နှိုင်းနှိုင်းချိန်ချိန် သုခမိန်

ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီး၊ လူကြီးနှင့်လူငယ်၊ ဝယ်သူနှင့်အရောင်းသမား၊ အုပ်ချုပ်ခံလူတန်းစားနှင့် အုပ်ချုပ်သူ၊ မိတ်ဆွေအချင်းချင်း စသည့် တဦးနှင့်တဦး ကူးလူးဆက်ဆံနေရသည့် လူ့ဘဝတွင် အချင်းချင်း ယုံကြည်မှုရှိခြင်းသည် များစွာ အရေးပါသည်။

ယုံကြည်မှုသည် လေးစားမှုကို ဖြစ်စေသည်။

လေးစားမှုသည် လိုက်နာမှု ကျင့်သုံးမှုကို ဖြစ်စေသည်။

ယုံကြည်မှုကို အခြေခံ၍ ကျင့်ဝတ် စည်းကမ်း စသည်တို့ကို လေးစား လိုက်နာ ကျင့်သုံးသောအခါ သာယာပျော်ရွှင်မှု တိုးတက်မှု စသော အကျိုးဖြစ်ထွန်းမှု အသီးအပွင့်တို့ကို နယ်ပယ်အသီးသီးတွင် ရယူ ခံစားနိုင်ကြပေသည်။

ယုံကြည်မှုမရှိဘဲ တဦးအပေါ်တဦး သံသယဖြစ်နေလျှင် ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးတို့တွင် အဆင်မပြေမှုများ ဖြစ်ကာ ဆုတ်ယုတ်မှု ပျက်စီးမှု စိတ်ဆင်းရဲမှု စသည့် လူမှုရေးဒုက္ခများနှင့် ရင်ဆိုင်ရတော့သည်။

ထို့ကြောင့် ယုံကြည်မှုသည် များစွာ တန်ဘိုးရှိသည်။

သဒ္ဓါနှင့် ပညာ

ယုံကြည်သည်ဆိုရာ၌ အမှားကို ယုံကြည်မှုနှင့် အမှန်ကို ယုံကြည်မှုဟု နှစ်မျိုး ရှိပြန်သည်။

အမှားယုံကြည်မှုကို ပါဠိလို ‘မိစ္ဆာဝိမောက္ခ’ဟု ခေါ်၍ အမှန်ယုံကြည်မှုကို ‘သဒ္ဓါ’ဟု ခေါ်သည်။

‘သဒ္ဓါ’နှင့် ‘မိစ္ဆာဝိမောက္ခ’တို့ ကွဲပြားစွာ ဖြစ်နိုင်ရန်မှာ ‘ပညာ’သည် အရေးပါလှသည်။

ပညာဟူသည်-

(၁) အရာဝတ္ထု သို့မဟုတ် ပုဂ္ဂိုလ်တဦးတယောက်နှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော အကြောင်းအရာ သတင်းအချက်အလက်၊ ပုဂ္ဂိုလ်တဦး၏ ပြောပြချက်တို့သည် ဟုတ်,မဟုတ်၊ မှန်,မမှန်၊ အဓိပ္ပါယ် ရှိ,မရှိတို့ကို အကြောင်းယုတ္တိ ဖြစ်နိုင်ချေ ရှိ,မရှိတို့ဖြင့် စိစစ်ဝေဖန် ကိုယ်ပိုင်ကြံဆသိနိုင်သည့် ‘စိန္တာမယပညာ’၊

(၂) ဟုတ်,မဟုတ်၊ မှန်,မမှန်ကို ဝေဖန်ဖော်ပြထားသည့် စာပေကျမ်းဂန်လာ ဗဟုသုတအဖြာဖြာနှင့် သူတပါးတို့အား မေးမြန်းကြားနာ၍ ဆည်းပူးရယူရသည့် အသိဉာဏ် ‘သုတာမယပညာ’၊

(၃) တရားအလုပ် အားထုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အမှန်တရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြား၍ သိမှု ‘ဘာဝနာမယပညာ’ ဟု သုံးမျိုး ရှိသည်။

မိမိတို့အနေဖြင့် ထိုသုံးမျိုးတို့တွင် စိန္တာမယပညာနှင့် သုတာမယပညာတို့ရှိလျှင်ပင် အရာဝတ္ထု အကြောင်းအရာတခုကို ဟုတ်,မဟုတ် မှန်,မမှန် ဝေဖန်စစ်ကြော၍ အလိမ်အညာ ခံရမည် မဟုတ်ပေ။ ထို့ထက်လွန်၍ ဘာဝနာမယပညာရှိထားပါမူကား မည်သည့်အမှားကိုမှ အမှန်ဟု ယူဆယုံကြည်မည် မဟုတ်တော့ချေ။

ဆင်ခြင်ဉာဏ်ကလေးနဲ့ ယုံကြည်ပါ

အနည်းဆုံး ပညာအဆင်ခြင်ဉာဏ် မရှိပါလျှင် အရာရာတွင် ဟုတ်,မဟုတ် မှန်,မမှန်ကို ဝေဖန်စစ်ကြောနိုင်စွမ်း မရှိတော့ဘဲ အများနှင့်ရော၍ အမှားတောတွင် တဝဲလည်လည် ဖြစ်နေတတ်ပေသည်။

အများက ဒါကောင်းတယ်၊ ဒီပုဂ္ဂိုလ်ကတော့ ဒီလိုတဲ့ဟေ့ဟု ပြောသံကြားသည်နှင့် ဝိုင်း၍ လိုက်ကြတော့သည်။ ထို့ကြောင့် အဆင်ခြင်ဉာဏ် နည်းပါးမှုကို အမြတ်ထုတ်ရန်၊ လူတို့၏ အပူအရှုပ်ကို အမြတ်ထုတ်ရန် အတုအယောင်အမျိုးမျိုးတို့သည် တနေ့တခြား တိုး၍ တိုး၍ ပေါ်လာတော့၏။

အရိုးဆုံး ဟောကြားထားသော ဘုရားအဆုံးအမကိုပင် အမျိုးမျိုးအဖုံဖုံ အဆန်းထွင်ကြတော့၏။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကလည်း မကျင့်သုံးခဲ့၊ ဘုရားရှင်ဟောကြားထားခဲ့သော စာပေကျမ်းဂန်တို့တွင်လည်း မပါဝင်သော အဆောင်အဖြစ် ဓာတ်လုံးဓာတ်ပြာပေးခြင်း၊ အဆောင်ဓာတ်လုံးဖြင့် လက်စွပ် နာရီ မျက်မှန်တို့ကို တို့ထိ၍ ဓာတ်ကူးစေခြင်း၊ လက်ဝါးဖြန့်၍ ဘာနတ်စောင့်သည် ညာနတ်စောင့်သည်ဟု ပြောကြားခြင်း၊ ပရိတ်အိုး ပရိတ်ရေဆူဝေသည်ဟု ကြွေးကြော်ခြင်း စသည့် အဆန်းများထွင်ကာ သာသနာပြုကြလေတော့သည်။

အထူးအဆန်းကိုမှ သဘောကျတတ်သော လူတို့မှာ ထိုအဆန်းထွင်သူတို့ကို အယုံကြည်ကြီး ယုံကြည်ကာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များအဖြစ် ကိုးကွယ် ဆည်းကပ်ကြတော့သည်။

နာယူမှတ်သား ကျင့်ကြံပွားများရသော ပဋ္ဌာန်းဒေသနာတော်ကို ဟောကြားပြသမှု မပြုဘဲ ကျမ်းဒေသနာ၏ အမည်ကိုသာ ယူ၍ ‘ပဋ္ဌာန်းဆက်’ဟူသော စကားဖြင့် လက်ယပ်၍ ခေါ်လိုက်သောအခါ ဗဟုသုတမကြွယ်ဝသူတို့မှာ ယက်ကန်ယက်ကန်နှင့် ပါသွားရသည်မျိုးလည်း ရှိပြန်၏။

စာရေးသူ အင်္ဂလန်တွင် နေခဲ့စဉ် တနေ့တွင် မြန်မာပြည်သို့ အလည်အပတ် သွားရာမှ ပြန်လာသည့် ဆရာဝန်အမျိုးသမီးတဦးက အားရပါးရ လျှောက်ကြားသည်မှာ –

“အရှင်ဘုရား၊ မြန်မာပြည်မှာ ရဟန္တာလို့ ကျော်ကြားနေတဲ့ ဆရာတော်တပါး ပေါ်နေတယ် ဘုရား၊ အရမ်းနာမည်ကြီးတာပဲ”

“ဘယ်လိုနာမည်ကြီးတာလဲ၊ ပြောပြစမ်းပါဦး”ဟု မေးမိရာ၊

“အရှင်ဘုရား၊ အဲဒီဆရာတော်က သက်သတ်လွတ်စားပြီး သူ့ခန္ဓာကိုယ်ကလဲ အရမ်းမွှေးသတဲ့၊ နောက်ပြီး အဲဒီဆရာတော်ရဲ့ လက်ဖဝါး ခြေဖဝါးတွေမှာလဲ ဘုရားဆင်းတုတော်တွေ ပေါ်သတဲ့”ဟု လျှောက်ကြားသည်။

“လက်ဖဝါး ခြေဖဝါးမှာ ဘုရားဆင်းတုတော်ပေါ်တယ်၊ ဟုတ်ရဲ့လား”ဟု အံ့သြစွာ မေးမိသည်။

“ဟုတ်တယ်ဘုရာ့၊ အဲဒီလို နာမည်ကြီးပြီး လူတွေ သွားဖူးနေတာ ကြိတ်ကြိတ်တိုးပဲ”

“လက်ဖဝါးမှာ ဘုရားပေါ်တယ်ဆိုတာကိုတော့ ဘာမှ မပြောလိုပါဘူး၊ ခြေဖဝါးမှာ ဘုရားရုပ်ပေါ်တယ်ဆိုရင်တော့ ဦးဇင်းတို့ ကိုးကွယ်နေတဲ့ဘုရားဟာ အဲဒီဆရာတော်အောက် အတော်နိမ့်ကျနေပြီ၊ ဘုရားလက်ထက်တော်ကတောင် အဲဒီလို ခြေဖဝါး လက်ဖဝါးမှာ ဘုရားဆင်းတုပေါ်တဲ့ ရဟန္တာဆိုတာ ရှိခဲ့တယ်လို့ မကြားဖူးဘူးနော်၊ ကြည့်လဲလုပ်ကြပါဦး၊ ယုံကြပါဦး”ဟု ပြန်ပြောကာမှ ခေတ်မီတိုးတက်သော အင်္ဂလန်၌လည်း အနေကြာ၍ ဆရာဝန်လည်းဖြစ်သူ ထိုအမျိုးသမီးက-

“အင်း ဟုတ်သားပဲ၊ မဖြစ်နိုင်တာကြီးနော်၊ ဒါပေမယ့် လူတွေကတော့ အရမ်းယုံပြီး အရမ်းသွားကိုးကွယ်နေကြတာပဲ၊ ဘာဖြစ်လို့ရယ် မသိဘူး”ဟု ညည်းတွားသည်။

“ဘာဖြစ်ရမလဲ၊ ခင်ဗျားပြောတဲ့အတိုင်းပဲ ဖြစ်နိုင် မဖြစ်နိုင် မချင့်ချိန်ဘဲ အရမ်းယုံကြလို့ပေါ့”ဟု ပြန်ပြောရသည်။

သူရဿတီ လူတိုင်း ကူညီသလား

အမေရိကန်ရောက်ပြန်တော့ အချို့ရဟန်းတော်များ ‘သာသနာပြု’ဟု ကြွေးကြော်ကာ အမျိုးမျိုး အဖုံဖုံ ပြုလုပ်သွားကြပုံကိုလည်း ဝမ်းနည်းဖွယ်ရာ တွေ့ရပြန်သည်။

“အဲဒီဆရာတော်က လူတွေ့တိုင်း လက်ဖြန့်ခိုင်းပြီး ‘သာသနာစောင့်ဒေဝီ၊ မယ်တော်သူရဿတီ’စောင့်တယ်လို့ချည်း ပြောတယ်ဘုရာ့၊ အဲဒီနတ်သမီးက တကယ် ပိဋကတ်သုံးပုံကို စောင့်ပြီး သာသနာကို စောင့်ရှောက်သလား၊ သူက လူတိုင်းကိုကော စောင့်ရှောက်သလား၊ အဲဒီဆရာတော်ပြောတာ ယုံရမှာ ခပ်ခက်ခက်ပဲ ဘုရား”ဟု တကာမလေးတဦးက မေးလျှောက်ရာ၊

“အေး သူရဿတီနတ်သမီးက ပိဋကတ်သုံးပုံကို စောင့်တယ်ဆိုတာ ဘုရားဟောထားတဲ့ စာပေတွေမှာတော့ မပါဘူး၊ အဲဒီနတ်သမီးကို ကိုးကွယ်တာတော့ အိန္ဒိယမှာ ရှိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ငါ အိန္ဒိယရောက်တုန်း အဲဒီနတ်သမီးကို ရေထဲမျှောတဲ့ပွဲနဲ့တော့ ကြုံခဲ့ဖူးတယ်၊ တို့ဗမာတွေ ယူဆယုံကြည်သလို အဲဒီ နတ်သမီးက အချွန်အတက် အမောက်တောင်ပံတွေပါတဲ့ ဟင်္သာဆိုတဲ့ ငှက်ပေါ်မှာ တက်ထိုင်ပြီး စာအုပ်ထုပ်ကို ကိုင်နေတာမျိုးတော့ မဟုတ်ဘူး၊ နတ်သမီးလို့ ထင်ရတဲ့ အမျိုးသမီးရုပ်တုရဲ့ ခြေရင်းမှာ ဘဲငန်းရုပ်တုတကောင် အတူရှိနေတာတော့ တွေ့ခဲ့တယ်၊ မြစ်ကိုစောင့်တဲ့ နတ်သမီးလို့ ယုံကြည်ပြီး အဲဒီနတ်သမီးရုပ်တုကို ညပိုင်းမှာ ရပ်ကွက်ထဲ အပူဇော်ခံထားပြီး နောက်နေ့ကျတော့ အတီးအမှုတ်တွေနဲ့ မြစ်ထဲကို သွားမျှောလိုက်တာပါပဲ၊ တို့ဗမာတွေလို အိမ်ဦးခန်းမှာ နေရာပေးထားဟန် မတူပါဘူး၊ ‘မြစ်စောင့်နတ်’ကို ‘ပိဋကတ်သုံးပုံစောင့်နတ်’လို့ ယုံဖို့ကိုတော့ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ချင့်ချိန်ပေတော့”ဟု ပြောပြရပါသည်။

အမှန်ပြောပြရန် ဝန်လေးကြ

အသိဉာဏ်ရှိသူတို့က ထိုထိုပုဂ္ဂိုလ်တို့၏ အပြောအဆို အမူအကျင့်တို့ကို ချင့်ချိန်၍ ယုံကြည်ရန် အရိပ်အမြွက် ပြောပြလို၏။

အလွန်ရင်းနှီးသူဆိုက ပြောပြတတ်၏။ သို့သော် တခါတရံ ထိုသို့ပြောသည်ကိုပင် ထိုသူတို့ကို ကြည်ညိုနေသူတို့က ပြောဆိုသတိပေးသူကို မသိနားမလည်သူအဖြစ် အပြစ်တင်တတ်သလို ထိုအဆန်းထွင်သူတို့ကလည်း မနာလို ဝန်တိုသူအဖြစ် သမုတ်တတ်သေး၏။

ထို့ကြောင့် ပုဂ္ဂိုလ်တဦးတယောက်အား အများက ဝိုင်း၍ အထင်ကြီးနေချိန်တွင် ‘ဟဲ့ ကြည့်လဲ လုပ်ကြနော်’ဟု ပြောဖို့ရာ အတော် ဝန်လေးကြ၏။

ထိုအဆန်းထွင်သူတို့ကို ကယ်တင်ရှင်များအဖြစ် အားကိုးကြကာ ထိုသူတို့ ပြောသမျှ ခိုင်းသမျှကို လုပ်သူတို့မှာ ထိုသူတို့၏သားကောင်အဖြစ်သို့ ရောက်မှန်းမသိ ရောက်ရ၏။

ထိုအထူးအဆန်းထွင်သူတို့မှာ တကယ့်ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ မဟုတ်ကြောင်း အကြောင်းသင့်၍ သိရသောအခါတွင်မူ စိတ်မကောင်းခြင်း များစွာ ဖြစ်ရတော့၏။

သို့သော် ထိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ဆန်းတို့ကို ကြည်ညို ဆည်းကပ်ပြီးနောက် မိမိတို့ ခံစားရသော စိတ်မချမ်းသာမှု ဆုံးရှုံးမှုတို့ကိုမူ အခြားသူတို့အား ထုတ်ဖော်ပြောပြရန် ဝန်လေးတတ်ကြ၏။ တဖက်သားကို အားနာ၍လော၊ မိမိတို့ အညာခံရသည်ကို လူသိမည် ရှက်သောကြောင့်လောဟု မပြောတတ်။

ထို့ကြောင့် ထိုထိုအဆန်းထွင်သူတို့အနေဖြင့် အခြားအခြားသော နားမလည်သူတို့အား လမ်းမှားသို့ ပို့ရန် အခွင့်အလမ်း အမြဲတမ်း ရနေတော့၏။

အစစ အရာရာ အဆင်ပြေစေရန် ကံကောင်းစေရန်အတွက် အားကိုးပါမှ ထပ်၍ ကံဆိုး အလိမ်အညာနှင့်တိုးသောအခါ ခံရသူတို့မှာ ‘သူ့အပြစ်နဲ့သူ ရှိပါစေ၊ အော် ငါ့ကံကိုက ဆိုးတာကိုး’ဟု ကံကို ယိုးမယ်ဖွဲ့လေတော့သည်။

အစကတည်းက ကံတရားကို ယုံခဲ့ပါမူ မယုံကြည်သင့် မယုံကြည်ထိုက်သူကို ယုံကြည်မိမည် မဟုတ်၊ မပြုလုပ်သင့် မပြုလုပ်ထိုက်သည်ကို ပြုလုပ်မိမည် မဟုတ်။ ထို့ကြောင့် တစုံတရာ ထိခိုက်စရာ စိတ်မကောင်းစရာလည်း ဖြစ်မည် မဟုတ်ပါပေ။

ယုံကြည်မှုနှင့် ဥပမာ

ယုံကြည်ထိုက် ယုံကြည်သင့်သည်ကို ယုံကြည်ခြင်း(သဒ္ဓါ)ဆိုသည်မှာ –

ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်ကျေးဇူးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း ဖြစ်သည်။

ထိုယုံကြည်မှုကို –

(က) မျိုးစေ့နှင့်တူ၏။

(ခ) လက်နှင့်တူ၏။

(ဂ) အရင်းအနှီးနှင့်တူ၏ ဟု ဥပမာသုံးခု ပေးထား၏။

(က) မျိုးစေ့နှင့်တူသော ယုံကြည်မှု

ရင့်ကျက်အောင်မြင်သော မျိုးစေ့တစေ့ကို စိုက်ပျိုးသောအခါ ထိုမျိုးစေ့အနေဖြင့် အလုပ်ကိစ္စနှစ်ခုကို လုပ်ဆောင်သည်။

၎င်းတို့မှာ –

(၁) အောက်ဘက်တွင် အမြစ်ထွက်၍

(၂) အထက်ဘက်တွင် အညွန့်တက်ခြင်း ဖြစ်သည်။

စားသောက်သုံးဆောင်၍ ရကောင်းသော အသီးအပွင့် အခက်အလက်ကို ဖြစ်ထွန်းစေသည့် မျိုးစေ့ကိုဖြစ်စေ၊ စားသောက် သုံးစွဲ၍ မရသော အပင်ကိုဖြစ်စေသည့် ပေါင်းမြက်မျိုးစေ့ပင်ဖြစ်စေ ထိုကိစ္စနှစ်မျိုးကို လုပ်ဆောင်မည်သာ ဖြစ်သည်။

စိုက်ပျိုးထားသည့် မျိုးစေ့၏ အောက်ဘက်တွင် ထွက်ပေါ်သည့် အမြစ်သည် အလေ့အကျင့်နှင့်တူ၍ အထက်ဘက်တွင် ထွက်ပေါ်သည့် အညွန့် အခက်အလက်သည် အလေ့အကျင့်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားနှင့် တူသည်။

ဗုဒ္ဓဘာသာတွင်မူ သဒ္ဓါတရားတည်းဟူသော ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးတရားတို့အပေါ် ယုံကြည်မှုသည် ဘာသာတရားက ဆုံးမ သင်ပြထားသော အခြေခံ အုတ်မြစ် အကျင့်သီလ (ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ ရဟန်းသီလ)တို့ကို ရိုသေစွာ လိုက်နာကျင့်သုံးမှု ဖြစ်စေသည်။ ထိုသီလတို့သည် သစ်ပင်၏အမြစ်နှင့် တူသည်။

သဒ္ဓါတရားကို အခြေခံ၍ သံသရာ၏အပြစ်၊ သံသရာ၌ ကျင်လည်ရသည့် ဆင်းရဲဒုက္ခကို ယုံကြည်သောအခါ ထိုဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် အားထုတ်မှု တခုခုကို ပြုလုပ်ရသည်။

ထိုအလုပ်သည် ဘာဝနာဆိုသည့် တရားရှုမှတ်မှု တရားအားထုတ်မှုပင် ဖြစ်သည်။

ထိုဘာဝနာအလုပ်သည် မျိုးစေ့၏ အထက်ဘက်တွင် ထွက်ပေါ်လာသည့် ပင်စည်ရိုးတံနှင့် တူသည်။

ပင်စည်ရိုးတံမှတဆင့်တက်၍ အရွက် အခက်အလက် အဖူးအပွင့် အသီးများ ပွားစီးထွက်ပေါ်လာသောအခါ သက်ရှိသတ္တဝါတို့ စားသုံး ပျော်ရွှင်ဖို့ အဆင်သင့် ဖြစ်တော့၏။

ထိုအတူပင် ဘာဝနာအလုပ်ကို အားထုတ်သောအခါ မိမိစိတ်၌ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်မည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသော စိတ်အညစ်အကြေးများ ကင်းဝေးခြင်း စသည့် အကျိုးတရားများမှ စ၍ သံသရာ ဝဋ်ဆင်းရဲမှ ကင်းလွတ်စေသည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် အသီးအပွင့်များကို ဖြစ်စေကာ နိဗ္ဗာန်ဟူသော ချမ်းသာသုခကို ရရှိခံစားနိုင်ပေသည်။

သဒ္ဓါတရားနည်းတူပင် မိစ္ဆာဝိမောက္ခဟု ဆိုအပ်သော အမှားကို ယုံကြည်မှုသည်လည်း အမှားကို ယုံကြည်သည်အလျောက် အခြေခံအကျင့်နှင့် အကျိုးပေးမှုကို ဖြစ်ထွန်းစေမည် ဖြစ်၏။ သို့သော် စားသုံးပင်နှင့် ပေါင်းမြက်တို့၏ တန်ဖိုးနှင့် အကျိုးပြုချက် ကွာခြားလျက်ရှိသကဲ့သို့ပင် သဒ္ဓါနှင့် မိစ္ဆာဝိမောက္ခတို့၏ တန်ဖိုးနှင့် အကျိုးပေးချက်သည်လည်း ကွာခြားမည်ပင် ဖြစ်သည်။

(ခ) လက်နှင့်တူသော ယုံကြည်မှု

အရာဝတ္ထုတခုခုကို ယူငင်ရာ သုံးဆောင်ရာ ပြုလုပ်ရာ၌ လက်သည် များစွာ အသုံးကျ၏။

လက်မရှိပါက ပစ္စည်းတခုကို တွေ့ပင်တွေ့ငြားသော်လည်း ပိုင်ပိုင်နိုင်နိုင် မယူငင်နိုင်ချေ။

သဒ္ဓါတရားနှင့် မိစ္ဆာဝိမောက္ခတို့သည် လက်နှင့်တူသည်။ သို့သော် တန်ဖိုးရှိသော အရာဝတ္ထုကို ကောက်ယူသည့် လက်သည် သဒ္ဓါတရားနှင့်တူ၍ တန်ဖိုးမရှိသော အရာဝတ္ထုကို ကောက်ယူသည့် လက်သည် မိစ္ဆာဝိမောက္ခနှင့် တူ၏။

ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးတရားကိုသာ ယုံကြည်သော သဒ္ဓါတရားရှိသူသည် ဘုရားရှင် ဟောကြား သင်ပြထားသော အရိုးဆုံး တန်ဖိုးအရှိဆုံး အဆုံးအမဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာ အကျင့်တို့ကိုသာ ရယူ လက်ခံ ကျင့်သုံးသည်။ ထိုသို့ ကျင့်သုံးခြင်းဖြင့် အမှားအယွင်း တစုံတရာ မတွေ့ရဘဲ လောကထဲတွင်လည်း စိတ်ချမ်းသာစွာဖြင့် ကျင်လည်ရ၊ ဘဝသံသရာမှာလည်း ကောင်းစွာ လွတ်မြောက်ရသည့် အကျိုးတရားကို ရရှိခံစားနိုင်ပေသည်။

အမှားယုံကြည်မှု (မိစ္ဆာဝိမောက္ခ) ရှိသူမှာမူ အကျင့်မှန်မှ သွေဖီ၍ ထွေလီကာလီ ကြံစည်ရှာဖွေကာ ထိုထိုအကျင့်မှားတို့ကို လက်ခံကျင့်သုံးမိသဖြင့် အချိန်ကုန် လူပန်း၍ ခရီးလမ်းကို မှန်းတိုင်းမပေါက် ဒုက္ခရောက်ရပေသည်။

(ဂ) အရင်းအနှီးနှင့်တူသော ယုံကြည်မှု

ငွေကြေးအရင်းအနှီး၊ ဉာဏ်ပညာ၊ အမှီသဟဲကောင်းတို့ ရှိပါမှ လောကတွင် စီးပွားဥစ္စာ ရှာဖွေရ လွယ်ကူသည်၊ အောင်မြင်သည်၊ စည်းစိမ်ဥစ္စာကို ခံစား သုံးဆောင်နိုင်သည်။ သဒ္ဓါတရားသည် ထိုအရာများနှင့် အလားတူ၏။

သဒ္ဓါတရားကို အခြေခံ၊ သူတော်ကောင်းတည်းဟူသော အမှီသဟဲ၏ အကူအညီကို ရယူ၍ ဉာဏ်ပညာဖြင့် ဘုရားရှင်၏ အဆုံးအမ (သီလ၊ သမာဓိ၊ ပညာ)တို့ကို ကျင့်သုံးသောအခါ လွတ်မြောက်မှုတည်းဟူသော ချမ်းသာသုခကို ရရှိခံစားနိုင်ပေသည်။

ဤနေရာတွင် မိစ္ဆာဝိမောက္ခတည်းဟူသော အမှားယုံကြည်မှုကို အခြေခံ၍ မမှန်သည်ကို အမှန်ဟု ခံယူကာ ကျင့်သုံးပါက မသမာသော လုပ်ငန်းတွင် ငွေကြေးအရင်းအနှီး စိုက်ထုတ်၍ အောင်မြင်သူကဲ့သို့ ချမ်းသာသုခကို အပြည့်အဝ ရနိုင်လိမ့်မည် မဟုတ်ပေ။

အရာရာတွင် အရေးပါသည့် တရား

ယုံကြည်မှုသည် လောကရေးတွင်ဖြစ်ဖြစ် ဘာသာရေးတွင်ဖြစ်ဖြစ် အောင်မြင်မှု တိုးတက်မှု ရရန် များစွာ အရေးကြီးကြောင်းကို အောက်ပါအတိုင်း တွေ့နိုင်သည်။

ဘုရားရှင်ဟောကြားသည့် တရားဦး (ဓမ္မစကြာ)ကို ကြားနာရ၍ မကြာမီပင် ရဟန်းငါးဦးတို့ ကိလေသာကင်းစင်သည့် ရဟန္တာများ ဖြစ်သွားကြသည်ကို ကြားသိသော ဗောဓိမင်းသားက အံ့သြစွာ ဘုရားရှင်ကို –

“အရှင်ဘုရား၊ ပုဂ္ဂိုလ်တယောက်သည် အရှင်ဘုရားကဲ့သို့သော သင်ကြားပြသ ဆိုဆုံးမမည့်သူကို ရရှိခဲ့သော် အချိန်မည်မျှကြာ ကာလအတွင်း၌ တရားထူးရကာ ချမ်းသာစွာ နေနိုင်ပါသနည်း” ဟု မေးလျှောက်သည်။

ထိုအခါ ဘုရားရှင်က –

“မင်းသား၊ သင့်အား ငါ မေးမည်၊ တစုံတယောက်သည် ဗောဓိမင်းသားသည် ဆင်စီးအတတ်၊ ချွန်းကိုင်အတတ်၌ တတ်သိလိမ္မာ၏။ ထိုမင်းသားအထံ၌ ငါသည် ဆင်စီးအတတ် ချွန်းကိုင်အတတ်ကို သင်ယူပေအံ့ဟု ရောက်လာ၏။ သို့သော် ထိုသူသည် –

(၁) ရောက်သင့်သော အရာသို့ ရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို ရနိုင်လောက်အောင် ယုံကြည်မှု(သဒ္ဓါ) မရှိသူ၊

(၂) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် အနာရောဂါ ထူပြောသူ၊

(၃) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် ဟန်ဆောင်တတ်သူ မာယာများသူ၊

(၄) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် လုံ့လဝီရိယ ညံ့ဖျင်း ပျင်းရိသူ၊

(၅) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် ပညာနည်းပါးသူ ဖြစ်ခဲ့လျှင် ထိုသူကို သင်သည် ဆင်စီးအတတ် ချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်ပါမည်လော”

“အရှင်ဘုရား၊ အထက်ပါအချက် ငါးချက်တို့တွင် တချက်ချက်နှင့် ညိစွန်းနေပါက ထိုသူ့ကို တပည့်တော်သည် ဆင်စီးအတတ် ချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်မည် မဟုတ်ပါ။ အချက်ငါးချက်စလုံးနှင့် ပြည့်စုံသူဖြစ်ပါက ပြောစရာပင် မလိုတော့ပါ”ဟု ဗောဓိမင်းသားက ပြန်လျှောက်သည်။

“မင်းသား၊ ရောက်သင့်သော အရာသို့ ရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို ရနိုင်လောက်အောင် ယုံကြည်မှုရှိခြင်း၊ အနာကင်းခြင်း၊ ရိုးသားခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ဉာဏ်ပညာရှိခြင်းတို့နှင့် ပြည့်စုံပါမူ ထိုသူသည် သင်၏အထံ၌ ဆင်စီး ချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်ပါမည်လော”

“မှန်လှပါ အရှင်ဘုရား”

“ထို့အတူပင် မင်းသား၊ တရားရှုမှတ် ပွားများသူ၌ တရားရရှိရန် တရားနှင့်ပြည့်စုံရန်အတွက် အကြောင်းငါးပါး ရှိသည်။

ထိုငါးပါးတို့မှာ-

(၁) အကြင်သူသည် ငါဘုရား၏ သာသနာတော်၌ ယုံကြည်မှု=သဒ္ဓါတရားနှင့် ပြည့်စုံသူ ဖြစ်၏။ (ဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော်များနှင့် အရဟတ္တ မဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်ခြင်း)

(၂) အနာကင်းသူ၊ ဆင်းရဲကင်းသူ ဖြစ်၏။ (မအေးလွန်း မပူလွန်းဘဲ အလယ်အလတ် ဖြစ်၍ တရားအားထုတ်ရန် သင့်လျော်သော အညီအညွတ် ကျက်စေတတ်သော ပါစကဝမ်းမီးနှင့် ပြည့်စုံခြင်း)

(၃) ဟန်ဆောင်လှည့်ပတ်ခြင်း ကင်းသူ ဖြစ်၏။ (ဘုရားရှင်ထံ၌သော်လည်းကောင်း၊ အတူနေသူ ပညာရှိတို့အထံ၌သော်လည်းကောင်း အမှန်အတိုင်း မိမိကိုယ်ကို ပြုမူနေထိုင် ပြောဆိုခြင်း)

(၄) အကုသိုလ်တရားတို့ကို ပယ်ရှားရန်၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် အားထုတ်မှု ရှိ၏။ တရားအလုပ်ကို မဆုတ်မနစ် မြဲမြံစွာ အားထုတ်၏။

(၅) ဉာဏ်ထက်မြက်သူ ဖြစ်၏။ (ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို သိစွမ်းနိုင်သည့် ဉာဏ်နှင့် ပြည့်စုံခြင်း) တို့ ဖြစ်သည်။

ထိုအချက်ငါးချက်နှင့်လည်း ပြည့်စုံ၊ နည်းမှန်လမ်းမှန်အတိုင်း သင်ကြားပြသ ဆိုဆုံးမမည့်သူနှင့်လည်း တွေ့ကြုံမည်ဆိုပါက ထိုသူသည် ညချမ်းအခါ၌ ဆိုဆုံးမလျှင် နံနက်အခါ၌ တရားထူး (မဂ်ဖိုလ်)ကို ရနိုင်ခြင်း၊ နံနက်အခါ၌ ဆိုဆုံးမလျှင် ညချမ်းအခါ၌ တရားထူး (မဂ်ဖိုလ်)ကို ရနိုင်ခြင်း ဟူသော အကျိုးထူးကို မုချမသွေ ရပေလိမ့်မည်” ဟု မိန့်ကြား၏။

အထက်ပါ ဟောကြားချက်ကို ကြည့်သောအခါ သဒ္ဓါတရားသည် အရာရာတွင် မည်မျှအရေးပါကြောင်းကို အကဲခတ်နိုင်သည်။

ခိုင်မြဲစေပါ မိမိသဒ္ဓါ

အစစ်အမှန်ကို ယုံကြည်ရာတွင် တည်တံ့ခိုင်မြဲမှုအပေါ် မူတည်၍ သဒ္ဓါတရားသည် အမျိုးအစား လေးပါး ကွဲပြားသေးသည်။

၎င်းတို့မှာ –

(၁) အာဂမသဒ္ဓါ = ဘုရားဆုပန်သည်မှ စ၍ မပျက်မစီးလာခဲ့သောကြောင့် သဗ္ဗညုဘုရားအလောင်းတို့၏ ယုံကြည်မှုမျိုး၊

(၂) အဓိဂမသဒ္ဓါ = မဂ်ဉာဏ်ကို ရသည့်အချိန်မှ စ၍ မပျက်မစီး ရအပ်သောကြောင့် အရိယာသာဝကတို့၏ ယုံကြည်မှုမျိုး၊

(၃) သြကပ္ပနသဒ္ဓါ = ဘုရား တရား သံဃာဟု ပြောဆိုအပ်သော် တစုံတယောက်ကမျှ တုန်လှုပ်ချောက်ချားစေခြင်းငှါ မတတ်နိုင်အောင် ရတနာသုံးပါး၏ ဂုဏ်၌ သက်ဝင် ယုံကြည်ခြင်း၊ ရတနာသုံးပါး၏ ဂုဏ်ကို ဉာဏ်ဖြင့် သင်ဝင်၍ ဆင်ခြင် ကြံစည်ပြီး ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုရသည့်အလား မတုန်မလှုပ် သက်ဝင် ယုံကြည်မှု၊

(၄) ပသာဒသဒ္ဓါ = ရတနာသုံးပါး၌ ကြည်ညိုခြင်းမျှသာ ဖြစ်ခြင်း ဟု ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော မိမိတို့မှာ အနည်းဆုံး ဘုရား တရား သံဃာတို့၏ ဂုဏ်ကျေးဇူးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း ‘ပသာဒသဒ္ဓါ’တရား ရှိပြီးသား ဖြစ်ကြပါ၏။

သို့သော် ထိုသဒ္ဓါတရားသည် အခြေမခိုင်က အကြောင်းအမျိုးမျိုး (အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်)ကြောင့် အချိန်မရွေး ပျက်ပြားနိုင်သည်။ အခြားဘာသာဝင်အဖြစ် ကူးပြောင်းသွားနိုင်သည်။ ထို့အပြင် ထိုပသာဒသဒ္ဓါတရားမျှသာ ရှိသူသည် ဗုဒ္ဓဘာသာအကျင့်ဟု ထင်ရသည့် အခြားအခြားသော အဆွယ်အပွား အလေ့အကျင့်များကိုလည်း ဟုတ်နိုးနိုးဖြင့် လက်ခံ ကျင့်သုံးမိနိုင်သေးသည်။

ထိုသို့ မဖြစ်ရန် ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘာသာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားအောင် လေ့လာဆည်းပူးမှုများ ပြုရပါမည်။

ထို့ပြင် မိမိတို့တွင် ရှိပြီးသားဖြစ်သော ပသာဒသဒ္ဓါတရားကို အခြေခံ၍ သက်ဝင်ယုံကြည်မှု (သြကပ္ပနသဒ္ဓါ)၊ မြဲမြံသောယုံကြည်မှု (အဓိဂမသဒ္ဓါ) ရှိလာစေရန် ဝိပဿနာတရားကို ပွားများ အားထုတ်ကြရပါမည်။

ဝိပဿနာတရား ရှုမှတ် ပွားများ အားထုတ်ခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိကာ ဘယ်တော့မှ မပျက်မစီးတော့သော အရိယာသာဝကတို့၏ ယုံကြည်မှုမျိုးနှင့် ပြည့်စုံနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။

အရှင်ပညာသီဟ

Leave a Reply