သရဏဂုံဆောက်တည်ပုံ – မဟာစည်ဆရာတော်ဘုရားကြီး


‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာမြတ် ၃-ပါးကို ဆည်းကပ် ကိုးကွယ်တာကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ယခု “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ ဆိုရတာတွေဟာ သရဏဂုံတွေပါပဲ။

အဲဒီ သုံးပုဒ်ထဲက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ – မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါတယ်”လို့ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ –

“မြတ်စွာဘုရားဟာ တရားအလုံးစုံကို အကုန် သိတော်မူတယ်။ အိုခြင်း နာခြင်း သေခြင်း အစရှိသော ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်တရားကို ကိုယ်တိုင် တွေ့ပြီးတော့ အဲဒီ နိဗ္ဗာန်ချမ်းသာကို သတ္တဝါအများ ရရှိခံစားနိုင်အောင်လို့ တရားတော်တွေကို ဟောကြားတော်မူတယ်။ မြတ်စွာဘုရားဟောတဲ့အတိုင်း လိုက်နာပြီး ကျင့်ရင် အပါယ် ၄-ပါးမှ လွတ်မြောက်သွားမယ်။ ဆင်းရဲ ခပ်သိမ်းမှလဲ လွတ်မြောက်သွားမယ်”လို့ ဒီလို ယုံကြည်ပြီးတော့ မြတ်စွာဘုရားကို အားကိုးပါတယ်လို့ ဆိုလိုပါတယ်။

ယခု ကာလမှာ နေမကောင်း မကျန်းမမာ ဖြစ်တဲ့အခါ ဆေးဆရာများကို အားကိုးရသလိုပါပဲ။
“ဒီ ဒေါက်တာ ဆရာဝန်ကြီးဟာ ဆေးဆရာကြီးဟာ ဆေးပညာမှာ ကောင်းကောင်း တတ်ကျွမ်းတယ်။ ဒီဆရာကြီးကို ပင့်ဆောင်ပြီး အပ်နှံရ ကိုးကွယ်ရရင် မိမိတို့ ရောဂါဟာ ပျောက်ကင်းသွားမယ်”လို့ ဒီလို ယုံကြည်ပြီးတော့ အားကိုး အားထား ပြုရပါတယ်။

အဲဒါလိုပါပဲ … “ငါတို့မှာ အပါယ်ဆင်းရဲတွေကလဲ ကြောက်စရာ ကောင်းတယ်။ အိုခြင်း နာခြင်း သေခြင်း အစရှိသော သံသရာ ဝဋ်ဆင်းရဲတွေကလဲ ကြောက်စရာ ကောင်းတယ်။ မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူသည့်အတိုင်း လိုက်နာပြီး ကျင့်ရင် အပါယ်ဆင်းရဲကလဲ လွတ်မြောက်သွားမယ်။ သံသရာ ဝဋ်ဆင်းရဲတွေကလဲ လွတ်မြောက်သွားမယ်”လို့ ဒီလို ယုံကြည်ပြီးတော့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ – မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏”လို့ ဒီလို လျှောက်ထားပြီး ဆောက်တည်ရတယ်။

ယခု ကာလမှာတော့ တချို့က ဒီ အနက်အဓိပ္ပာယ်တွေကို သိပုံလဲ မရပါဘူး။

မိဘ ဆရာတွေက ခိုင်းလို့ ဆိုတဲ့ အနေမျိုးလောက် ဖြစ်နေကြပါတယ်။

ပြီးတော့ သိရသလောက် အနက်အဓိပ္ပာယ်လဲ ဘာမှ နှလုံးသွင်းကြပုံ မရပါဘူး။

အပြေးအလွှား အမြန်ချည်း ရွတ်ဆိုနေကြတာပဲ။ ဆရာက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” လို့ ခပ်မြန်မြန် ရှေ့က ချပေးတော့ တပည့်တွေကလဲ ခပ်မြန်မြန် အပြေးအလွှားပဲ လိုက်ဆိုနေကြတယ်။
ဘာမှတော့ နှလုံးသွင်းနိုင်ကြဟန် မတူပါဘူး။

ဒီနည်းစနစ်ကတော့ တယ်မကောင်းလှဘူး။
ဖြည်းဖြည်းချင်း အာရုံပြုပြီး ဆိုနိုင်ရင်တော့ သာပြီး ကောင်းပါတယ်။

တချို့ကတော့ မပီတပီနဲ့ ဗလုံးဗထွေးတောင် ဆိုသွားလိုက်သေးတယ်။ အဲဒါကတော့ သာပြီး နေရာ မကျတာဘဲ။

အမှန်ကတော့ သိသမျှ အနက် အဓိပ္ပာယ်ကို အာရုံပြုပြီးတော့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”လို့ ဖြည်းဖြည်း မှန်မှန် ဆိုဖို့ရာပဲ။
အခါခပ်သိမ်း မဟုတ်တောင် တစ်ကြိမ်တစ်ခါလောက်ကတော့ အဲဒီလို လေးလေးနက်နက် အာရုံပြုပြီး ဆောက်တည်ထားဖို့ လိုပါတယ်။
ဒါက ‘ဗုဒ္ဓသရဏဂုံ’နဲ့ စပ်ပြီး သတိပြုစရာ အချက်ပဲ။

ထို့အတူ ‘ဓမ္မ သရဏဂုံ’ ‘သံဃ သရဏဂုံ’တွေကို ဆောက်တည်တဲ့အခါမှာလဲ သိသမျှ အနက် အဓိပ္ပာယ်ကို လေးလေးနက်နက် အာရုံပြုပြီး ဆောင်တည်ဖို့ပါပဲ။

အဲဒီမှာ “ဓမ္မံ သရဏံ ဂစ္ဆာမိ – တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါတယ်”လို့ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ မြတ်စွာဘုရား ဟောကြားထားတဲ့ ‘မဂ်တရား‘ ‘ဖိုလ်တရား’ ‘နိဗ္ဗာန်တရား’ ‘ဒေသနာတရား’ဆိုတဲ့ ဒီတရားတွေကို အားကိုးအားထား ပြုပါတယ်လို့ ဆောက်တည်တာပါပဲ။

အဲဒီ တရားတော်တွေနဲ့ ပြည့်စုံအောင်၊ အဲဒီ တရားတော်တွေအရ လိုက်နာ ကျင့်သုံးသွားရင် အပါယ်ဆင်းရဲမှလဲ လွတ်မယ်၊ သံသရာ ဝဋ်ဆင်းရဲမှလဲ လွတ်မြောက်မယ်လို့ ယုံကြည် အားကိုးတဲ့အကြောင်း လျှောက်ထား ပြောဆိုတာပါပဲ။

“သံဃံ သရဏံ ဂစ္ဆာမိ – သံဃာတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါတယ်”လို့ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ မြတ်စွာဘုရား၏ သာသနာတော်မှာ တရားကျင့်သုံးပြီး မဂ်ဖိုလ် ရောက်ဆဲ ရောက်ပြီး ဖြစ်တဲ့ အရိယာ သံဃာတော်တွေကို အပါယ်ဆင်းရဲ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ရန်အတွက် အားကိုးအားထား ပြုပါတယ်လို့ ဆောက်တည်တာပါပဲ။

သံဃာတော်ကို အရိုအသေပြုခြင်း၊ သံဃာတော်၏ အဆုံးအမကို လိုက်နာကျင့်သုံးခြင်းဖြင့် အပါယ်ဆင်းရဲ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်မယ်လို့ ယုံကြည် အားကိုးတဲ့အကြောင်း လျှောက်ထား ပြောဆိုတာပါပဲ။

ယခု ပြောခဲ့တဲ့အတိုင်း ‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာမြတ် ၃-ပါးကို လေးလေးစားစား အားကိုးအားထား ပြုပြီး ဆည်းကပ် ကိုးကွယ်တာကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဒီသရဏဂုံ ၃-ပါးနဲ့ ပြည့်စုံပြီး ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်နေတဲ့သူကို ပါဠိလို “ဥပါသက”၊ ဗမာလိုကတော့ “ဥပါသကာ”လို့ ခေါ်တယ်။ အမျိုးသမီးကိုတော့ “ဥပါသိကာ”လို့ ခေါ်တယ်။

တချို့ ရှေးမြန်မာစာတွေမှာတော့ “ဥပါသကီ”လို့လဲ ရေးထားတာကို တွေ့ရတယ်။ အဲဒါက ပါဠိနည်းတော့ မကျဘူး။ မြန်မာအသုံးလို့ ဆိုရမှာပေါ့။

ဒီလို သရဏဂုံတည်၊ ဥပါသိကာ ဖြစ်တာဟာလဲ နတ်ပြည်ရောက်ကြောင်း ကောင်းမှုပဲ။

ယေ ကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယဘူမိံ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တိ။
(ဒီ ၂-၂၀၄၊ သံ ၁-၂၅)

ယေကေစိ၊ အမှတ် မရှိသော အကြင်သူတို့သည်။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
သရဏံ၊ ကိုးကွယ်ရာ ဟူ၍။
ဂတာသေ၊ ဆည်းကပ်ကုန်၏။
တေ၊ ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်သော ထိုသူတို့သည်။
အပါယဘူမိံ၊ အပါယ်ဘုံသို့။
န ဂမိဿန္တိ၊ မလား မရောက်ကြကုန်လတံ့။
မာနုသံဒေဟံ၊ လူ့ဘဝ ခန္ဓာကိုယ်ကို။
ပဟာယ၊ စွန့်ပြီး၍ (ဝါ) စွန့်ရကုန်လတ်သော်။
ဒေဝကာယံ၊ နတ်မျိုးအပေါင်းကို။
ပရိပူရေဿန္တိ၊ ပြည့်စေကြကုန်လတံ့ (ဝါ) ပြည့်စေလျက် နတ်လောက၌ ဖြစ်ကြကုန်လတံ့ တဲ့။

ဒီ ဒေသနာတော်အရ သရဏဂုံ တည်ရုံနဲ့ နတ်ပြည်ရောက်နိုင်ကြောင်း ထင်ရှားပါတယ်။

+++++
(ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိပဿနာအခြေခံတရားတော်” မှ)

Leave a Reply