မဟာစည် ဓမ္မဒူတခရီး – (၁၉၉၆)

(လွန်ခဲ့သော ၁၉၉၆-ခုနှစ် ဇွန်လအတွင်း မဟာစည်ဆရာတော်ကြီးများ၏ နယူးယောက်၊ နယူးဂျာစီ ဓမ္မဒူတခရီးစဉ်နှင့်ပတ်သက်၍ စာရေးဆရာ မောင်သက္ကက ၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် လောကချမ်းသာစာစောင် အတွဲ(၆) အမှတ်(၃)တွင် “မဟာစည် ဓမ္မဒူတခရီး”ဟူ၍ ရေးသားဖော်ပြထားသည်ကို ပြန်လည် မှတ်တမ်းပြုပါသည်။)

ဗုဒ္ဓမြတ်စွာ၏ သာသာနာ့ခေတ်ဦး

ဘုရားမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိ၍ ဘုရားဖြစ်တော်မူပြီးနောက် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ ပထမဝါ ကပ်တော်မူခဲ့သည်။ ဝါကျွတ်ပြီးသောအခါ အရှင်ယသထေရ် အမှူးရှိသည့် ရဟန်းခြောက်ကျိပ်တို့အား သာသနာပြုစေလွှတ်ခြင်းနှင့် စပ်၍ သြဝါဒစကား မိန့်ကြားတော်မူခဲ့သည်။

“ရဟန်းတို့၊ သင်တို့သည် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ စီးပွားချမ်းသာဖြစ်ဖို့ရန် အရပ်ရှစ်မျက်နှာ ဒေသစာရီခရီး လှည့်လည် သွားကြကုန်လော့။ ခရီးလမ်းတခု၌ ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တပါးက တရားဟောလျှင် ကျန်တပါးက အလုပ်မရှိ ဆိတ်ဆိတ်သာ နေထိုင်ရမည်ဖြစ်သောကြောင့် ခရီးလမ်းတခု၌ ရဟန်းနှစ်ပါးပေါင်း၍ မသွားကြကုန်လင့်”

“ရဟန်းတို့၊ သင်တို့သည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံလျက်၊ အနက်နှင့်လည်း ပြည့်စုံ၊ သဒ္ဒါ ပုဒ် ပါဌ် အက္ခရာနှင့်လည်း ပြည့်စုံသော တရားကို ဟောကြားကြကုန်လော့။ အပိုအလို မရှိ၊ ထက်ဝန်းကျင် ပြည့်စုံသော၊ ဒုစရိုက် အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော၊ သီလ သမာဓိ ပညာ သုံးပါးသိက္ခာ သာသနာတည်းဟူသော အကျင့်မြတ်ကို လူ နတ် ဗြဟ္မာ သတ္တဝါတို့အား ဟောကြားကြကုန်လော့”

“ရဟန်းတို့၊ ငါဘုရားသည်လည်း ဤ မိဂဒါဝုန်တောမှာပင် ကျောင်းကန် ပရိဝုဏ်ကောင်းများကို ဆောက်လုပ်စေ၍ အလုပ်အကျွေး ဒါယကာ ဒါယိကာမတို့၏ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးဖြင့် အပြုအစု ယုယမှုကို ခံယူကာ နေလိမ့်မည် မဟုတ်။ ရသေ့ညီနောင် ရှင်တထောင်တို့ကို ချေချွတ်ဖို့ တရားဟောရန် ဥရုဝေလတောအုပ်ရှိရာ သေနာနိဂုံးသို့ သွားပေအံ့”

ဤသို့လျှင် ဗုဒ္ဓမြတ်စွာသည် သာသနာ့ခေတ်ဦးတွင် သာသနာပြု ဓမ္မဒူတခရီးကို စတင်တော်မူခဲ့သည်။ ဗုဒ္ဓဘာသာ သာသနာတော်ကြီး ယခုထက်တိုင် တည်တံ့ပြန့်ပွား ထွန်းကားနေခြင်းသည် ဘုရားရှင်နှင့်အတူ ရဟန္တာအရှင်မြတ် ခြောက်ကျိပ်တို့မှ စ၍ ခေတ်အဆက်ဆက်သော ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးတို့၏ အားကြိုးမာန်တက် ဆောင်ရွက်တော်မူခဲ့ခြင်းကြောင့်ပင် ဖြစ်ပါသည်။

တပည့်များ၏ ဓမ္မဒူတခရီး

ဘုရားမြတ်စွာ၏ တပည့်များသည်လည်း ဘုရားရှင်၏ လက်ထက်တော်မှ စ၍ ယခုထက်တိုင် သာသနာပြု ဓမ္မဒူတခရီးများကို ဆောင်ရွက်တော်မူခဲ့ကြသည်။ တတိယသံဂါယနာတင်ပြီးသည့်အခါတွင် အရှင်မောဂ္ဂလိပုတ္တထေရ်နှင့် သီရိဓမ္မာသောကမင်းကြီးတို့၏ ကိုးတိုင်းကိုးဌာန ဓမ္မဒူတခရီးကား ဗုဒ္ဓသာသနာတော်ဝယ် ပေါ်လွင်ကျော်ကြား ထင်ရှားခဲ့သော ဓမ္မဒူတခရီး ဖြစ်ပေသည်။ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတော်တွင်လည်း ခေတ်အဆက်ဆက်သော ဆရာတော် သံဃာတော်များနှင့် မင်းကောင်းမင်းမြတ်များသည် သာသနာပြု ဓမ္မဒူတခရီးများကို စေလွှတ်ပြီး သာသနာပြုတော်မူခဲ့ကြသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုခရီး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ကြွရောက်၍ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ဖြန့်ချိတော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးသည် ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာဘိဝံသ၊ ဒေလီစီးတီးဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၊ ဝါရှင်တန်ဆရာတော် အရှင်ကေလာသ၊ အရှင်အဂ္ဂဓမ္မတို့နှင့်အတူ ၁၉၇၉-ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သာသနာပြုခရီး ကြွချီတော်မူခဲ့သည်။

မဟာစည်အဖွဲ့၏ သာသနာပြုခရီး

ဆရာတော်ဘုရားကြီး ဘဝနတ်ထံ စံလွန်တော်မူပြီးနောက် ဒုတိယ မဟာစည်ဆရာတော် အရှင်ပဏ္ဍိတာဘိဝံသ (ယခု ရွှေတောင်ကုန်းရိပ်သာ၊ ရန်ကုန်)၏ လက်ထက်တွင်လည်း ပြည်ပသာသနာပြုခရီး ကြွချီတော်မူခဲ့သည်။

တတိယ မဟာစည်ဆရာတော် အရှင်အာစိက္ခဏ (ယခု ပျံလွန်)၏ လက်ထက်တွင်လည်း ပြည်ပသာသနာပြုခရီးအတွက် ကိုယ်တော်တိုင် ကြွရောက်တော်မူသကဲ့သို့ ယခု ၁၉၉၆-ခုနှစ်တွင် ဧပြီလ (၂၆)ရက်မှ ဇူလိုင်လ (၂၆)ရက်နေ့အထိ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလင်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံများသို့ ကြို့ပင်ကောက်ဆရာတော် ဘဒ္ဒန္တသောနက (အဂ္ဂမဟာပဏ္ဍိတ)၊ ပျဉ်းမနားဆရာတော် ဘဒ္ဒန္တဇဋိလ (ဓမ္မာစရိယ၊ ပါဠိပါရဂူ)နှင့် အရှင်သုနန္ဒ (ခ) ဒေါက်တာဦးသန်းနောင်တို့ ပါဝင်သော မဟာစည်နာယကအဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ဗီယက်နမ်ဆရာတော် အရှင်ဝိဇယ၏ တာဝန်ခံ ပင့်လျှောက်လာမှုကြောင့် သာသနာပြု ဓမ္မဒူတခရီးကို ကြွချီတော်မူခဲ့ကြသည်။

နယူးယောက် ဓမ္မခရီး

မဟာစည်ဓမ္မဒူတအဖွဲ့သည် ပြင်သစ်နိုင်ငံမှတဆင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဇွန်လ (၂၂)ရက်နေ့ ညနေ ၆း၅၅ နာရီတွင် ကြွရောက်လာရာ နယူးယောက်ဆရာတော်များနှင့် အေဘီဘီအေအသင်း ဥက္ကဌ ဦးဟန်ကြူတို့က ကနေဒီလေဆိပ်မှ ခရီးဦး ကြိုဆိုခဲ့ကြသည်။

ဇွန်လ (၂၃)ရက်နေ့ အရုဏ်ဆွမ်းကို ဦးစောဝင်း-ဒေါ်ထားကြည်တို့မိသားစုနှင့် နေ့ဆွမ်းကို ဒေါ်ငယ်တို့မိသားစုက ဆက်ကပ် လှူဒါန်းကြသည်။

ဇွန်လ (၂၄)ရက်နေ့ နံနက်တွင် ဒေါ်ငယ်၏ မြေးများဖြစ်ကြသည့် မောင်ကောင်းမြတ်ထွန်း၊ မောင်ဇေယျာထွန်းနှင့် မောင်မျိုးမြတ်ထွန်းတို့၏ ရဟန်းခံ ရှင်ပြုမင်္ဂလာ အလှူပွဲကို ကျင်းပပြုလုပ်ကြသည်။ မောင်ကောင်းမြတ်ထွန်းက ရဟန်းခံပြီး၊ ညီနှစ်ယောက်က ရှင်အဖြစ် ခံယူကြသည်။ နေ့လယ် ရဟန်းခံရှင်ပြုတရားတော်ကို ကြို့ပင်ကောက်ဆရာတော်က ချီးမြှင့်တော်မူသည်။ တရားနာပရိတ်သတ် တရာကျော်သဖြင့် စာရေးသူတို့မှာ ဝမ်းသာအားရ ဖြစ်ကြရသည်။

ဇွန်လ (၂၄)ရက်နေ့ နံနက်ဆွမ်းကို မပြုံးပြုံးရီက ဆက်ကပ်ပြီး၊ နေ့ဆွမ်းကို ဦးသန်းမြင့်-ဒေါ်ငွေကြည်မိသားစုတို့က လှူဒါန်းကြသည်။ ညတရားပွဲတွင် ဆရာတော်နှစ်ပါးက တနာရီကျော်ကျော် ဟောကြားကြသည်။ အလုပ်ပိတ်ရက် မဟုတ်သော်လည်း တရားနာပရိတ်သတ် ၆၀-ကျော် လာရောက်နာယူကြသည်။ ဆရာတော်များသည် ပရိသတ် အနည်းအများ အရေအတွက်ကို မကြည့်ကြဘဲ ဝိပဿနာအလုပ်ပေးတရားတော်ကို အကျယ်တဝင့် ဟောကြားတော်မူကြသည်။

ဇွန်လ (၂၅)ရက်နေ့ အရုဏ်ဆွမ်းကို ဦးဟန်ကြူ-ဒေါ်ခင်ဝါတို့ မိသားစုက ဆက်ကပ် လှူဒါန်းပြီးလျှင် ဆရာတော်များသည် ဦးဟန်ကြူ၏ ကားဖြင့် နယူးဂျာစီ လောကချမ်းသာ သတိပဋ္ဌာန်ရိပ်သာကျောင်းသို့ ကြွရောက်တော်မူကြသည်။

နယူးဂျာစီ ဓမ္မခရီး

ဆရာတော်များသည် ဇွန်လ (၂၅)ရက်နေ့ နံနက် ၉-နာရီတွင် နယူးဂျာစီ သတိပဋ္ဌာန်ရိပ်သာသို့ ရောက်ကြသည်။ နယူးဂျာစီ မိသားစုများသည် အလုပ်ပိတ်ရက် မဟုတ်ကြသဖြင့် အချို့က တရက်ကြိုတင်၍ ဆွမ်းဟင်းများကို ပို့ထားကြသည်။ အချို့က ခွင့်ယူ၍ နေ့ဆွမ်းကို ဆက်ကပ်ကြသည်။ ဦးဌေးမြင့်-ဒေါ်မွှေး၊ မထွေးထွေးသိမ်းမောင်နှင့် မတင်နွယ်အေးတို့သည် ဆရာတော်များ ကြွရောက်မည့်ရက်အတွက် ကြိုတင်ပြီး ခွင့်ယူထားနှင့်ကြသည်။ သူတို့မိသားစုနှင့် ဒေါ်ရွှေဥ၊ မအုန်းမြင့်ရီ (ဝါရှင်တန်ပြည်နယ်)တို့သည် ဇွန်လ (၂၅-၂၆)ရက်နေ့များတွင် ဆရာတော်များအတွက် အနီးကပ် ပြုစုလုပ်ကျွေးကြသည်။

ဦးမျိုးဝင်း-ဒေါ်လီလီမိသားစုနှင့် ဦးစံလင်း-ဒေါ်စန်းစန်းမိသားစုများသည်လည်း ဇွန်လ (၂၅)ရက်နေ့တွင် ခွင့်ယူကြပြီး နေ့ဆွမ်းဆက်ကပ်ကြသည်။ မလှလှရီသည် ကြို့ပင်ကောက်ဆရာတော်၏ သက်သတ်လွတ်ဆွမ်းအတွက် တာဝန်ယူ၍ ဆက်ကပ်ပေးသည်။ နယူးယောက်မှ ဒေါ်ကွီလီနှင့် ဒေါ်စိုးစိုးဝင်းတို့ ညီအစ်မတစုသည်လည်း ခွင့်ယူပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ကြို့ပင်ကောက်ဆရာတော်သည် နေ့လယ် တနာရီတွင် ဆွမ်းအလှူရှင်များအား နာရီဝက်ခန့် တရားချီးမြှင့်တော်မူသည်။ ည ၈-နာရီတွင် လောချမ်းသာသတိပဋ္ဌာန်ဓမ္မာရုံသစ်ထဲ၌ တရားနာပရိတ်သတ် ၆၀-ကျော် လာရောက်ပြီး တရားနာကြသည်။ ပျဉ်းမနားဆရာတော်က ‘ဝိပဿနာတရား အားထုတ်ရကျိုးတရားတော်’ကို ဟောကြားပြီး ကြို့ပင်ကောက်ဆရာတော်က ‘လောကတွင် အကောင်းဆုံးအရာလေးမျိုးတရားတော်’ကို ဟောကြားသည်။ ကျောင်းပေါ်တွင် သီရိလင်္ကာပရိတ်သတ်များအား ပျဉ်းမနားဆရာတော်က ‘ဝိပဿနာတရားတော်’ကို မြန်မာဘာသာဖြင့် ဟောကြား၍ ဒေါက်တာဦးသန်းနောင်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ရှင်းပြပေးသည်။

ကြို့ပင်ကောက်ဆရာတော်သည် ဝိပဿနာတရားတော်ကို ပရိတ်သတ်များ စိတ်ပါဝင်စားအောင် ဥပမာမျိုးစုံပေးပြီး ဟောကြားရာ ပရိတ်သတ် လက်ခံ ကျေနပ် နှစ်သက်ကြသည်။ နေရာဌာနတခုတွင် ကျောင်းသူကျောင်းသားများ၏ ပညာရေးအတွက် ကျောင်းအဆောက်အုံနှင့် ဆရာ ဆရာမများကို သက်ဆိုင်ရာတို့က စီစဉ်ပေးထားကြသော်လည်း ကျောင်းသူကျောင်းသားများ တဦးတယောက်မျှ မရှိလျှင် ကျောင်းများနှင့် ဆရာ ဆရာမများ၊ စီစဉ်ပေးသူများအတွက် အကျိုးမရှိကြောင်း၊ ဆေးရုံနှင့် ဆရာဝန်များ စီစဉ်ထားသော်လည်း လူနာများ မရှိလျှင် အဆိုပါ ဆေးရုံနှင့် ဆရာဝန်များအတွက် ဘာမှ မဆောင်ရွက်နိုင်သောကြောင့် စီစဉ်သူများအတွက် အကျိုးမရကြောင်း။ ထိုနည်းတူစွာ နယူးဂျာစီရိပ်သာကျောင်းမှာ တရားပြမည့် ဆရာတော်များလည်း ရှိပြီး၊ တရားပြနိုင် တရားထိုင်နိုင်သော ဓမ္မာရုံလည်း ရှိပြီး၊ တရားထိုင်မည့် ယောဂီများသာ လိုနေကြောင်း စသည်ဖြင့် ဝိပဿနာတရားအားထုတ်ချင်အောင် ဟောပြတော်မူသည်။

ဆရာတော်၏ တိုက်တွန်းဟောပြမှုကြောင့် ဇွန်လ (၂၆)ရက်နေ့ နေ့လယ် တနာရီတွင် ပထမဆုံးသော ဓမ္မသင်တန်းသူများဖြစ်ကြသည့် ဒေါ်ရွှေဥ၊ ဒေါ်မွှေး၊ မတင်နွယ်အေးနှင့် မအုန်းမြင့်ရီတို့သည် ဓမ္မာရု့ထဲ၌ နှစ်နာရီကျော် တရားရှုမှတ်သွားကြသည်။ မဟာစည်ဓမ္မဒူတအဖွဲ့သည် နေ့လယ် ဆွမ်းဘုဉ်းပေးပြီး နေ့လယ် ၁၂-နာရီတွင် ဝါရှင်တန်ဒီစီသို့ ဦးဟန်ကြူ၊ ဦးစောဝင်းတို့၏ ပို့ဆောင်မှုဖြင့် ခရီးဆက်ကြပါသည်။

ဝိပဿနာသင်တန်းသားများ လက်ခံနေပြီ

ဒေါ်ရွှေဥ၊ ဒေါ်မွှေး၊ မတင်နွယ်အေး၊ မအုန်းမြင့်ရီနှင့် မထွေးထွေးသိမ်းမောင်တို့သည် ဇွန်လ (၂၆)ရက်နေ့ နေ့ဆွမ်းအတွက် အလှူရှင်များ၏ကိုယ်စား ကိုယ်တိုင် လာရောက်ပြီး ပြင်ဆင် ဆက်ကပ်ကြသည်။ သံဃာ့ဝေယျာဝစ္စတာဝန်ကို စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ဆောင်ရွက်ကြသည်။ ဒေါ်မွှေး၊ မလှလှရီ၊ မတင်နွယ်အေးနှင့် မအုန်းမြင့်ရီတို့သည် အရုဏ်ဆွမ်းအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ပြင်ဆင် ဆက်ကပ်ကြသည်။ ဆရာတော်များသည် ဦးမျိုးဝင်း-ဒေါ်လီလီတို့၏ ဖက်ထုပ်နှင့် မတင်နွယ်အေး၊ မအုန်းမြင့်ရီတို့၏ ကြာဇံကြော်ဘောဇဉ်များဖြင့် ဇွန်လ (၂၆)ရက် အရုဏ်ဆွမ်းအတွက် ဘုဉ်းပေးတော်မူကြသည်။

ယခုအခါ နယူးဂျာစီ သတိပဋ္ဌာန်ရိပ်သာ ဓမ္မာရုံတွင် ဝိပဿနာသင်တန်း ဖွင့်လှစ်နေပြီဖြစ်ရာ သင်တန်းသူ သင်တန်းသာများ လိုအပ်နေပါပြီ။ သင်တန်းသူ သုံးဦးက တပတ်လျှင် သုံးရက် လာရောက်ပြီး တရားထိုင်နေသဖြင့် ဆရာတော်များနှင့် အေဘီဘီအေအသင်းကြီးမှ များစွာ ဝမ်းသာအားရ ဖြစ်နေပါပြီ။ သို့ဖြစ်၍ ဝိပဿနာသင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသားများ လိုအပ်နေသဖြင့် သင်တန်းသူ သင်တန်းသားများ လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

Leave a Reply