတ်လို့ အမြတ်ရသင့်သလောက် မရဘဲ ရှိတတ်ပါတယ်။

ဒါကြောင့် သဒ္ဓါအားကြိး ပညာနည်းရင် ကုသိုလ်အရာမှာ အကျိုးရသင့်သလောက် မရ၊ မရတဲ့အပြင် အပြစ်တွေပင် ဖြစ်လာတတ်ပါသေးတယ်။

ပညာလွန်ကဲ သဒ္ဓါနည်းခြင်း၏ အပြစ်

ပညာအားကြီးပြီး သဒ္ဓါနည်းသူအဖို့ စဉ်းလဲ ကောက်ကျစ်တဲ့ဘက် သက်ရောက်သွားတတ်တယ်။
ဆေးကြောင့် ဖြစ်တဲ့ ရောဂါကဲ့သို့ ကုစားခက်သတဲ့။
စိတ်ဖြစ်ရုံနဲ့ ကုသိုလ်ဖြစ်တယ်ဆိုတာ လှူဖွယ်ဝတ္ထုမပါဘဲ စိတ်ထဲက လှူရုံ၊ ဒါမှမဟုတ် သူများအလှူ ဝမ်းမြောက်ရုံနဲ့ ဒါနဖြစ်တယ် စသည်ဖြင့် အကြောင်း အတုအယောင်တွေနဲ့ အလှည့်စားခံရပြီး အကြံဆန်းတွေ ကြံလာတယ်။
စိတ်ကောင်းထား ပြီးတာပဲ၊ သီလစောင့်ဖို့ မလို စသည်ဖြင့် တခြားကုသိုလ်တွေကိုလည်း စိတ်နဲ့ပဲ စကားပြောပြီး လုပ်တတ်တယ်။
ဒီလို ပုဂ္ဂိုလ်မျိုးဟာ နူးညံ့ပျော့ပျောင်း စိတ်ကောင်းကလေးတွေကို သဒ္ဓါအစေး ခြောက်ခန်း ကြမ်းတမ်းတဲ့ တွေးတောခံယူချက်က လုယက် ဖျက်ဆီးထားပြီး ဖြစ်လေတော့ ပညာရှိတို့ စကားကို မလိုက်နာနိုင်ဘဲ ရှိတော့တယ်။
ဘယ်လိုပင် သဘောယုတ္တိ ကျမ်းအရှိနဲ့ ပြောပြပေမယ့် သဘောကျ နားလည်မှု မရှိနိုင်တော့ဘူး။
ဒါကြောင့် ဆေးမှားတဲ့ ရောဂါလို အကုရ ခက်ကြောင်း မိန့်ဆိုကြခြင်း ဖြစ်ပါတယ်။

သဒ္ဓါနဲ့ ပညာ မျှရင်တော့ ကြည်ညိုသင့်တဲ့ အရာမှာသာ ကြည်ညိုတတ်၊ ပြုသင့်တဲ့ ကုသိုလ်တွေ ပြုတတ်၊ ပြုတဲ့အခါလည်း အကျိုးရှိ အမြတ်ရအောင် ပြုတတ်ပါတယ်။

သမာဓိ ဝီရိယ ညီမျှအောင် ပြု

သဒ္ဓါ ပညာ နှစ်ပါး အချင်းချင်း ညီညီမျှမျှဖြစ်ရင် အကျိုးကို ဆောင်တတ်သလို မညီမမျှဖြစ်ရင် အကျိုးမဲ့ကို ဆောင်တတ်တယ်။
ထို့အတူ သမာဓိ ဝီရိယနှစ်ပါး အချင်းချင်း ညီညီမျှမျှ ဖြစ်နေရင် အကျိုးကိုဆောင်တတ်၊ မညီမမျှဖြစ်နေရင် အကျိုးမဲ့ကို ဆောင်တတ်ပါတယ်။

သမာဓိအားကောင်းပြီး ဝီရိယအားနည်းရင် သမာဓိက ကောသဇ္ဇခေါ် အပျင်းဘက်ပါ တရားမို့ အပျင်းတရား ဖိစီးလာတတ်တယ်။

ဝီရိယအားကြီးပြီး သမာဓိအားနည်းနေရင် ဝီရိယက ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်ခြင်းဘက်ပါ တရားမို့ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ လွှမ်းမိုး ဖိစီးလာတတ်တယ်။

ဒီလိုဖြစ်နေရင် မိမိတို့ လိုလားတဲ့ အပ္ပနာ ဈာန် မဂ်သို့ မသက်မရောက်နိုင်ဘဲ ရှိနေရတော့တယ်။
သမာဓိကို ဝီရိယနဲ့ ညီမျှအောင် ယှဉ်ပေးရင် အပျင်းဘက် ကျရောက်ခွင့် မရတော့၊
ဝီရိယကို သမာဓိနဲ့ ညီမျှအောင် ယှဉ်ပေးရင် ပျံ့လွင့်ခြင်းဘက် ကျရောက်ခွင့် မရတော့။

သမာဓိလွန်ရင် ဘယ်ဘာဝနာ ပွားရမယ်၊ ဝီရိယလွန်ရင် ဘယ်ဘာဝနာ ပွားရမယ်ဆိုတဲ့ အညီအမျှဖြစ်အောင် ပွားပုံကို နောက်က ပြောခဲ့ပါပြီ။
ဒီ သမာဓိ ဝီရိယနှစ်ပါး မယုတ်မလွန် အညီအမျှဖြစ်အောင် ပြုပေးနိုင်ရင် အပ္ပနာ ဈာန် မဂ်သို့ သက်ရောက်လာနိုင်ပါတယ်။

အရာခပ်သိမ်းမှာ လိုအပ်သော တရား

သတိကတော့ ဣနြေ္ဒအားလုံးမှာ အားရှိရင် သင့်လျော်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သတိဟာ ဥဒ္ဓစ္စဘက်သားဖြစ်တဲ့ သဒ္ဓါ ဝီရိယ ပညာတို့၏ အစွမ်းဖြင့် ဥဒ္ဓစ္စဘက် ကျရောက်ခြင်းမှ ကာကွယ်တတ်တယ်။
ကောသဇ္ဇ အပျင်းဘက်သား သမာဓိအစွမ်းဖြင့် ကောသဇ္ဇဘက် ကျရောက်ခြင်းမှလည်း ကာကွယ်တတ်တယ်။
ဒါကြောင့် ဒီ သတိဟာဖြင့် ဟင်းမှန်သမျှမှာ ဆားနဲ့ ဟင်းခပ် အမွှေးအကြိုင် ဝတ္ထုလိုအပ်သလို၊
မင်း၏ ကိစ္စမှန်သမျှ၌ မင်းအလုပ် ခပ်သိမ်း ဆောင်ရွက်တတ်တဲ့ အမတ်ကြီးကို လိုလားအပ်သလို အလုံးစုံသော ဣနြေ္ဒတို့မှာ လိုလားအပ်တယ်။

ရှေး အဋ္ဌကထာဆရာများ အဆိုမှာလည်း သတိကို အလုံးစုံသော အရာတို့၌ အလိုရှိအပ်၏ဟု ဘုရားရှင်က ဟောတော်မူတယ်။
ဘာကြောင့်လဲ … စိတ်ဆိုတာ သတိသာ အားထားရာ ရှိခြင်း၊ သတိတရားဟာ စောင့်ရှောက်တတ်သော တရားအဖြစ် ထင်ပေါ်ခြင်း၊ စိတ်ကို မြှောက်မှု နှိပ်မှုဟာ သတိနဲ့ ကင်းပြီး မဖြစ်နိုင်ခြင်း၊ ဒီအကြောင်းများအရ သတိဟာ အရာခပ်သိမ်းမှာ လိုလားအပ်ကြောင်း ဟောတော်မူခြင်း ဖြစ်ပါတယ်။

(၄) ပညာမဲ့ပုဂ္ဂိုလ်ကို ရှောင်ခြင်း

ခန္ဓာစသော တရားတို့၌ သက်ဝင်နိုင်သည့် ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကို ဒုပ္ပည – ပညာမဲ့တဲ့ ပုဂ္ဂိုလို့ ဆိုပါတယ်။
ဒီတရားတွေမှာ ပရိယတ်အသိလည်း မရှိ၊ ပဋိပတ်အသိလည်း မရှိတဲ့ ပုဂ္ဂိုလ်လို့လည်း ဆိုနိုင်ပါတယ်။

ဗောဇ္ဈင်တရားတွေ ဖြစ်ဖို့ရာ ဆန့်ကျင်ဘက် ရှောင်ရတယ်။ သင့်လျော်တဲ့ တရား မှီဝဲရတယ်။
ဒီတော့ ပညာမဲ့သူဟာ ဓမ္မဝိစယ ဖြစ်ဖို့ရာမှာ လျော်တဲ့ အရာမဟုတ်၊ ဆန့်ကျင်ဘက် အရာသာ ဖြစ်လို့ ပညာမဲ့သူကို ရှောင်ကြဉ်ခြင်းကို ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ်အဖြစ် ဆိုခဲ့ပါတယ်။

(၅) ပညာရှိကို မှီဝဲ ဆည်းကပ်ခြင်း

ပညာရှိကို မှီခို ဆည်းကပ်မှု၌ ပညာရှိဆိုတာ ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံတဲ့ ပညာရှိဖြစ်ကြောင်း ပြဆိုကြပါတယ်။
ဒီနေရာမှာ ဝိပဿနာ ဉာဏ်အဆင့်ဆင့် တက်ရောက်နေသူတွေ၊ မဂ်ရ ဖိုလ်ရ ပုဂ္ဂိုလ်တွေ၊ ပရိယတ်ဗဟုသုတရှိသူတွေ ပညာရှိအားလုံးကို ယူလည်း သင့်ပါတယ်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းမှာ ပညာရှိကို မှီဝဲခြင်းဟာ အရေးကြီးတဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

(၆) နက်နဲသော တရား ဆင်ခြင်ခြင်း

ခန္ဓာ အာယတန ဓာတ်စသော တရားများဟာ သာမန်ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲသော တရားများ ဖြစ်လို့ အသိခက် အမြင်ခက် နက်နဲသော တရားများ ဖြစ်ပါတယ်။
ထိုတရားများရဲ့ သဘော သဘာဝကို ဆင်ခြင်ခြင်း၊ ထိုတရားတွေကို သိမြင်နေတဲ့ ပညာအမျိုးမျိုး အထွေထွေကို ဆင်ခြင်ခြင်းဟာ ပညာ အဆင့်ဆင့် မြင့်ကြောင်း တိုးပွားကြောင်းဖြစ်လို့ ထိုနက်နဲသော တရားနဲ့ နက်နဲသော တရားတို့ကို သိမြင်နေတဲ့ ပညာ အထူးအပြား အစားစားတို့ကို ဆင်ခြင်ခြင်းဟာလည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ် ဖြစ်ရပါတယ်။

(၇) ဓမ္မဝိစယသမ္ဗောဇ္ဈင်၌ သက်ဝင်ခြင်း

မဖြစ်သေးတဲ့ ပညာဉာဏ် ဖြစ်ပေါ်လာဖို့၊ ဖြစ်လာတဲ့ ပညာ မပျောက်ဖို့ တိုးတက်ဖို့ရာမှာ ပညာဖြစ်ဖို့ အမြဲတမ်း စိတ်သက်ဝင်နေခြင်း၊ စိတ်ပါနေခြင်းဟာ အရေးကြီးလှပါတယ်။
ဒီလို စိတ်ပါနေမှ ပညာတိုးတက်ရေးအတွက် မလစ်ဟင်းဘဲ အမြဲတမ်း တဆင့်ပြီး တဆင့် မြင့်တက်လာအောင် ကြိုးစားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဗောဇ္ဈင်မှာ စိတ်ပါ သက်ဝင်နေမှုဟာ ပညာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ် ဖြစ်ရပါတယ်။

+++++
စာကိုး
သပြေကန်ဆရာတော်ဘုရားကြီး၏ “ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ”

Leave a Reply