လောကချမ်းသာဘုရားကြီး – ၂

အလှူအတွက် ဆောင်ရွက်ချက်

၉။ ကြေးဆင်းတုတော်နှင့် သာသနာရေးပစ္စည်းများအတွက် ရှေးဟောင်းသုတေသနဦးစီးဌာနက ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောင်ခံချက် လိုအပ်ပါသည်။ အဆိုပါ ထောက်ခံချက်ပါမှသာ သာသနာရေးဦးစီးဌာနက ဆက်လက် ထောက်ခံပါသည်။ သာသနာရေးဦးစီးဌာနထောက်ခံချက် ပါမှသာ ကုန်သွယ်ရေးဦးစီးက လျှောက်လွှာကို လက်ခံပါသည်။

၁၀။ သို့ပါ၍ ဦးစွာ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ညှိနှိုင်းရပါသည်။ ဆင်းတုတော်များ စတင်ထုလုပ်ခွင့်နှင့် ထောက်ခံချက်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ညှိနှိုင်းရာ သက်ဆိုင်ရာ ကြေးသွန်းဆရာ နိဗ္ဗာန်ကုန်သည်တို့ထံတွင် ထွင်းထုလုပ်နေကြောင်း မှန်ကန်ကြောင်းနှင့် ရှေးဟောင်းပစ္စည်း မဟုတ်ပါကြောင်း သက်ဆိုင်ရာ ပြည်သူ့ကောင်စီများက ထောက်ခံချက်များ ပါရှိပါက ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် မန္တလေးမြို့ ကြေးသွန်းဆရာထွန်း၏သား ဦးဘရင်နှင့်သား နိဗ္ဗာန်ကုန်သည် ဦးဘအေး-ဒေါ်လှလှတို့ထံ အလှူရှင်များမှတဆင့် အကျိုးအကြောင်း အကြောင်းကြားပြီး သက်ဆိုင်ရာ ရပ်ကွက်ပြည်သူ့ကောင်စီများနှင့် မြို့နယ်ကောင်စီတို့၏ ထောက်ခံချက် တောင်းခံခဲ့ပါသည်။

၎င်းတို့ကလည်း ရွှေဘုန်းရှိန်ရပ်ကွက်၊ ရတနာဘုံမိရပ်ကွက်နှင့် မန္တလေးအရှေ့တောင်မြို့နယ်တို့မှ ပြည်သူ့ကောင်စီများ၏ ထောက်ခံချက်များ တောင်းခံပြီး ပြန်လည် ပေးပို့ခဲ့ပါသည်။

ထောက်ခံချက်များ ရရှိပြီး နောက်တရက် ၃၁-၇-၈၄ နေ့တွင် ကုန်သွယ်ရေးဦးစီးဌာနသို့ ပြည်ပတင်ပို့ခွင့် အမိန့်ထုတ်ပေးရန် လျှောက်လွှာနှင့် ရှေးဟောင်း သုတေသနဌာနသို့ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက် ထုတ်ပေးရန် လျှောက်ထားခဲ့ပါသည်။

ကုန်သွယ်ရေးဦးစီးဌာနက သာသနာရေးဦးစီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံလွှာ ချက်ချင်း ထုတ်ပေးပါသည်။ ၎င်းစာယူပြီး ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ ဆက်လက် သွားရောက်ရာ ၎င်းဌာနက ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် တခါတည်း ထုတ်ပေးပါသည်။ သာသနာရေးဦးစီးဌာနသို့ ဆက်လက် သွားရောက်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ် မရှိ၍ ပြန်ခဲ့ရပါသည်။

၁၁။ ၁-၈-၈၄ နေ့တွင် သာသနာရေးဦးစီးဌာနသို့ တယ်လီဖုန်းဆက်ကြည့်ရာ ညွှန်ကြားရေးမှူးချုပ် ပြည်ထဲရေးဝန်ကြီးဌာနသို့ အစည်းအဝေးသွားတက်နေကြောင်း၊ မည်သည့်အချိန် ပြန်ရောက်မည် မသိကြောင်း ပြော၍ သာသနာရေးဦးစီးဌာနသို့ မသွားရောက်နိုင်ခဲ့ပါ။

၁၂။ ၂-၈-၈၄ နေ့တွင် သာသနာရေးဦးစီးဌာနသို့ သွားရောက်ခဲ့ပါသည်။ အစည်းအဝေးပြုလုပ်နေ၍ ထိုင်စောင့်နေပြီး အစည်းအဝေးပြီးလျှင်ပြီးချင်း ဝင်တွေ့ရာ ချက်ချင်း လက်နှိပ်စက်ရိုက်၍ ထောက်ခံစာနှင့် သာသနာရေးဦးစီးဌာနထုတ် စာအုပ်များစာရင်း ထုတ်ပေးပါသည်။ သို့သော် အချိန်မရှိတော့သဖြင့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့သို့ မဝင်ရောက်နိုင်တော့ပါ။

၁၃။ ၃-၈-၈၄ နေ့တွင် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့သို့ သွားရောက်ခဲ့ပါသည်။ အစည်းအဝေးထိုင်နေ၍ စောင့်နေပြီး ၎င်းတို့ အစည်းအဝေးပြီးလျှင် ဝင်တွေ့ရာ စာအုပ်များစာရင်း စစ်ဆေးပြီး ကန့်ကွက်ရန် မရှိကြောင်းစာ အပြီးထုတ်ပေးခဲ့ပါသည်။ အချိန်မရတော့၍ ကုန်သွယ်ရေးဦးစီးဌာနသို့ ဆက်မတင်နိုင်တော့ပါ။

၁၄။ ၆-၈-၈၄ ရက် တနင်္လာနေ့တွင် ကုန်သွယ်ရေးဦးစီးဌာနသို့ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့၏ ပေးပို့လှူဒါန်းမည့် စာအုပ်များစာရင်းနှင့် စိစစ်ပြီး ကန့်ကွက်ရန် မရှိကြောင်း ပြန်စာကို တင်ပြခဲ့ပါသည်။ ကုန်သွယ်ရေးဦးစီးဌာနက လိုအပ်သော ရှေးဟောင်းသုနေသနဌာန၊ သာသနာရေးဦးစီးဌာန၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့တို့ထံမှ ထောက်ခံစာများ အပြည့်အစုံ ရရှိပြီးဖြစ်၍ ဆက်လက် တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၁၅။ (၂)ပတ် တကြိမ်ခန့် ဆက်သွယ် စုံစမ်းပါသည်။ စုံစမ်းရာတွင် ကုန်သွယ်ရေးဦးစီးဌာနက ယခင်က နိုင်ငံခြားသို့ ပေးပို့လှူဒါန်းခဲ့ဖူးသည်များ ထောက်ခံ၍ ယခင်က ၁၉၇၉-ခုနှစ်တွင် ဝိုင်အမ်ဘီအေတွင် အကျိုးဆောင် စာချီချုပ် ပြုလုပ်နေစဉ် ဂျပန်နိုင်ငံ ကျူရှုးကျွန်း၊ မိုဂျီမြို့ရှိ ကမ္ဘာအေးစေတီတော်အတွက် ရွှေချပြီး ဘုံ(၇)ဆင့် ရွှေတိဂုံစေတီ ထီးတော်ပုံ ကြေးထီးတော်ကို ပေးပို့လှူဒါန်းခဲ့ဖူးကြောင်း၊ ဒုတိယအကြိမ်အဖြစ် သဲကုန်းဆရာတော် အရှင်ဉာဏိဿရ တာဝန်ပေးချက်အရ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့သို့ ဆင်းတုတော်တဆူနှင့် ပလ္လင်တံကဲများ ပေးပို့လှူဒါန်းခဲ့ဖူးကြောင်း ပြန်လည် တင်ပြခဲ့ပါသည်။

၁၆။ နောက်တဖန် ကြေးဆင်းတုတော်နှင့် ကြေးစည်ကို ဉာဏ်တော်မြင်သာအောင် ဓာတ်ပုံရိုက်၍ တင်ပြရန် အကြောင်းကြားခဲ့ပါသည်။ အလှူရှင်များထံမှတဆင့် ကြေးသွန်းဆရာကြီးထံ အကြောင်းကြားခဲ့ပါသည်။ ဆင်းတုတော်ဘေးတွင် ပေကြိုးယှဉ်လျက် ထားပြီး ရှေ့ ဘေး အနောက် ၃-ပုံနှင့် ကြေးစည် ၁-ပုံ၊ ပေါင်း ၄-ပုံစီ (၃)စုံ တင်ပို့ပေးခဲ့ပါသည်။ တစုံကို ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ပါသည်။ တစုံကို ဥက္ကဌကြီးမှတဆင့် အမှုဆောင်အဖွဲ့သို့ တင်ပြခဲ့ပါသည်။

၁၇။ ၂၂-၁၁-၈၄ နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ပတင်ပို့ခွင့်အမိန့်(ပါမစ်)ကို ထုတ်ပေးခဲ့ပါသည်။ သက်တမ်းမှာ (၃)လ ဖြစ်ပါသည်။

၁၈။ ၂၂-၁၁-၈၄ နေ့တွင် နိုင်ငံခြားငွေကြီးကြပ်ရေးဌာန မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်သို့ နိုင်ငံခြားငွေ ကင်းလွတ်ခွင့် လျှောက်ထားခဲ့ပါသည်။ ငွေပမာဏ များပြားပြီး ဦးဆောင်ညွှန်ကြားရေးမှူး ခွင့်ပြုနိုင်သည့် ပမာဏထက် ပိုနေသဖြင့် ဌာနပေါင်းစုံပါဝင်သော နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့သို့ ဆက်လက် တင်ပြပေးခဲ့ပါသည်။

၁၉။ ၂၆-၁၁-၈၄ နေ့တွင် အထည်အလိပ်လုပ်ငန်းကော်ပိုရေးရှင်းသို့ သင်္ကန်းဒွိစုံ (၁၀၀)နှင့် ဒုကုဋ် (၁၅)ခန်းနှင့် (၂၅)ခန်း (၅၀)စီ၊ ပေါင်း (၁၀၀)ကို သာသနာရေးဦးစီးဌာန၏ ထောက်ခံချက် တောင်းခံပြီး လျှောက်ထားခဲ့ရာ ၃-၁၂-၈၄ နေ့တွင် ဝယ်ယူခွင့် ရရှိခဲ့ပါသည်။

၂၀။ ၁၆-၁-၈၅ နေ့တွင် ဥက္ကကြီးနှင့် မဉ္ဇူသကသင်တန်းသူ သင်တန်းသားများက လှူဒါန်းသော ပိဋကတ်ဘာသာပြန် စာပေဖြန့်ချိရေးအဖွဲ့မှ ပထမဦးဆုံး ထုတ်ဝေဖြန့်ချိသော ဒီဃနိကာယ်၊ သုတ်တော် ၁၀-သုတ်၊ အင်္ဂလိပ်ဘာသာပြန် စာအုပ် (၁၅)အုပ်ကို ယင်းခွင့်ပြုချက် ရရှိပြီးသော်လည်း ဝယ်၍မရသော စာအုပ်များအစား အစားထိုး ပေးပို့ခွင့်ပြုရန် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့၏ ထောက်ခံချက်ဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ လျှောက်ထားခဲ့ပါသည်။

၂၁။ ၂၉-၁-၈၅ နေ့တွင် နိုင်ငံခြားငွေကြီးကြပ်အဖွဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ၂၅-၁-၈၅ နေ့စွဲပါ နိုင်ငံခြားငွေ ကင်းလွတ်ခွင့်အမိန့် ရရှိပါသည်။ သက်တမ်း (၁)လ ဖြစ်ပါသည်။

၂၂။ ယင်းနေ့တွင်ပင် ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်းနှင့် ဆိပ်ကမ်းကော်ပိုရေးရှင်းသို့ ဆက်သွယ်ပါသည်။ ယခင် စီစဉ်ထားသည့် အင်းဝသင်္ဘောမှာ ၃-၁-၈၅ နေ့တွင် ထွက်မည် ဖြစ်၍ နောက်ထွက်မည့် သင်္ဘော မော်လမြိုင်ဖြင့် ပို့ရန် ညှိနှိုင်းပါသည်။

၂၃။ သို့ပါ၍ အလှူရှင် ဦးဘဦးအား မန္တလေးမြို့မှ ကြေးဆင်းတုတော်နှင့် သာသနာရေးပစ္စည်းများကို အမြန်ဆုံး မှာကြားပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ ဦးဘဦး၏ စီစဉ်ပေးချက်အရ မော်တော်ယာဉ်ဖြင့် ပို့ခဲ့ရာ ၄-၂-၈၅ နေ့ ညနေတွင် ရန်ကုန်မြို့ မောင်ထော်လေးလမ်းသို့ ရောက်ရှိခဲ့ပါသည်။

၂၄။ ၁-၂-၈၅ မှ ၅-၂-၈၅ ထိ တရုတ်ကန်ထရိုက်တာ မစ္စတာလင်ဝှာနှင့် ဆက်သွယ် ငှားရမ်းပြီး ပရိက္ခရာများနှင့် ပိဋကတ်တော်များကို ကတ်ပြားဗူးများအတွင်း ထည့်သွင်းပါသည်။ ၅-၂-၈၅ နေ့တွင် သင်္ကန်းများ ရရှိပါသည်။

၂၅။ ၅-၂-၈၅ မှ ၇-၂-၈၅ ထိ ကြေးဆင်းတုတော်၊ ပလ္လင်တံကဲ၊ သာသနာရေးပစ္စည်းများ၊ ပိဋကတ်တော်များ (ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ)၊ ပရိက္ခရာအစုံ ၁၀၀ တို့ကို သေတ္တာရိုက် ထည့်သွင်းပါသည်။ သေတ္တာမှာ အရှည် ၁၃-ပေ၊ အနံ ၆-ပေ ၄-လက်မ၊ အမြင့် ၆-ပေ ၁၀-လက်မ ဖြစ်ပါသည်။ အလေးချိန် ၅၆၀၀-ပေါင် ဖြစ်ပါသည်။ သေတ္တာမှာ နေရာအတွက် ဝန်ကျယ်သဖြင့် ကျောင်းအုပ်ဆရာမကြီးထံ မေတ္တာရပ်ခံပြီး အထက(၃)၊ ပန်းဘဲတန်းတွင် အပ်နှံထားခဲ့ပါသည်။

၂၆။ ၇-၂-၈၅ နေ့၊ သေတ္တာအလေးချိန် ရလျှင်ရချင်း မြန်မာ့ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်းသို့ မော်လမြိုင်သင်္ဘောဖြင့် နယူးယောက်မြို့သို့ တင်ပို့ပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်းက ငွေတင်ကြိုပေးချေပြီးမှသာ ကုန်ကို လက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ကျွန်တော်က ပြည်ပကုန်တင်ပို့ခွင့်အမိန့် (ပါမစ်)မှာ ၂၁-၂-၈၅ နေ့တွင် ကုန်ဆုံး၍ နိုင်ငံခြားငွေ ကင်းလွတ်ခွင့်အမိန့်မှာ ၂၄-၂-၈၅ နေ့တွင် ကုန်ဆုံးကြောင်း၊ ရက်မလွန်မီ သင်္ဘောပေါ်အရောက် တင်လိုကြောင်း၊ ကုန်ကို လက်ခံထားပါရန်နှင့် သင်္ဘောတင်ပို့ခငွေကို နယူးယောက်မြို့က ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်း ကိုယ်စားလှယ်ထံ ပေးချေရန် တာဝန်ယူပါကြောင်း တင်ပြညှိနှိုင်းရရှိပါ၍ ကုန်လက်ခံရန် စာ ထုတ်ပေးခဲ့ပါသည်။ သင်္ဘောခငွေမှာ အမေရိကန်ဒေါ်လာ ၄,၈၉၀.၉၄ ဖြစ်ပါသည်။ ယင်းကော်ပိုရေးရှင်းမှ စာများ လက်ခံရရှိလျှင် ဆိပ်ကမ်းကော်ပိုရေးရှင်း ကိုယ်စားလှယ်ဌာနခွဲသို့ တဆက်တည်း သွားရောက်၍ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ကြေးဆင်းတုတော်နှင့် သာသနာရေးပစ္စည်းများ ပေးပို့နိုင်ရန် သင်္ဘောပေါ်သို့ ပို့ဆောင်ပေးရန် ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ပေးရန် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

၂၇။ ၈-၂-၈၅ နေ့ နေ့လယ်တွင် ကိုယ်စားလှယ်ဌာနခွဲက အကောက်ခွန်ဦးစီးဌာနသို့ စစ်ဆေးရေးအဖွဲ့ တောင်းခံရာ မရရှိကြောင်း အကြောင်းကြားခဲ့ပါသည်။ ရုံးဆင်းချိန် နီးနေသဖြင့် ရုံးဖွင့်ရက်မှ လိုက်လံ ကြိုးစားကြည့်မည့်အကြောင်း ပြန်ကြားခဲ့ပါသည်။

၂၈။ ၉-၂-၈၅ မှ ၁၀-၂-၈၅ မှာ စနေ-တနင်္ဂနွေနေ့ ရုံးပိတ်ရက်များ ဖြစ်ပါသည်။ ၁၁-၂-၈၅ နေ့ နံနက်ပိုင်းတွင် အကောက်ခွန်ဦးစီးဌာနသို့ သွားပါသည်။ သက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး(ထုတ်ကုန်/သွင်းကုန်) မရှိသဖြင့် ညွှန်ကြားရေးမှူး(အထွေထွေစီမံ) ရုံးခန်းမှ ရုံးဆင်းချိန် ၄-နာရီထိ စောင့်နေသော်လည်း ပြန်မရောက်သဖြင့် ပြန်လာခဲ့ရပါသည်။ ၁၁-၂-၈၅ နေ့တွင် ကုန်သွယ်ရေးဦးစီးဌာနသို့ သက်တမ်းတိုးပေးရန် လျှောက်ထားခဲ့ပါသည်။

၂၉။ ၁၂-၂-၈၅ နေ့မှာ ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ ၁၃-၂-၈၅ နေ့ နံနက် ၁၀-နာရီတွင် လက်ထောက်ညွှန်ကြားရေးမှူး(သွင်းကုန်/ထုတ်ကုန်)၊ ညွှန်ကြားရေးမှူး(သွင်းကုန်/ထုတ်ကုန်)၊ ညွှန်ကြားရေးမှူးချုပ်တို့ကို တွေ့ဆုံတင်ပြပါသည်။ ၎င်းတို့က သံတမန်ဝန်ထမ်းမှ လွဲ၍ အသင်းအဖွဲ့ ပုဂ္ဂလိက မည်သူမှ လိုက်လံ မစစ်ဆေးတော့ကြောင်း၊ သို့သော် အထူးကိစ္စတရပ်အနေဖြင့် တင်ပို့မည့် သင်္ဘောဘေးတွင် လိုက်လံ စစ်ဆေးပေးမည်ဖြစ်ကြောင်း၊ စစ်ဆေးပြီး သင်္ဘောဆက်တင်နိုင်ကြောင်း ရှင်းပြ ခွင့်ပြုခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့ တောင်းခံရရှိကြောင်း ကိုယ်စားလှယ်ဌာနခွဲသို့ အကြောင်းပြန်ကြားခဲ့ပါသည်။

၃၀။ ၁၃-၂-၈၅ နေ့၊ အထက(၃) ပန်းဘဲတန်းကျောင်းအုပ်ဆရာမကြီးက စာမေးပွဲရှိ၍ အပ်နှံထားသော သေတ္တာကို ၁၄-၂-၈၅ နေ့ ညနေ ရွှေ့ပြောင်းပေးစေလိုကြောင်း မေတ္တာရပ်ခံလာပါသည်။

၃၁။ ၁၄-၂-၈၅ နေ့တွင် အစီအစဉ်အရ ထီးတန်း မီးသွေးပုံဆိပ်ရှိ မော်လမြိုင်သင်္ဘောသို့ တင်ရန်ဖြစ်သော်လည်း အရေးကြီး နိုင်ငံခြားပို့ကုန်များ လက်ခံနေရသဖြင့် နေရာအခက်အခဲကြောင့် ပထမအရာရှိက လက်မခံနိုင်ဖြစ်နေကြောင်း၊ ကိုယ်စားလှယ်ဌာနခွဲက အကြောင်းကြားသဖြင့် မော်လမြိုင်သင်္ဘောရေယာဉ်မှူးနှင့် သွားရောက် ဆက်သွယ်ပြီး အကြောင်းစုံ ရှင်းလင်းတင်ပြရာ ၎င်းက အတတ်နိုင်ဆုံးဖြစ်အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။ သို့သော် ကျောင်းမှ ရွှေ့ပြောင်းပေးရန် လိုအပ်နေသဖြင့် ကရိန်းကားငှားပြီး ဆိပ်ကမ်းကော်ပိုရေးရှင်း ကုန်တင်ကားကြီးပေါ်သို့ တင်ပြီး ကိုယ်စားလှယ်ဌာနရုံးခွဲသို့ သယ်ယူပြီး အစောင့်(၂)ဦးငှား စောင့်ခိုင်းခဲ့ပါသည်။

၃၂။ ၁၅-၂-၈၅ နေ့တွင် ရေယာဉ်မှ တင်ခွင့်ရရှိသော်လည်း ကိုယ်စားလှယ်ဌာနခွဲ၏ စီစဉ်ထားချက်အရ ဘရုတ်ကင်းဆိပ်ကမ်းရှိ ပစ္စည်းသိုလှောင်ရုံသို့ ရွှေ့ပြောင်းခဲ့ရပါသည်။ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့ကို သွားရောက် ခေါ်ယူပြီး ကြေးဆင်းတုတော်၊ ပိဋကတ်တော်များ၊ ပရိက္ခရာများ၊ သာသနာရေးပစ္စည်းများကို စစ်ဆေး ကြည့်ရှုပြီး တံဆိပ်နှိပ် ချိပ်ပိတ်ပါသည်။

၃၃။ ၁၆-၂-၈၅ နှင့် ၁၇-၂-၈၅ နေ့များမှ စနေ-တနင်္ဂနွေနေ့များ ဖြစ်ပါသည်။ ၁၈-၂-၈၅ နေ့တွင် ရေယာဉ်သို့ သွားရောက်ပြီး ထပ်မံ ညှိနှိုင်းပါသည်။ ရေယာဉ်မှူးက လက်ခံမည်ဖြစ်ကြောင်း ထားရမည့်နေရာများကို ပြသပါသည်။ ရေယာဉ်မှူးထံက သဘောတူညီချက် ရရှိသဖြင့် သက်ဆိုင်ရာ ဆိပ်ကမ်းရုံးသို့ သွားရောက်ပြီး ညှိပါသည်။ တံတားဝန်ချိန် ၁၀-တန်ထိ နိုင်ကြောင်း၊ သို့သော် တံတားတွင် သံဘောင်များ ရှိ၍ ဆိပ်ကမ်းမှူးအား ခေါ်၍ ပေတံဖြင့် တိုင်းရာ အမြင့် ၁၂-ပေ ရှိကြောင်း တွေ့ရပါသည်။ ကားမှာ ၄-ပေ ၂-လက်မ မြင့်ပြီး၊ ဗောတံတား ၆-ပေ ၁၀-လက်မ၊ ပေါင်း ၁၁-ပေသာ ရှိ၍ အစစ အဆင်ပြေကြောင်း သိရသဖြင့် ကုန်ဌာနသို့ ထီးတန်းထင်းပုံဆိပ်မှ ပြောင်းရွှေ့တင်ခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ပါသည်။ အမေရိကန်ပြည်က ကုန်ပို့ခငွေ ပေးချေပြီးကြောင်း သိရှိရပါသည်။

၃၄။ ၁၉-၂-၈၅ နေ့တွင် ဘရွတ်ကင်းဆိပ်ကမ်းမှ ထီးတန်းဆိပ်ကမ်း၊ မီးသွေးပုံဆိပ်သို့ သယ်ယူပြီး မော်လမြိုင်သင်္ဘောသို့ တင်ပို့ခဲ့ပါသည်။

၃၅။ မော်လမြိုင်သင်္ဘောမှာ ၉-၃-၈၅ နေ့တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၊ ကိုဘီမြို့မှတဆင့် နယူးယောက်မြို့သို့ ဆက်လက် ပို့ဆောင်ရမည် ဖြစ်ပါသည်။

၃၆။ ကိုယ်စားလှယ်ဌာနခွဲမှ ပစ္စည်းများ တင်ပို့ခအတွက် ကျသင့်ငွေ ကျပ် ၁,၃၉၄၊ ပြား ၁၂ တောင်းခံလွှာကို ၁၄-၃-၈၅ နေ့တွင် ရရှိ၍ ၁၉-၃-၈၅ နေ့တွင် ငွေပေးချေခဲ့ပြီး ဖြစ်ပါသည်။

၃၇။ ၉-၃-၈၅ နေ့စွဲပါ Bill of Landing ကို ၁၈-၃-၈၅ နေ့တွင် ရရှိပါသည်။ မူရင်း(၁)နှင့် မိတ္တူ(၃)စောင်ကို အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း ဥက္ကဌနှင့် အတွင်းရေးမှူးထံ တစောင်စီ မှတ်ပုံတင်ချောစာဖြင့် အလှူရှင်မှတဆင့် ပေးပို့ပြီး ဖြစ်ပါသည်။

Leave a Reply