ဝေဒနာ အဖြေရှာ – အရှင်ပညာသီဟ

မေး။ ။ အေအိုင်ဒီအက်စ်ရောဂါကို ကာကွယ်နိုင် ကုသနိုင်တဲ့ ဆေးဝါးတွေ ယခုအထိ မပေါ်သေးတဲ့အတွက် ဒီရောဂါဖြစ်ကြတဲ့ ဝေဒနာရှင်တွေဟာ မျှော်လင့်ချက် ကင်းမဲ့ပြီး စိတ်ဓာတ်ကျဆင်းတတ်ကြပါတယ်။ အချို့ဆိုရင် စိတ်သောကဖိစီးလွန်းတဲ့အတွက် သေကြောင်းကြံကြတာမျိုး၊ ရူးသွပ်သွားတာမျိုးအထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အေအိုင်ဒီအက်စ်ရောဂါနဲ့ အလားတူ ပြင်းထန်တဲ့ အခြားရောဂါဝေဒနာတွေကို ခံစားနေကြရသူတွေအနေနဲ့ သူတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာတွေ သက်သာသွားအောင် ဗုဒ္ဓနည်းလမ်းအရ ဘယ်ပုံဘယ်နည်း တွေးခေါ် ကျင့်ကြံ ဆောင်ရွက်သွားသင့်တယ်ဆိုတာကို မိန့်ကြားပေးတော်မူပါဘုရား။

ဖြေ။ ။ ပြင်းထန်တဲ့ ရောဂါဝေဒနာ စွဲကပ်လာပြီး၊ ကုသလို့လည်း မရတော့ဘူး, ဒီရောဂါနဲ့ပဲ သေရတော့မယ်လို့ သိနေတယ်ဆိုရင် စိတ်ဆင်းရဲမှု ဖြစ်တာဟာ သာမန်လူသားတွေအတွက် သဘာဝပါပဲ။

စိတ်ဆင်းရဲမှု သက်သာအောင် ခန္ဓသံယုတ်၊ နကုလပိတုသုတ်မှာ “နာကျင်တဲ့ ခန္ဓာကိုယ်ရှိတဲ့သူအား နာကျင်တဲ့ စိတ်မရှိစေရ။ နာကျင်မှု ကင်းစေရမယ်”လို့ စိတ်ထားရှိဖို့လိုကြောင်း ဘုရားရှင်က နကုလပိတု ဒကာကြီးကို မိန့်ကြားခဲ့ပါတယ်။
အဲဒီလို စိတ်ထားနိုင်ရင် စိတ်သက်သာရာ ရနိုင်ပါတယ်။
မထားနိုင်ဘူးဆိုရင်တော့ ဆင်းရဲဝေဒနာ ခံစားရတဲ့အခါမှာ စိုးရိမ်မှု၊ ပင်ပန်းမှု၊ တွေဝေမိန်းမောမှုတွေ ဖြစ်မှာပါပဲ။
ဒါကြောင့် ကိုယ်ဆင်းရဲသာမက စိတ်ဆင်းရဲပါ ခံစားရလို့ ပိုပြီး ဆင်းရဲ ပင်ပန်းပါတယ်။
ဥပမာ – ဆူးတစ်ချောင်း စူးဝင်နေတာကို နောက်ထပ်ဆူးတစ်ချောင်းနဲ့ ထပ်ပြီး ထိုးဆွတဲ့အခါ ပိုပြီး နာသာခံခက် ဖြစ်သလိုပါပဲ။

ဝေဒနာတစ်ခု ရရှိလာတဲ့အခါ အဲဒီဝေဒနာအပေါ် သဘောထား တုန့်ပြန်မှု၊ ဝေဒနာကို ခံယူမှု စိတ်ထားမှန်ကန်ဖို့ အရေးကြီးပါတယ်။
ဆိုကြပါစို့ …. ဆင်းရဲတဲ့ ဝေဒနာနဲ့ တွေ့ကြုံတဲ့အခါ အဲဒီဝေဒနာခံစားရတာကို မကျေနပ်မှု၊ မနှစ်သက်မှုနဲ့ တုန့်ပြန်ရင် ပိုပြီး စိတ်ပင်ပန်းပါတယ်။
ချမ်းသာတဲ့ ဝေဒနာနဲ့ တွေ့ကြုံတဲ့အခါ သာယာတဲ့အနေနဲ့ တုန့်ပြန်ရင် တပ်မက်မှု ဖြစ်တတ်ပါတယ်။
ဝေဒနာရဲ့သဘော၊ ဝေဒနာရဲ့ချုပ်ပျောက်ကြောင်း, ဝေဒနာရဲ့ထွက်မြောက်ကြောင်းတွေကို အမှန်အတိုင်း မသိဘူးဆိုရင် ဝေဒနာကို ကိုယ်က ကောင်းတဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ မကောင်းတဲ့အနေနဲ့ပဲဖြစ်ဖြစ် တနည်းနည်းနဲ့ လက်ခံမိမှာပါပဲ။

ဝေဒနာတစ်ခုကို ကိလေသာနဲ့ ယှဉ်ပြီး မခံစားဘူးဆိုရင်တော့ ဒုက္ခဝေဒနာနဲ့ တွေ့တဲ့အခါ ကိုယ်သာ ဆင်းရဲပြီး၊ စိတ်မဆင်းရဲပါဘူး။
ဝေဒနာကို အကြောင်းပြုပြီး စိုးရိမ်မှု ပူပန်မှုတွေလည်း ဖြစ်မှာ မဟုတ်ပါဘူး။
ဝေဒနာရဲ့ သဘောအမှန်ကို သိလို့ ဘယ်လောက် ပြင်းထန်တဲ့ ဝေဒနာကိုပဲ ခံစားရ ခံစားရ စိတ်ဓာတ်ကျဆင်းမှု သောကဖိစီးမှုတွေ ဖြစ်မှာ မဟုတ်ပါဘူး။

နောက်ထပ် နှလုံးသွင်း တွေးခေါ် ကျင့်ကြံဆောင်ရွက်ဖို့ကတော့ လောကမှာ တောင့်တလို့ မရတဲ့ အရာငါးမျိုးကို နားလည် သဘောပေါက်ပြီး လက်ခံရမှာ ဖြစ်ပါတယ်။
ဘုရားရှင်က အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဌာနသုတ်မှာ –
(၁) အိုခြင်းသဘောရှိတဲ့ အရာကို မအိုပါစေနဲ့လို့ တောင့်တမရဘူး၊
(၂) နာခြင်းသဘောရှိတဲ့ အရာကို မနာပါစေနဲ့လို့ တောင့်တမရဘူး၊
(၃) သေခြင်းသဘောရှိတဲ့ အရာကို မသေပါစေနဲ့လို့ တောင့်တမရဘူး၊
(၄) ကုန်ဆုံးခြင်းသဘောရှိတဲ့ အရာကို မကုန်ဆုံးပါစေနဲ့လို့ တောင့်တမရဘူး၊
(၅) ပျက်စီးခြင်းသဘောရှိတဲ့ အရာကို မပျက်စီးပါစေနဲ့လို့ တောင့်တမရဘူးလို့ တောင့်တလို့ မရတဲ့ အရာငါးမျိုးကို ဟောထားပါတယ်။

သာမန်လူတွေအနေနဲ့ အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ “သြော် ငါ့မှာသာ အိုမှု နာမှု သေမှု ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်တာမဟုတ်ဘူး၊ အခြားသတ္တဝါတွေမှာလည်း အိုမှု နာမှု သေမှု ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်တာပဲ။ အိုမှု နာမှု သေမှု ပျက်စီးဆုံးရှုံးမှုတွေကို အကြောင်းပြုပြီး စိုးရိမ်ပူပန်နေမယ်ဆိုရင် ငါ့မှာ ထမင်းလည်း စားမဝင်၊ ရုပ်အဆင်းလည်း ဖောက်ပြန်၊ အလုပ်အကိုင်လည်း ပျက်မယ်၊ ငါ ဆင်းရဲဒုက္ခရောက်နေတာကို ကြည့်ပြီး ရန်သူတွေက ဝမ်းသာပြီး မိတ်ဆွေတွေက ဝမ်းနည်းကြလိမ့်မယ်”လို့ မဆင်ခြင်, နှလုံးမသွင်းတတ်ကြပါဘူး။
အဲဒီလို နှလုံး မသွင်းတတ်လို့ ရောဂါဝေဒနာကို အကြောင်းပြုပြီး စိုးရိမ်မှု ပူပန်မှု ငိုကြွေးမှု တွေဝေမှုတွေ ဖြစ်ပါတယ်။
အဲဒီအခါမှာ အဆိပ်နဲ့တူတဲ့ သောကမီးဟာ ရင်မှာ လောင်မြိုက်ပြီး မိမိကိုယ်ကို ပူပန်စေပါတော့တယ်။

အိုမှု၊ နာမှု၊ သေမှု၊ ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ “သြော် … ငါ့မှာသာ အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်တာ မဟုတ်ဘူး၊ အခြားသတ္တဝါတွေမှာလည်း အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်တာပဲ။ အိုမှု နာမှု သေမှု ပျက်စီး ဆုံးရှုံးမှုတွေကို အကြောင်းပြုပြီး စိုးရိမ် ပူပန်နေမယ်ဆိုရင် ငါ့မှာ ထမင်းလည်း စားမဝင်၊ ရုပ်အဆင်းလည်း ဖောက်ပြန်၊ အလုပ်အကိုင်လည်း ပျက်မယ်၊ ငါဆင်းရဲ ဒုက္ခရောက်နေတာကို ကြည့်ပြီး ရန်သူတွေက ဝမ်းသာပြီး မိတ်ဆွေတွေက ဝမ်းနည်းကြလိမ့်မယ်”လို့ ဆင်ခြင်နိုင်၊ နှလုံးသွင်းနိုင်မယ်ဆိုရင် ရောဂါဝေဒနာကို အကြောင်းပြုပြီး စိုးရိမ်မှု ပူပန်မှု ငိုကြွေးမှု တွေဝေမှုတွေ ဖြစ်မှာ မဟုတ်ပါဘူး။
အဲဒီအခါမှာ အဆိပ်နဲ့ တူတဲ့ သောကငြောင့်ကို ပယ်နုတ်ပြီး ဖြစ်လို့ ငြိမ်းအေး ချမ်းသာစွာ နေနိုင်ပါမယ်။
ဒါကြောင့် ပြင်းထန်တဲ့ ရောဂါဝေဒနာ ရလာတဲ့အခါ ပူပင်သောက မရောက်ဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမယ်ဆိုရင် စိတ်သက်သာရာ ရနိုင်ပါတယ်။

နောက်ပြီး ရောဂါဝေဒနာ ရပင်ရငြားသော်လည်းပဲ အသက်ရှင်နေသေးတဲ့ ကျန်ရှိနေတဲ့ ဘဝအစိတ်အပိုင်းမှာ ဗုဒ္ဓါနုဿတိ စတဲ့ ကုသိုလ်တရားတွေ ပွားများခွင့် ရနေသေးတယ်။
ဝိပဿနာအလုပ်ကို အားထုတ်ဖို့ အခွင့်ရနေသေးတယ်။
ရလာတဲ့ ဝေဒနာဟာ ငါ့အတွက် တရားရှုမှတ်စရာ ဖြစ်တယ်လို့ နှလုံးသွင်းလိုက်ရင် မျှော်လင့်ချက်ကင်းတယ်လို့ မယူဆနိုင်တော့ပါဘူး။
မိမိခံစားနေရတဲ့ ဝေဒနာကိုပဲ တရားရှုမှတ် ပွားများနိုင်ရင် စိတ်သက်သာရာ ရပြီး တရားထူး တရားမြတ်တောင် ရနိုင်ပါသေးတယ်။

ဘယ်လို ရှုမှတ်ရ

မေး။ ။ ဝေဒနာရှင်တွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာတွေကို သက်သာသွားအောင် ဆောင်ရွက်ရာမှာ သတိပဋ္ဌာန်တရားတော်နဲ့ ဝိပဿနာနည်းလမ်းတွေကို လိုက်နာကျင့်ကြံပြီး ဆောင်ရွက်သင့်,မသင့်နဲ့ အကယ်၍ ကျင့်ကြံဆေင်ရွက်သင့်တယ်ဆိုရင် မိမိရဲ့ အိမ်မှာ နေရင်း ဘယ်လို ကျင့်ကြံ ဆောင်ရွက်နိုင်တယ်ဆိုတာကို မိန့်ကြားတော်မူပါဘုရား။

ဖြေ။ ။ ဝေဒနာရှင်တွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာတွေကို သက်သာသွားအောင် ဆောင်ရွက်ရာမှာ သတိပဋ္ဌာန်တရားတော်နဲ့ ဝိပဿနာနည်းလမ်းတွေကို လိုက်နာ ကျင့်ကြံပြီး ဆောင်ရွက်သင့်တယ်လို့ ဖြေရမှာပါပဲ။

ဘာကြောင့်လည်းဆိုရင် သတိပဋ္ဌာန်တရားကို အားထုတ်တဲ့သူဟာ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးရခြင်းတို့ကို လွန်မြောက်တယ်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုကို ချုပ်ငြိမ်းစေတယ်လို့ မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင်က အတိအလင်း အာမခံချက် ပေးထားပါတယ်။

တခါတုန်းက သာဝတ္ထိပြည် အန္ဓဝန်တောမှာ သီတင်းသုံးတော်မူတဲ့ အရှင်အနုရုဒ္ဓါမထေရ်မြတ် အပြင်းအထန် မနာမကျန်း ဖြစ်တော်မူတယ်။
အဲဒီအခါမှာ သံဃာတော်တွေက အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို “အရှင်ဘုရားမှာ အပြင်းအထန် ဝေဒနာခံစားနေရပေမယ့် ဖြစ်ပေါ်လာတဲ့ ဝေဒနာဟာ အရှင်ဘုရားစိတ်ကို ဘာကြောင့် မလွှမ်းမိုးနိုင်ပါသလဲ”လို့ မေးပါတယ်။

ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ဒါလောက်ပြင်းထန်တဲ့ ဝေဒနာရရှိနေပါလျက်နဲ့ ဘာကြောင့် ငြီးငြူပင်ပန်း ရင်ပတ်စည်တီး ငိုကြွေးမြည်တမ်းခြင်း မဖြစ်ပါသလဲလို့ မေးတာပါပဲ။
ဒီတော့ အရှင်အနုရုဒ္ဓါမထေရ်က “ငါ့ရဲ့ စိတ်ဟာ သတိပဋ္ဌာန်လေးပါးမှာ ကောင်းစွာ တည်နေလို့ ပြင်းထန်တဲ့ ဝေဒနာ ရရှိသော်လည်း အဲဒီဝေဒနာက ငါ့စိတ်ကို မလွှမ်းမိုးနိုင်ဘူး”လို့ ပြန်ဖြေပါတယ်။
ဖြစ်ပေါ်လာတဲ့ ဝေဒနာကို သတိပဋ္ဌာန်နည်းနဲ့ ရှုမှတ်ပွားများလိုက်တော့ ဝေဒနာရဲ့ အနှိပ်အစက်ကို မခံစားရတော့ဘူးလို့ ဆိုလိုတာပါပဲ။
ဒါကြောင့် ဝေဒနာရှင်တွေဟာ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်သင့်ပါတယ်။

ဝေဒနာရှင်တွေဟာ အိမ်မှာ နေရင်း အချိန်ရသလောက် တရားရှုမှတ် ပွားများသင့်ပါတယ်။
တရားရှုမှတ်တယ်ဆိုတာ ဘုရားရှေ့မှာ ထိုင်ပြီး တရားရှုမှတ်မှ ဖြစ်တာ မဟုတ်ပါဘူး။
မိမိရဲ့ နေ့စဉ်ဘဝ လုပ်ကိုင်ဆောင်ရွက်ရာတွေမှာ သတိကပ်ပြီး လုပ်ကိုင်ဆောင်ရွက်တယ်ဆိုရင် တရားရှုမှတ်နေတာပါပဲ။
များသောအားဖြင့် လူတွေမှာ မိမိလုပ်ကိုင်ဆောင်ရွက်နေတာက တခြား၊ စိတ်ကူးနေတာက တခြား အဖြစ်များတတ်ပါတယ်။
အဲဒီ စိတ်ကူးတွေထဲမှာ စိုးရိမ်စရာ၊ ပူပန်စရာ၊ မကျေနပ်စရာ၊ လိုလားတပ်မက်စရာတွေ ဝင်ရောက် နေရာယူနေတတ်ပါတယ်။
အဲဒီလို မဝင်အောင် သွားတဲ့အခါမှာလည်း သွားတယ် … သွားတယ်၊ စားတဲ့အခါမှာလည်း စားတယ်, စားတယ်လို့ သတိကပ်ပြီး နေထိုင်နိုင်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်မှာ ကိုယ်အမူအရာ စိတ်အမူအရာ အားလုံးကို သတိကပ်ပြီး ရှုမှတ်ဖို့ ဟောကြားထားပါတယ်။
ဆိုကြပါစို့ … ပန်းကန်ဆေးနေတယ်။ ဆေးတဲ့အခါ လက်ကသာ ပန်းကန်ကို ပွတ်တိုက်နေပေမယ့် စိတ်က တခြားကို ရောက်နေတတ်တယ်။ တခြားကို ရောက်နေပြီဆိုကတည်းက စိုးရိမ်စရာ၊ ပူပန်စရာ၊ မကျေနပ်စရာ၊ လိုလားတပ်မက်စရာတွေထဲက တစ်ခုခု ဖြစ်နေတာပဲ။
အဲဒီလို မဟုတ်ဘဲ စိတ်က ပွတ်တိုက်နေတဲ့ ပန်းကန်အပေါ် လက်အပေါ်မှာ ရောက်နေရင် စိုးရိမ်စရာ၊ ပူပန်စရာ၊ မကျေနပ်စရာ၊ လိုလား တပ်မက်စရာတွေ ဝင်မလာတဲ့အတွက် စိတ်ဟာ ကြည်လင် လန်းဆန်း အေးမြ ငြိမ်သက်နေတယ်။
ဒါကြောင့် မိမိရဲ့ နေ့စဉ်ဘဝ လုပ်ကိုင် ဆောင်ရွက်ရာတွေမှာ သတိကပ်ပြီး လုပ်ကိုင် ဆောင်ရွက်ရင်း တရားရှုမှတ်နိုင်ပါတယ်။

ဘာကို နှလုံးသွင်းရ

မေး။ ။ အေအိုင်ဒီအက်စ်ရောဂါနဲ့ အလားတူ ပြင်းထန်တဲ့ တခြားရောဂါဝေဒနာတွေကို ခံစားနေကြရသူတွေအနေနဲ့ ရွတ်ဖတ်ပွားများ အားထုတ်သင့်တဲ့ သုတ္တန်နဲ့ ဂုဏ်တော် တရားတော်တွေအကြောင်းကို ရှင်းလင်း မိန့်ကြားပေးတော်မူပါ ဘုရား။ ဒီလို မိန့်ကြားရာမှာ အဲဒီ တရားတော်တွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဒီတရားတော်တွေကို ရွတ်ဖတ်ပွားများခြင်းအားဖြင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကိုလည်း ထည့်သွင်း မိန့်ကြားမေးတော်မူပါဘုရား။

ဖြေ။ ။ ဝေဒနာရှင်များအနေနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်တော်တွေ၊ မိမိရဲ့ သီလဂုဏ်၊ ပေးကမ်းစွန့်ကြဲမှုဂုဏ်တွေကို ဆင်ခြင် အောက်မေ့နိုင်ပါတယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေအနေနဲ့ကတော့ မိမိဆိုင်ရာ ဘာသာတရားရဲ့ အထွတ်အမြတ်ထားမှု၊ ကောင်းမြတ်တဲ့ ဆိုဆုံးမမှုတွေကို ဆင်ခြင် အောက်မေ့နိုင်ပါတယ်။

အင်္ဂုတ္တရနိကာယ်၊ အာဟုနေယျဝဂ်၊ မဟာနာမသုတ်မှာ – “ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော်တွေ၊ မိမိရဲ့ သီလဂုဏ်၊ ပေးကမ်းစွန့်ကြဲမှုဂုဏ်တွေကို ဆင်ခြင်အောက်မေ့တဲ့အခါ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်မှာ ရာဂထကြွ သောင်းကျန်းမှု မဖြစ်၊ ဒေါသ, မောဟ ထကြွသောင်းကျန်းမှု မဖြစ်ဘဲ ဖြောင့်မတ်တဲ့ စိတ်တွေ ဖြစ်နေမယ်။ အဲဒီလို ဖြောင့်မတ်တဲ့စိတ်ရှိသူမှာ တရားနဲ့ပတ်သက်တဲ့ ဝမ်းမြောက်မှုကို ရတယ်။ ဝမ်းမြောက်ရင် နှစ်သက်မှု ဖြစ်တယ်။ နှစ်သက်တဲ့ စိတ်ရှိရင် ကိုယ်ငြိမ်းအေးတယ်။ ငြိမ်းချမ်းတဲ့ကိုယ်ရှိတဲ့သူဟာ ချမ်းသာကို ခံစားရတယ်”လို့ ဘုရားရှင် ဟောထားပါတယ်။
ဒါကြောင့် ရောဂါဝေဒနာ ရနေတဲ့သူတွေဟာ ဘုရားဂုဏ် စသည်တွေကို ဆင်ခြင် အောက်မေ့မယ်ဆိုရင် ရောဂါ ဝေဒနာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ညစ်ညူးမှုတွေ ကင်းဝေးပြီး အေးအေးချမ်းချမ်း နေနိုင်ပါလိမ့်မယ်။

နောက်ထပ် ရွတ်ဖတ် ပွားများသင့်တဲ့ သုတ်တွေကတော့ အဘိဏှသုတ်၊ ဗောဇ္ဈင်္ဂသုတ်တို့ ဖြစ်ပါတယ်။
အဲဒီသုတ်တွေရဲ့ အနက်အဓိပ္ပာယ်တွေကိုလည်း သိအောင် လေ့လာသင့်ပါတယ်။
ဗောဇ္ဈင်္ဂသုတ်လာ ဗောဇ္ဈင်တရားတွေဟာ ရောဂါပျောက်ရေးဝယ် မန္တာန်သဖွယ်၊ ဆေးသဖွယ် ဖြစ်ပါတယ်။
အရှင်မဟာကဿပနဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ မနာမကျန်းဖြစ်စဉ်က ဘုရားရှင်ကိုယ်တိုင် ဗောဇ္ဈင်တရားတွေကို ရွတ်ဖတ် ချီးမြှင့်ပေးခဲ့တယ်။
ဘုရားရှင်ကိုယ်တိုင် ရွတ်ဖတ် ချီးမြှင့်ပေးတဲ့ ဗောဇ္ဈင်တရားတွေကို နာကြား နှလုံးသွင်း ပွားများလိုက်တော့ အရှင်မြတ်တွေမှာ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေ ကင်းပျောက်သွားတယ်။
ဘုရားရှင်ကိုယ်တော်တိုင် မနာမကျန်းဖြစ်တဲ့အခါမှာလည်း ဒီဗောဇ္ဈင်တရားတွေကို ရွတ်ဖတ်ပူဇော်ပေးဖို့ အရှင်စုန္ဒမထေရ်ကို တိုက်တွန်းပြီး၊ အရှင်စုန္ဒမထေရ် ရွတ်ဖတ်တဲ့ ဗောဇ္ဈင်တရားတွေကို နာကြား နှလုံးသွင်း ပွားများလိုက်တော့ ဘုရားရှင်မှာ ဖြစ်ပေါ်လာတဲ့ ရောဂါ ဝေဒနာတွေ ကင်းပျောက်သွားတယ်။

ဒါကြောင့် ရောဂါ ဝေဒနာရှင်တွေအနေနဲ့ ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်၊ နာကြား၊ နှလုံးသွင်း၊ ပွားများသင့်တယ်။
ရွတ်ဖတ်ရုံ၊ နာကြားရုံနဲ့တော့ မလုံလောက်သေးဘူး။
ဗောဇ္ဈင်တရား ခုနစ်ပါးကို ပွားများရမယ်။
ဗောဇ္ဈင်ခုနစ်ပါးကို ပွားများရမယ်ဆိုတော့ ပွားများစရာတွေ များတယ်လို့ ထင်မယ်။ မများပါဘူး။ ဝိပဿနာတရားကို ပွားများအားထုတ်ရင် ဗောဇ္ဈင်ခုနစ်ပါးကို ပွားများပြီးသား ဖြစ်သွားတာပါပဲ။
အဲဒီလို ဗောဇ္ဈင်ခုနစ်ပါး အကျုံးဝင်တဲ့ ဝိပဿနာတရားကို အားထုတ်ရင် လတ်တလော ခံစားနေရတဲ့ ရောဂါ ဝေဒနာလည်း ပျောက်ကင်းမယ်။ နောက်ပြီး အပြည့်အစုံ ကြိုးစား အားထုတ်နိုင်မယ်ဆိုရင် ကိလေသာ အနာရောဂါတွေ လုံးဝ ကင်းစင်ပြီး ငြိမ်းအေး ချမ်းသာတဲ့ဓာတ်ကို ရရှိမှာ ဖြစ်ပါတယ်။

ဘယ်လို နှစ်သိမ့်ရ

မေး။ ။ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို ခံစားနေရသူအချို့ဟာ သေခြင်းတရားရဲ့ ခြိမ်းခြောက်ဖိစီးမှုဒဏ်ကို အဆမတန် ခံစားကြရတဲ့အတွက် သတိလက်လွတ်ဖြစ်ကြရပါတယ်ဘုရား။ ဒါကြောင့် ဒီလို ပုဂ္ဂိုလ်တွေရဲ့ စိတ်နှလုံး အေးချမ်းသွားအောင် ဗုဒ္ဓနည်းကျ နှစ်သိမ့်ပေးနိုင်မယ့် တရားတွေအကြောင်းကိုလည်း မိန့်ကြားတော်မူပါဘုရား။

ဖြေ။ ။ သေခါနီးကာလမှာ သတိလက်လွတ်ဖြစ်ပြီး စိတ်နှလုံး မအေးချမ်းတာဟာ မိမိအတွက် စိုးရိမ်ပူပန်တာကြောင့် ဖြစ်သလို ကျန်ရစ်ခဲ့မယ့် ဆွေမျိုးသားချင်းတွေအတွက် စိုးရိမ်ပူပန်တာကြောင့်လည်း ဖြစ်တယ်။
ဒါကြောင့် ဝေဒနာရှင်ရော ကျန်ရစ်ခဲ့မယ့်သူတွေအတွက်ပါ စိုးရိမ်မှု မဖြစ်အောင် နှစ်သိမ့်ပေးရပါတယ်။

ရောဂါဝေဒနာခံစားရသူတွေ စိတ်နှလုံး အေးချမ်းအောင် ဘုရားရှင်ကိုယ်တော်တိုင် ဆောင်ရွက်ပေးခဲ့ရတဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။

မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့အခါ ဒီဃာဝုဥပါသကာ မကျန်းမမာဖြစ်လို့ ပင့်လျှောက်တာနဲ့ ဒီဃာဝုဥပါသကာဆီ ကြွရတယ်။
ရောက်တဲ့အခါ ရောဂါသက်သာရဲ့လားလို့ မေးတော့ မသက်သာကြောင်း၊ ရောဂါတိုးလာကြောင်း၊ ဒီရောဂါနဲ့ သေရတော့မယ့်အကြောင်းတွေကို လျှောက်ကြားတယ်။

ဒီတော့ ဘုရားက –
“ဒီဃာဝု၊ သင့်မှာ ဘုရားကို ယုံကြည်မှု၊ ငါးပါးသီလ လုံခြုံမှု ရှိရဲ့လား”လို့ မေးပါတယ်။
ဒီတရားတွေ တပည့်တော်သန္တာန်မှာ ရှိပါတယ်ဘုရားလို့ လျှောက်တော့ ဘုရားက ထပ်ပြီး မေးတယ်။

“ဒီဃာဝု၊ သင့်အနေနဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ မမြဲခြင်းသဘော၊ မမြဲသောတရား၌ ဆင်းရဲခြင်းသဘော၊ ဆင်းရဲသောတရား၌ အတ္တမဟုတ်သော သဘောတို့ကို အဖန်ဖန် ရှုရဲ့လား၊ ပယ်အံ့ဟူသော အမှတ်သညာ၊ စွဲမက်မှု ကင်းစေအံ့ဟူသော အမှတ်သညာ ရှိရဲ့လား”လို့ မေးတဲ့အခါ ဒါတွေလည်း ရှိပါတယ်ဘုရားလို့ ပြန်လျှောက်တယ်။

အဲဒီလို တရားတွေ သင့်မှာ ရှိနေရင် ဘာအတွက် သေခါနီးမှာ စိုးရိမ်ပူပန်နေပါသလဲလို့ မေးတော့၊
တပည့်တော် ကွယ်လွန်ရင် တပည့်တော်ရဲ့ ဖခင် စိတ်ပူပန်မှာကို စိုးရိမ်လို့ပါဘုရားလို့ လျှောက်တယ်။

အနီးအနားမှာ ရှိတဲ့ ဖခင်ဖြစ်သူ ဇောတိပါလသူကြွယ်က သူ့အတွက် စိုးရိမ်ဖို့ မလိုကြောင်း၊ ဘုရားဟောကြားတဲ့ တရားကိုသာ နှလုံးသွင်းနေသင့်ကြောင်း သူ့သားကို နှစ်သိမ့် အားပေးပါတယ်။

ဘုရားရှင် ပြန်ကြွလို့ မကြာခင်မှာဘဲ ဒီဃာဝုဥပါသကာဟာ အေးအေးချမ်းချမ်းနဲ့ ကွယ်လွန် အနိစ္စရောက်ပြီး ဗြဟ္မပြည်မှာ အနာဂါမ်အဖြစ်နဲ့ ပြန်လည် မွေးဖွားပါတယ်။ အဲဒီမှာပဲ တရားဆက်လက် ကျင့်သုံးပြီး နိဗ္ဗာန်မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။

ဒီသုတ္တန်ဒေသနာကတော့ သောတာပတ္တိသံယုတ်၊ ဒီဃာဝုသုတ် ဖြစ်ပါတယ်။

ဒီဥပမာကို ယူပြီးတော့ သေခါနီး ဖြစ်နေတဲ့ ရောဂါဝေဒနာရှင်တွေ စိတ်အေးချမ်းသာအောင် တရားစကားပြောခြင်း၊ သူတို့ ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကို ပြောပြပေးခြင်း၊ ကျန်ရစ်မယ့်သူတွေအတွက် စိုးရိမ်စရာ မလိုကြောင်း ပြောပြပေးခြင်း ပြုလုပ်ပြီး နှစ်သိမ့်ပေးရပါမယ်။
အဲဒီလို နှစ်သိမ့်လို့ အေးအေးချမ်းချမ်းနဲ့ ကွယ်လွန်သွားတယ်ဆိုရင် အသေဖြောင့်ပြီး ကောင်းရာမွန်ရာကို ရောက်မှာပါပဲ။

သာဓု … သာဓု … သာဓုပါ ဘုရား။

(ရေဒီယိုဖရီးအေးရှားမှ ဦးမောင်မောင်မြင့်၏ အမေးကို ဖြေကြားသည်။)
(၂၀၀၃ ခုနှစ် ဇူလိုင်လ ၆ ရက်ထုတ်၊ The Universal Peace Buddha Temple Newsletter မှ)

Leave a Reply