ရုပ်သာနွမ်းစေ စိတ်မပန်းစေနဲ့

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ လောကချမ်းသာဆရာတော်က မဟာသတိပဋ္ဌာနသုတ်သင်တန်းကို ပို့ချပေးပြီး၊ ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ အရှင်ဝဏ္ဏိတက လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ဟောကြား ချီးမြှင့်၏။

+++++

ညောင်လေးပင်ဆရာတော်ဘုရားကြီး၏ “သတိပဋ္ဌာန်အရသာ”မှ ‘ဝေဒနာရှုနည်း’နှင့် ‘စိတ်ရှုနည်း’

ဝေဒနာရှုနည်း

သုခ နှစ်ပါးတို့တွင် တစ်ပါးပါးဖြစ်သောအခါ “ငါသည် သုခဝေဒနာကို ခံစား၏”ဟု သိသောသူသည် ‘သုခဝေဒနာနုပဿီပုဂ္ဂိုလ်’ မည်၏။

မေး။ ။ ဤသို့သော သိခြင်းမျိုးကို ဘုရားတရား မကြားဖူးသော သာသနာပ လူရိုင်း, နို့စို့အရွယ်သူငယ်, အပါယ်လေးဘုံသားတို့ပင်လျှင် သိနိုင်ကြသည် မဟုတ်လော။ ဤဝေဒနာနုပဿီပုဂ္ဂိုလ်နှင့် သိခြင်း အဘယ်သို့ ထူးခြားသနည်းဟု မေးဖွယ် ရှိ၏။

ဖြေ။ ။ လူရိုး, သူငယ်, အပါယ်သားတို့သည် “ငါ သုခခံစား၏”ဟု သိသော်လည်း သတ္တဝါဟူသော အမှတ်သညာကို မစွန့်မခွာမူ၍ သိကြ၏။ ကမ္မဋ္ဌာန်း မဖြစ်။ ဝေဒနာနုပဿီပုဂ္ဂိုလ်ကား သတ္တဝါဟူသော အမှတ်သညာကို စွန့်ခွာ၍ သိ၏။ ကမ္မဋ္ဌာန်း ဖြစ်၏။ ဤသို့ ထူးခြား၏။

သတ္တဝါသညာ စွန့်ခွာပုံကား – ဝေဒနာသည်သာလျှင် ခံစားလျက် ဖြစ်သည်ကို “ငါခံစားသည်”ဟူ၍ ဝေါဟာရစကား ပြောဆိုခြင်းမျှသာတည်း – ဟု သိရမည်။ ဤသို့ သိလျှင် သတ္တဝါသညာကို စွန့်ခွာသည် မည်၏။

ရှင်းဦးအံ့။

(၁) ဤဝေဒနာကို အဘယ်သူ ခံစားသနည်း။ ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါ မရှိ။

(၂) ဤဝေဒနာကို အဘယ်သူ အစိုးတရ ပိုင်ဆိုင်သနည်း။ ပိုင်ဆိုင်သူ မရှိ၊ အစိုးရသူ မရှိ။

(၃) ဤဝေဒနာသည် ပုဂ္ဂိုလ်သတ္တဝါတို့အလိုကြောင့် ဖြစ်သလော။ မဖြစ်၊ ဝတ္ထုအာရုံကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် ဝေဒနာသာလျှင် ခံစားလျက် ဖြစ်သည်ကို ငါခံစားသည် ဟူ၍ ပြောဆိုခြင်းမျှသာ ဖြစ်သည်။
စင်စစ် ခံစားသောသူ မရှိ။
ဤသို့ သတ္တဝါ သညာကို စွန့်ခွာ၍ သိမှသာလျှင် ကမ္မဋ္ဌာန်း ဖြစ်သည်။
သတ္တဝါ သညာ မစွန့်နိုင်လျှင် သိရုံမျှဖြင့် ကမ္မဋ္ဌာန်း မဖြစ်သေး။

(ဒုက္ခဝေဒနာကို ငါခံစား၏၊ အဒုက္ခ မသုခ ဝေဒနာကို ငါခံစား၏ ဟု သိရာ၌လည်း ဤအတူ သတ္တဝါ သညာ စွန့်ခွာ၍ သိရမည်သာတည်း။)

ခံစားသူ မရှိပုံ ဝတ္ထု

စိတ္တလတောင်၌ မထေရ်တစ်ပါး လေနာနှိပ်စက်၍ ငြီးတွားစဉ် ရဟန်းငယ်တစ်ပါးက “အရှင်ဘုရား … အဘယ်နေရာ နာပါသနည်း”ဟု လျှောက်၏။

“ငါ့ရှင် … နာသောနေရာ ပြစရာ သီးခြား မရှိ။ အာရုံကို အာရုံပြုလျက် ဝေဒနာသာလျှင် ခံစား၏”ဟု ဖြေလတ်သော် –

“ဤသို့ သိလျှင် သည်းခံသင့်သည် မဟုတ်ပါလော”ဟု လျှောက်၏။

“ကောင်းပြီ၊ သည်းခံတော့မည် ငါ့ရှင်”ဟု ဆိုလတ်သော် –

“သည်းခံခြင်းသည် အလွန်ကောင်းပါသည် ဘုရား”ဟု လျှောက်၏။

မထေရ်သည် မငြီးမတွား သည်းခံလျက် နေစဉ် လေသည် ရင်ကို ခွဲ၏။ အူခွေသည် အပသို့ ထွက်၍ ညောင်စောင်း၌ တည်၏။

“ငါ့ရှင် … ဤမျှသော သည်းခံခြင်းသည် သင့်လျော်ပြီ မဟုတ်လော”ဟု ဆိုလတ်သော် – ရဟန်းငယ်သည် ဆိတ်ဆိတ်သာ နေလေ၏။

မထေရ်သည် ဝီရိယ, သမာဓိ ညီမျှအောင် ယှဉ်စေသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍ သမသီသီပုဂ္ဂိုလ်အဖြစ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏။

(ဤ၌ လွန်စွာ သည်းခံခြင်းကြောင့် သည်းခံခြင်းသည်ပင် လွန်ကဲသော ဝီရိယ မည်၏။ ဝီရိယရှိသလောက် သမာဓိကို ဖြစ်စေခြင်း, သမာဓိရှိသလောက် ဝီရိယကို ဖြစ်စေခြင်းသည် ညီမျှအောင် ယှဉ်စေသည် မည်၏။)

xxx

စိတ်ရှုနည်း

မိမိသန္တာန်၌ ရာဂရှိသော စိတ်ဖြစ်သောအခါ “ငါ၏ စိတ်သည် ရာဂရှိ၏။ ငါ့အား ရာဂရှိသော စိတ်ဖြစ်၏”ဟု သိသောသူသည် စိတ္တာနုပဿီပုဂ္ဂိုလ် မည်၏။
“ရှေး၌ မဖြစ်၊ ယခုမှ ဖြစ်ဆဲ”ဟု သိသော သူသည်လည်း စိတ္တာနုပဿီပုဂ္ဂိုလ် မည်၏။

ဤသို့ စိတ်ကို အကြိမ်ကြိမ် ရှု၍ နာမ်ကို သိမ်းဆည်း၍လည်းကောင်း၊ နာမ်ရုပ်ကို သိမ်းဆည်း၍လည်းကောင်း၊ အကြောင်းရှာ၍လည်းကောင်း၊ စူဠသောတာပန် ဖြစ်စေ၍လည်းကောင်း ပွားများပုံနည်းတို့ကို ဝေဒနာနုပဿနာ၌ ဆိုပြီးသည်ကို မှီး၍ သိအပ်ကုန်၏။
ကြွင်းသော စိတ်ရှုပုံ, ဗဟိဒ္ဓရှုပုံ, အဇ္ဈတ္တဗဟိဒ္ဓရှုပုံတို့လည်း သိလွယ်သော သဘော ရှိကုန်ပြီ။

အားရှိဖွယ်

ဤစိတ္တာနုပဿနာနည်းကို သိသောသူသည် ထူးသော အရသာကို ရလေ၏။
မီးသွေးမည်းညစ်ကို ရွှေ ငွေ စိန်ကျောက် ဖြစ်စေသကဲ့သို့ အကုသိုလ်တရားညစ်ကို စိတ္တာနုပဿနာရှုခြင်းဖြင့် အဖိုးတန်တရား ဖြစ်စေနိုင်ပြီ။

မိမိရင်ဝသို့ ချိန်လွှတ်သော လက်နက် ဦးချွန်ကို ရွှေခြေနင်း ရွှေရထား ဖြစ်စေသကဲ့သို့ အပါယ်သံသရာ၌ နှစ်မြှုပ်လတံ့သော တရားဖျင်း တရားညံ့တို့ကို သံသရာမှ လွတ်ကြောင်း မဂ္ဂင်ရထား တရားထူး တရားမြတ် ဖြစ်စေနိုင်ပြီ။

ဥယျာဉ်မှူးတို့သည် လင်းနို့ အညစ်အကြေး ရွံဖွယ်ကို သစ်ပင်သန်အောင် ဝဲပေးကုန်၏။ (ဝါ) မြေစာကျွေးကုန်၏။
အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် လောဘ, ဒေါသ စသော အကုသိုလ်စိတ် ရွံဖွယ်ကို စိတ္တာနုပဿနာ ဘာဝနာသန်အောင် ဝဲပေးကုန်၏။ (ဝါ) အာရုံစာ ကျွေးကုန်၏။

ရှေးအခါ လယ်သမားတစ်ယောက် သူတပါး၏ ရေကို ခိုးသောက်၏။
ထိုနောက် ဤလောဘသည် အဖော်ရလျှင် ငါ့ကို အပါယ်ချလတံ့ဟု စဉ်းစားမိ၍ –
“ဤလောဘစိတ်သည် ရှေး၌ မဖြစ်၊ ယခု ဖြစ်သည်၊ အမြဲ မရှိ၊ အနိစ္စ, ဒုက္ခ, အနတ္တ”ဟု ဆင်ခြင်စဉ် ပစ္စေကဗောဓိဉာဏ် ရသတတ်။

လောဘကြောင့် ပြိတ္တာ၊
ဒေါသ – ငရဲ၊
မောဟ – တိရစ္ဆာန်၊
မာန – အမျိုးယုတ်၊
ဣဿာ – အရုပ်ဆိုး၊
မစ္ဆရိယကြောင့် အမွဲ ဖြစ်တတ်သည်။

ထို့ကြောင့် ပြိတ္တာ, ငရဲ စသည်တို့မှ လွတ်လိုသော သူသည် ဤနည်းသိသည်မှ စ၍ လောဘ, ဒေါသ စသည် ဖြစ်သမျှကို သတိရတိုင်း စိတ္တာနု ထက်သန်ရေး ဘာဝနာ မြေစာကျွေး၍ ဝဲပေးလိမ့်မည် စင်းစင်းတည်း။

+++++

လောကချမ်းသာ ဆည်းဆာတရားပွဲကို အရှင်ဝဏ္ဏိတက “ရုပ်သာနွမ်းစေ စိတ်မပန်းစေနဲ့” ဒုက္ခဝေဒနာတရားတော်ကို ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ တရားတော်ဆောင်ပုဒ် လင်္ကာများဖြင့် ဟောကြား ချီးမြှင့်၏။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “သလ္လသုတ်တရားတော်” ဆောင်ပုဒ်များ

ခြားနားချက်

ဝေဒနာများ၊ တွေ့ခံစားလျှင်
တရားအသိ၊ မပြည့်ဝသူ
ပြည့်ဝသူ၊ ထူးမူ ဘယ်သို့နည်း။

တရားအသိ မပြည့်ဝသူ

တရားအသိ၊ မပြည့်ဝမူ
ထိုသည့်သူကား၊ တွေ့မူဆင်းရဲ
မရှုဘဲမို့၊ ကိုယ်လဲညှိုးနွမ်း
စိတ်ပင်ပန်း၊ ချမ်းသာ မရပြီ။

ဆူးတစ်ချောင်းစူးလျှင်၊ နောက်ဆူးထွင်၊ နာကျင် ထပ်ဆင့်ပွား
ကိုယ်၌ဆင်းရဲ၊ မရှုဘဲ၊ စိတ်ထဲ ပင်ပန်းငြား။
ကိုယ်လဲဆင်းရဲ၊ စိတ်ဆင်းရဲ၊ ဆင်းရဲ ထပ်ဆင့်ပွား။
ဆင်းရဲကိုသာ၊ မခံသာ၊ စိတ်မှာ လွန်ထိပါး။

စိတ်မှာခိုက်ထိ၊ ဆင်းရဲဘိ၊ ပဋိဃာနုသယ ပွား။
ထိုဆင်းရဲမှ၊ လွတ်လိုလှ၍၊ ကာမချမ်းသာ၊ တောင့်တပါ၊ ရာဂါနုသယ ပွား။
ထို‘ဝေ’နှစ်ဆစ်၊ ဖြစ်ချုပ်သာယာ
ပြစ်နာဆာနှင့်၊ လွတ်ရာစင်စစ်
ဉာဏ်မဆစ်၍၊ ဥပေက် ဝေဒနာ
ဖြစ်ပေါ်လာ၊ အဝိဇ္ဇာနုသယ ပွား။

ယင်းသို့ဖြစ်ငြား၊ ထိုသူစားက
သုံးပါးဝေဒနာ၊ ခံစားရာ၌
ယှဉ်ကာကိလေ၊ ခံစားပေ၍
များထွေဒုက္ခ၊ မလွတ်ရသည်
သုတကင်းသူ သဘောတည်း။

တရားအသိ ပြည့်ဝသူ

တရားအသိ၊ ပြည့်ဝဘိမူ
ထိုသည့်သူကား၊ တွေ့မူဆင်းရဲ
ရှုမှတ်မြဲ၍၊ စိတ်ထဲမပန်း
ရုပ်သာနွမ်း၊ ရွှင်လန်း ကြည်တော့သည်။

ဆူးတစ်ချောင်းစူးလျှင်၊ နောက်မထွင်၊ နာကျင့် ဆင့်မပွား။
ကိုယ်၌ဆင်းရဲ၊ ရှုမှတ်မြဲ၊ ဆင်းရဲ အသိပွား။
စိတ်မဆင်းရဲ၊ မထိဘဲမို့
မစွဲနုသယာ၊ ဝေဒနာ၏
ငါးဖြာဖြစ်သော၊ ထိုသဘောကို
နက်နောပိုင်ပိုင်၊ သိမြင်နိုင်၊ မြဲခိုင် ဉာဏ်တိုးပွား။

ယင်းသို့ဖြစ်ငြား၊ ထိုသူစားက
သုံးပါးဝေဒနာ၊ ခံစားရာ၌
ကင်းကွာကိလေ၊ ခံစားပေ၍
များထွေဒုက္ခ၊ ကင်းလွတ်ရသည်၊ သုတရှိသူ သဘောတည်း။

တရားပွဲပြီးသော် မိနစ် ၂၀ ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

Leave a Reply