အေဘီဘီအေ ၂၀၁၀ နှစ်သစ်ပွဲတော်


အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၁၀ ခုနှစ် နှစ်သစ်ပွဲတော်ကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့လေသည်။

ကိုသောင်းစိန်-မသင်းသင်းနုနှင့် သမီး နှင်းစုခိုင် မိသားစုတို့က နှစ်ဖက်သော အဖိုးအဖွားများကို ရည်စူးပြီး၊ နှစ်ဖက်သော မိဘများကို အမှူးထားကာ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား နဝကမ္မဝတ္ထုများ လှူဒါန်းခြင်း၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ဒန်ပေါက်ထမင်း ဟင်း၊ အချိုမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်း၊

ဦးမြင့်သိန်း-ဒေါ်မြင့်မြင့်စန်းမိသားစုက ကြွရောက်လာကြသော ဧည့်ပရိသတ်များအား လက်ဖက်ရည်အချိုဖြင့် ဧည့်ခံ ကျွေးမွေးခြင်း တို့ကို သဒ္ဓါရွှင်လန်း ဝမ်းမြောက်ဝမ်းသာ ပြုလုပ်ကြ၏။

ပွဲတော်သို့ အေဘီဘီအေ ပဓာနနာယကဆရာတော်ဖြစ်သော လောကချမ်းသာဆရာတော်၊ အေဘီဘီအေ ဆရာတော်များ ဖြစ်ကြသော ဘုန်းကြီး အဘယာလင်္ကာရ၊ အရှင်ပညာသီဟ၊ အရှင်စက္ကိန္ဒ၊ အရှင်ဝဏ္ဏိတတို့နှင့် မြန်မာပြည်မှ ကြွရောက် သီတင်းသုံးလျက်ရှိသော စိန်စီဆရာတော် အရှင်သညောဘာသတို့ တက်ရောက် ချီးမြှင့်ကြ၏။

အရှင်ဝိမလနှင့် အရှင်သောဘနတို့မှာ ခရီးယာယီ ကြွရောက်နေကြသဖြင့် နှစ်သစ်ပွဲတော်သို့ မတက်ရောက်နိုင်ကြပေ။

ဆရာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်း၊ လောကချမ်းသာဆရာတော်မှ သြဝါဒ မြွက်ကြားခြင်း၊ စိန်စီဆရာတော်မှ ရှေးအခါက တစ်နှစ်တည်း လုပ်သော လယ်၌ ကိုးကြိမ်တိုင်တိုင် အဦးသော အလှူကိုပေး၍ တရားဦးကို ရပါစေသောဟု ဆုတောင်းခဲ့သူ ညီအစ်ကိုတစ်ဦးနှင့် နောက်ကျကာလမှ လှူခဲ့သူ ကျန်ညီအစ်ကိုတစ်ဦးတို့၏ ဗုဒ္ဓလက်ထက်တော်ကာလ၌ တရားဦးနာရသူနှင့် နောက်ဆုံးမှ ကျွတ်တမ်းဝင်ခဲ့သူများ ဖြစ်ရပုံကို ဟောကြားသွားကာ ကောင်းမှု ကုသိုလ်အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ၏။

Leave a Reply