လောကချမ်းသာဘုရားကြီး – ၁


ဦးဘဦး၊ ဦးယောက်ကြည်၊ ဦးတင်မောင် မိသားစုများမှ နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးသို့ ကြေးဆင်းတုတော်တဆူ၊ ပလ္လင်၊ ပိဋကတ်သုံးပုံ (အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ)၊ ပရိက္ခရာ အစုံ ၁၀၀ နှင့် သာသနာရေးပစ္စည်းများ ပေးပို့လှူဒါန်းရန် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၀ိုင်၊အမ်၊ဘီ၊အေ)၏ အကူအညီ တောင်းခံ ရယူခဲ့ကြရပါသည်။

၁၉၈၅-ခုနှစ် မတ်လ (၂၈)ရက် နေ့စွဲဖြင့် ၀ိုင်၊အမ်၊ဘီ၊အေအသင်းကြီး၏ ဒုတိယ ဥက္ကဌ ဦးကျော်ဒင်က ဤသို့ ပေးပို့လှူဒါန်းခြင်း အစီရင်ခံစာကို ပြုစုထားခဲ့ရာ လောကချမ်းသာဘုရာကြီး၏ သမိုင်း တစိတ်တဒေသအဖြစ် ပြန်လည် ဖော်ပြ မှတ်တမ်းတင်ရပါသည်။

+ + + + + + + + +

(လောကချမ်းသာဘုရားကြီး)

နိဒါန်း

၁။ အသင်းကြီး၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုး ဘာသာ သာသနာ ပညာအကျိုးကို အသင်းကြီးတည်ထောင်သည့် ၁၉၀၆-ခုမှ စ၍ ယနေ့တိုင် သည်ပိုးထမ်းဆောင်ခဲ့သည့်အတိုင်း ပြည်တွင်းပြည်ပ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးကိုလည်း ဆောင်ရွက်ခဲ့ ဆောင်ရွက်ဆဲ ဖြစ်ပါသည်။

၂။ နိုင်ငံခြားသာသနာပြုအနေဖြင့် ၁၉၈၀-ပြည့်နှစ် နှစ်ဆန်းက ဂျပန်နိုင်ငံ၊ ကျူရှုးကျွန်းမြောက်ပိုင်းမြို့တော် မိုဂျီမြို့ရှိ ကမ္ဘာအေးစေတီတော်အတွက် ရွှေချပြီး ဘုံ(၇)ဆင့်ရှိ ထီးတော်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။

၃။ ယခု ဒုတိယအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း၏ ကျောင်းတိုက်တွင် ထားရှိ ကိုးကွယ်ရန် ကြေးဆင်းတုတော်၊ ပလ္လင် တံကဲနှင့် သာသနာရေးပစ္စည်းများ၊ အထက်ဖော်ပြပါ ကျောင်းအပြင် အခြားမြို့များရှိ ထေရာဝါဒကျောင်းများသို့ ခွဲဝေလှူဒါန်းရန်အတွက် ပိဋကတ်တော်များနှင့် ပရိက္ခရာအစုံ(၁၀၀)တို့ကို ပေးပို့ လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အလှူဖြစ်အင် ကြောင်းစုံလင်

၎။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရုမ်းမ်လမ်း၊ အမှတ်(၄၅၀)တွင် အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း တည်ရှိပါသည်။ အဆိုပါ အသင်းက နယူးယောက်မြို့၊ ဘရုတ်ကလင်ရပ်၊ ဘားဂင်းလမ်း၊ အမှတ်(၆၁၉)ရှိ လေးထပ်တိုက်တလုံးကို ဝယ်ယူပြီး ဘုန်းတော်ကြီးကျောင်းအဖြစ် ပြုပြင်ဆောက်လုပ်ခဲ့ပါသည်။ ၎င်းကျောင်းတိုက်တွင် ဆရာတော်ဦးဣန္ဒကနှင့် ဆရာတော်ဦးပညာဇောတတို့ သီတင်းသုံးကြမည် ဖြစ်ပါသည်။ ယင်းကျောင်းတိုက်တွင် ထားရှိ ကိုးကွယ်ရန်နှင့် အခြားလိုအပ်နေသော အောက်ဖော်ပြပါ သာသနာရေးပစ္စည်းများကို ယခင်က လှူဒါန်းရန် ကတိပြုခဲ့ကြသော ဦးဘဦးနှင့် ဦးယောက်ကြည်တို့ထံ ဆက်သွယ် အလှူခံလာကြပါသည်။

(လောကချမ်းသာဘုရားကြီး)

(က) ကြေးဆင်းတုတော် ဉာဏ်တော် ၄၈-လက်မ၊ ပလ္လင်တံကဲပါ ၁-ဆူ

(ခ) ရွှေထီး ၂၄-လက်မ ၂-လက်

(ဂ) ထီးဖြူ(ကနက္ကဒဏ်) ၂-လက်

(ဃ) ရွှေအုတ် ဗျက် ၁၂-လက်မ ၂-ခု

(င) ရွှေကလပ် ဗျက် ၆-လက်မ ၂-ခု

(စ) ကြေးစည် ၅-ပိသာ ၁-ခု

(ဆ) ပိဋကတ်သုံးပုံ (ပါဠိ-အင်္ဂလိပ်) ၃-စုံနှင့် ဓမ္မရောင်ခြည်စာစောင်များ

(ဇ) ပရိက္ခရာ ၁၀၀-စုံ

၅။ ယခု အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း ဥက္ကဌ ဦးဟန်ကြူက အလှူရှင်များထံ ဆက်သွယ် အလှူခံလာသောအခါ အလှူရှင်များအနေဖြင့် လှူဒါန်းရန် စိတ်ဆန္ဒရှိကြပါသော်လည်း လုပ်ငန်းကြီးတခုလုံး ပြီးဆုံးသည်အထိ လိုက်ပါဆောင်ရွက်ရန် အခက်အခဲ အမျိုးမျိုးရှိသဖြင့် ကျွန်တော့အား ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးပါရန် ဦးဘဦး၏ ခမီးခမက်တော်သူ ဦးမောင်မောင်မှတဆင့် မေတ္တာရပ်ခံလာပါသည်။

၆။ ကျွန်တော့အနေဖြင့် နိုင်ငံခြားသို့ သာသနာပြုရန် ကိစ္စတရပ်ဖြစ်သဖြင့် တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ တဆက်တည်း ကျွန်တော်တဦးတည်းအနေဖြင့်လည်းကောင်း၊ သို့မဟုတ် မောင်ထော်လေးလမ်း ဆွမ်းလောင်းအသင်းအနေဖြင့်လည်းကောင်း မည်သို့ဆောင်ရွက်လျှင် ကောင်းမည်ကို စဉ်းစားခဲ့ပါသည်။ အလှူရှင်အား မေးမြန်းရာတွင်လည်း လှူဒါန်းလိုသည့် ဆင်းတုတော်နှင့် သာသနာရေးပစ္စည်းများ ရဖို့သာ အဓိကဖြစ်ကြောင်း၊ ကြိုက်သလို ဆောင်ရွက်ပါရန် လုံးဝ လွှဲအပ်ပါကြောင်း ပြန်ကြားခဲ့ပါသည်။

၇။ ကျွန်တော့အနေဖြင့် စဉ်းစားပြီး ကျွန်တော် အမှုဆောင်တဦးအဖြစ် ဆောင်ရွက်နေသော ဘာသာရေးအသင်းကြီးဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝ (ဝိုင်အမ်ဘီအေ)အသင်းကြီးအနေဖြင့် နိုင်ငံခြားသာသနာပြုလုပ်ငန်းကြီးတရပ် စွမ်းဆောင်ရွက်ခွင့်ရပါစေ၊ ဤအသင်းကြီးနှင့် အမေရိကန်-မြန်မာဗုဒ္ဓဘာသာ အသင်းများလည်း သာသနာပြုကိစ္စရပ်များတွင် အရှည်သဖြင့် လက်တွဲ ဆောင်ရွက်နိုင်ပါစေဟု ရည်သန်ပြီး အလှူရှင်များအား တိုင်ပင်ရာ ၎င်းတို့ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူညီကြသဖြင့် မှီရာ ဝိုင်အမ်ဘီအေအမှုဆောင် လစဉ်အစည်းအဝေးသို့ တင်ပြခဲ့ပါသည်။ အမှုဆောင်အဖွဲ့ကလည်း သဘောတူကြောင်းနှင့် အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်းက စာဖြင့် ဆက်သွယ် မေတ္တာရပ်ခံလာပါက ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်ကြပါသည်။

၈။ အခြေအနေကို အလှူရှင်များနှင့် ၎င်းတို့မှတဆင့် အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်းသို့ အကြောင်းကြားခဲ့ပါသည်။ အမေရိကန်-မြန်မာဗုဒ္ဓဘာသာ အသင်းက ၁၄-၅-၈၄ နေ့စွဲပါ စာဖြင့် အထက်ဖော်ပြပါ ပစ္စည်းများကို အလှူခံလာပါသည်။ အဆိုပါစာကို ၉-၆-၈၄ နေ့တွင် ပြုလုပ်သော လစဉ်အမှုဆောင် အစည်းအဝေးသို့ တင်ပြခဲ့ပါသည်။ အစည်းအဝေးက အမေရိကန်ပြည်ထောင်စုသို့ ကြေးဆင်းတုတော်နှင့် အလှူခံလာသော ပစ္စည်းများ ပေးပို့ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် သဘောတူကြောင်းနှင့် ကျွန်တော့အား တာဝန်ပေးအပ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

Leave a Reply