စိန်စည်ဆရာတော် ပူဇော်ပွဲနှင့် တရားပွဲ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ စ၍ ကြွရောက် သီတင်းသုံးလျက်ရှိသော ပြည်တွင်းပြည်ပ မဟာစည်ရိပ်သာများ၏ နာယက၊ အောင်လံမြို့နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မဟာစည်သြဝါဒခံ စိန်စည်သာသနာ့ရိပ်သာ၏ ပဓာနနာယက၊ ကမ္မဋ္ဌာနာစရိယ ဓမ္မာစရိယ ဒီဃဘာဏက (ပိဋကတ်တစ်ပုံဆောင်) စိန်စည်ဆရာတော် ဘဒ္ဒန္တသညောဘာသအား ပူဇော်ပွဲနှင့် တရားပွဲကို ၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

နယူးယောက်မြို့ဝန်းကျင်ရာသီဥတုမှာ သောကြာနေ့ကတည်းက မိုးများရွာသွန်းလျက်ရှိပြီး စနေ၊ တနင်္ဂနွေ နေ့များတိုင်အောင် မိုးသည်း လေထန်မည်ဟု ခန့်မှန်းထားသည့်အတိုင်း မိုးသည်းထန်၍ လေတိုက်နှုန်း ပြင်းသဖြင့် ရာသီဥတု မကောင်းလှပေ။

ကျောင်းနေ သံဃာ သုံးပါးမှာ အခြားဆွမ်းစားတစ်ခုသို့ ကြွရောက်ကြရ၍ ကျောင်း၌ လောကချမ်းသာဆရာတော်နှင့် စိန်စည်ဆရာတော်တို့သာ ရှိ၏။

ပူဇော်ပွဲသို့ လာရောက်ကြသော ဒကာ ဒကာမများ ယူဆောင်လာကြသည့် ဆွမ်းဟင်းများနှင့် အချိုပွဲများမှာ ဆရာတော်နှစ်ပါးအတွက် များစွာ ပိုလျှံနေ၏။

ထိုနေ့ ပူဇော်ပွဲနှင့်တရားပွဲတွင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းမှ အတွင်းရေးမှူး ဦးစောဝင်းက စိန်စည်ဆရာတော်အား မေးမြန်းလျှောက်ထားခန်းကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးမည့် အစီအစဉ်တစ်ခုလည်း ပါဝင်၏။

အစီအစဉ်အရ ဆယ်မိနစ်-ဆယ့်ငါးမိနစ်စာ မေးမြန်းလျှောက်ထားခန်းကို နာရီဝက်-လေးဆယ့်ငါးမိနစ်ခန့် (နေ့ခင်း ၁၂း၃၀ နာရီမှ ၁း၀၀ နာရီထိ) အချိန်ယူရန် ခန့်မှန်းထားသော်လည်း မေးမြန်းလျှောက်ထားခန်းမှာ တစ်နာရီခန့် ရှိသွားပြီး ရိုက်ကူးချိန်အပါအဝင် ၂ နာရီခန့် ကြာမြင့်သွား၏။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး ဦးစောဝင်း၏ စိတ်ဝင်စားဖွယ် အချက်ကျသော မေးခွန်းများကို စိန်စည်ဆရာတော်က ကြားနာရသူတို့ နှစ်ထောင်းအားရ ဝမ်းမြောက်ဖွယ် စိတ်အားတက်ဖွယ် မှတ်သားဖွယ် လိုက်နာဖွယ် ဖြေကြားပေးသွားရာ သာဓုခေါ်ကြရလေသည်။

ဤ မေးမြန်းလျှောက်ထားခန်း ဗွီဒီယိုမှတ်တမ်းကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အင်တာနက်စာမျက်နှာတွင် လွှင့်တင်ရန် စီစဉ်ထားကြောင်း သိရ၏။

မေးမြန်းလျှောက်ထားခန်းအပြီးတွင် စိန်စည်ဆရာတော်လည်း နာရီဝက်ခန့်မျှသာ အနားယူချိန်ရရှိပြီး မွန်းလွဲ ၃း၀၀ နာရီ၌ လောကချမ်းသာ စနေနေ့တရားပွဲကို ဆက်လက် ဟောကြားရ၏။

ဤ တရားပွဲကိုလည်း ဗွီဒီယိုဖြင့် မှတ်တမ်းတင်ထားရာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အင်တာနက်စာမျက်နှာမှ ထုတ်လွှင့်သွားရန်နှင့် မေးမြန်းလျှောက်ထားခန်း ဗွီဒီယိုနှင့် ပူးတွဲကာ ဒီဗွီဒီချပ်များ ထုတ်လုပ်ရန် တိုက်တွန်းထားကြ၏။

တရားပွဲပြီးသောအခါ တရားနာပရိသတ်များမှာ ဝိပဿနာတရားကို လက်တွေ့ရှုမှတ်လိုကြသူများဖြစ်ရာ ဆယ့်ငါးမိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြရ၏။

လက်တွေ့ တရားရှုမှတ်ပြီးကြ၍ တရားပွဲပြီးသောအခါ လောကချမ်းသာဆရာတော်၊ စိန်စည်ဆရာတော်တို့နှင့် တရားနာပရိတ်သတ်များ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြ၏။

ညနေ ၅း၀၀ နာရီမှ ၆း၀၀ နာရီအထိတွင်မူ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း သင်ကြားပို့ချပေးနေသော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ (၂၃)ပတ်မြောက် အဘိဓမ္မာသင်ခန်းစာကို ဆရာတော် (အရှင်သီလာနန္ဒာဘိဝံသ)၏ အသံသွင်းသင်တန်းခွေ ဖွင့်ကာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ သင်ယူကြ၏။

သင်တန်းပြီးသောအခါ သင်တန်းသူ သင်တန်းသားများ၏ တောင်းဆိုချက်အတိုင်း စိန်စည်ဆရာတော်မှာ တစ်နေ့ခင်းလုံး ဖြေကြား ဟောကြားထားရမှုများကြောင့် ကောင်းစွာ အပန်းဖြေချိန် မရသေးသော်လည်း သင်တန်းသူ သင်တန်းသားများ၏ အဘိဓမ္မာတရားတော်ကို လေ့လာ သင်ယူလိုမှု၊ မရှင်းလင်းသော အချက်များကို သိနားလည်လိုမှု ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ညနေ ၆း၀၀ နာရီမှ ၇း၀၀ နာရီတိုင်အောင် ရှင်းလင်း သင်ကြားပေး၍ သိလိုမှု မေးခွန်းများကို စိတ်ဝင်စားဖွယ် နားလည် သဘောပေါက်အောင် ရှင်းလင်း ဖြေဆိုပေးသွား၏။

စိန်စည်ဆရာတော်မှာ ၂၀၁၀ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကနေဒါနိုင်ငံ၊ စင်ကာပူနိုင်ငံတို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်မည်ဖြစ်ရာ စိန်စည်ဆရာတော် ကျန်းမာ ချမ်းသာစွာဖြင့် သာသနာ့အကျိုး ဆက်လက် သည်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သကြလေသည်။

Leave a Reply