4 November 2008

ဆရာ့စကား


မိတ်ဆွေဖြစ်သူတဦးက လာမည့် ဒီဇင်ဘာလတွင် သူတို့၏ အထက်တန်း အလယ်တန်း ဆရာ ဆရာမများအား အာစရိယပူဇော်ကန်တော့ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ပြောရာ ကောင်းမြတ်သော မြန်မာတို့၏ ရိုးရာဓလေ့လေးဖြစ်၍ ကြည်နူးဝမ်းမြောက်မိပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟုပင် ဆိုရမည်လား မသိ။ မိမိ၏စာအုပ်များကို ရှင်းလင်းနေစဉ် စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ‘အမေရိကန် ခရီးသွား မှတ်တမ်း’ စာအုပ်ကို တွေ့ရှိပြီး ဆရာတော်ဘုရားကြီး၏ သြဝါဒတခုတွင် ဆရာ့စကား ဆရာ့အဆုံးအမအကြောင်း ထည့်သွင်း ဟောကြားထားသည်ကို တွေ့ရပါသည်။

သက်တော်ရှည် ရွှေဟင်္သာဆရာတော်ဘုရားကြီးသည် ၁၉၉၂-ခုနှစ်တွင် အမေရိကန်ပြည်သို့ ကြွရောက်လာခဲ့ပြီး မြန်မာပြည်သို့ ပြန်မကြွမီ ဒကာဖြစ်သူ ဦးတင်ထွန်း၏နေအိမ် ယာယီစံကျောင်းတွင် ဦးတင်ထွန်းမိသားစုအား အနုဂါမိကတရားတော် ဟောကြားတော်မူ၍ ရေစက်ချ ဆုံးမသြဝါဒကထာ မြွက်ကြားတော်မူခဲ့ပါသည်။

ထိုသြဝါဒကထာတွင် ရှိခိုးကန်တော့ခြင်း၏ ကျေးဇူး၊ ဘုရား တရား သံဃာ ရတနာသုံးပါး ကျေးဇူး၊ မိဘကျေးဇူး၊ ဆရာသမားကျေးဇူးများအကြောင်း ဟောကြားထားရာ ဆရာသမားများ၏ အဆို အဆုံးအမ စကားများအကြောင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။ ဖတ်ယူ ကြည်ညိုတော်မူကြပါကုန်။

——————————————————————-

“ဘုန်းကြီးတို့ ဆရာတော်ကြီးတွေ ဆိုဆုံးမ သြဝါဒပေးတာကို ရိုရိုသေသေ လေးလေးစားစား လိုက်နာတယ်။ အင်မတန် သူတို့ရဲ့ ကိုယ်တွေ့စာတွေ့တွေနဲ့ ဆိုဆုံးမတာ။ အဲဒီ အဆို အဆုံးအမတွေ ရတဲ့အတွက် သာသနာတော်မှာ ဘုန်းကြီးတို့ ဒီအခြေအနေ ရောက်လာရတယ်”

ဆရာသမား ဆိုဆုံးမတာ မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေ ဒီအခြေအနေ မရောက်လာနိုင်ဘူး။

ညောင်တုန်းရွှေဟင်္သာတောရတိုက်ဟာ သံဃာ ၁၅၀-၂၀၀ ရှိတဲ့ ကျောင်းတိုက်ကြီးပဲ။ ပြန်ပြီး ရေတွက်လျှင် တချို့တချို့ မရှိတဲ့ ပုဂ္ဂိုလ်တွေ များတယ်။ ပျံတော်မူသွားကြတယ်။ သာမညအဖြစ်နဲ့ ပျံလွန်တော်မူသွားကြတယ်။ သာမညအဖြစ်နဲ့ ပျောက်သွားကြတယ်။ ဒီအတိုင်း ကြီးပွားလာတဲ့သူဟာ အတော် ရှားတယ်။ မိဘကျေးဇူး ဆရာသမားကျေးဇူးတွေဟာ ဆပ်လို့ကို ကုန်နိုင်ဖွယ် မရှိဘူး။

ခု ဘုန်းကြီး နေ့တိုင်း ဘုရားရှိခိုးတဲ့ အထဲမှာ စစ်ကိုင်းရောက်မှ စစ်ကိုင်းမှာ စစ်အတွင်းက ဗုံးတွေ ကျနေတဲ့အချိန်မှာ ညောင်တုန်းမှာရှိတဲ့ ဘုန်းကြီးတို့ ဆရာတော်က ဘုရားဟောတဲ့ ဂါထာလေးတပုဒ် ရေးပေးလိုက်တယ်။ အဲဒီ ဂါထာလေးက –

“နထ္ထိ မေ သရဏံ အညံ၊ ဗုဒ္ဓေါ မေ သရဏံ ဝရံ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ စဇာမိ ဇီဝိတံ ဗုဒ္ဓံ။
နတ္ထိ မေ သရဏံ အညံ၊ ဓမ္မော မေ သရဏံ ဝရံ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ စဇာမိ ဇီဝိတံ ဓမ္မံ။
နတ္ထိ မေ သရဏံ အညံ၊ သံဃော မေ သရဏံ ဝရံ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ စဇာမိ ဇီဝိတံ သံဃံ။
တေသံ တေဇေန နဿန္တု၊ အန္တရာယာ အသေသကာ၊ သီဃံ ပူရေန္တု သင်္ကပ္ပါ၊ ဣစ္ဆိတံ ပတ္တိတံ သဒါ”

အဲဒီ ဂါထာလေး နေ့တိုင်း ရွတ်ပေးကွာ၊ အန္တရာယ်ကင်းတယ်၊ ဘေးကင်းတယ်။

ဆရာတော် ရေးပေးတဲ့ အချိန်က စပြီးတော့ ယခုအထိ ရွတ်တုန်းပဲ။
ရွတ်တိုင်း ရွတ်တိုင်း ဆရာတော်ရဲ့ကျေးဇူး သိပြီး ဆရာတော်ဟာ ငါ့ရဲ့ အကျိုးစီးပွားကို လိုလားပြီး ပေးတော်မူတယ်။ တစ်ခေါက် မကဘူး။ သုံးခေါက် သုံးခေါက် ပြန်ပြန်ပြီးတော့ ရွတ်တယ်။ ဆရာသမားအပေါ် လေးစားတာကို ပြောတာ။ ဆရာသမား ဆိုဆုံးမတာ ဟူသရွေ့ မှတ်မိသလောက် အကုန်လုံး နားထောင်တယ်၊ လိုက်နာတယ်၊ အရာရာမှာပါ။

ဥပမာ စာဝါကြည့်ပြီးတော့ မျက်နှာသစ်တဲ့အခါ ဆရာကို သတိရလေ့ ရှိတယ်။
ဆရာတော်က ပြောဖူးတယ်။
မျက်စိကြည်လင်အောင် မျက်စိကို ရံဖန်ရံခါ ရေခပ်ကွာလို့။
ရေတော့ အထူး ခပ်မနေဘူး။ အေးတဲ့ရေနဲ့ မျက်နှာသစ်တယ်။ မျက်နှာသစ်တိုင်း ဆရာတော်ကို သွားသတိရတယ်။
ဟာ .. ဆရာတော် ငါ့ကို ဒီလို ဆုံးမတာပဲ။
ဒါကြောင့် မျက်စိက သူများလောက် မမှုန်ဘူး။ စာကြည့်လို့ ရတယ်။ ဒါတွေကြောင့်လဲ ဆရာသမား ဆိုဆုံးမတဲ့ နည်းလမ်း လိုက်နာလို့ ညမှာ စာကြည့်ခြင်း စာရေးခြင်းကို ရှောင်လေ့ရှိတယ်။
‘ည စာမကြည့်နဲ့ကွ’ တဲ့။

ဘုန်းကြီးတို့ရဲ့ ဆရာတော်များဟာ ဘယ်လောက်အထိ လိုက်နာသလဲဆိုရင် သူ သြဝါဒပေးတဲ့အခါ တခါ တခါ ထည့်ပြောလေ့ရှိတယ်။
သူ ကိုရင် ဦးပဉ္ဇင်းဘဝတုန်းက သူ့ဆရာတော်က ဆုံးမတယ်။

“မောင်ဝါယာမ လေနာရောဂါ မရချင်ရင် လက်ဖက် မဝါးနဲ့ကွ”။
အဲဒီက စပြီး လက်ဖက်မစားတာ ပျံလွန်တော်မူတဲ့အထိ လက်ဖက် မစားဘူး။

“မောင်ဝါယာမ စာတတ်ချင်ရင် လက်ဖက်ရည်မသောက်နဲ့ကွ”
ဘုန်းကြီးတွေဟာ များသောအားဖြင့် လက်ဖက်ရည်ဝိုင်းနဲ့ စကားပြောပြီး အချိန်ကုန်နေကြတယ်။
ဘုန်းကြီးတို့ ဆရာများ ဒီလို မရှိဘူး။
ဘုန်းကြီး ယခု မွန်းလတ်မှာ လက်ဖက်ရည်ပွဲကပ်တာ ကိုယ့်ဟာကိုယ် သောက်ရင်း ရှက်မိတယ်။
ငါ့ဆရာတော်ကြီးများ ဒီလို မသောက်ဘူး။ အချိုရော အဖန်ရော မသောက်ဘူး။ ဆွမ်းချိန် ဆွမ်းစားပြီး လက်ဖက်ရည်ပွဲ သောက်လေ့ မရှိဘူး။

ဘုန်းကြီးတို့ ဆရာတော်ကြီးများ နီးလေ ဆရာတော်ဘုရားအကြောင်း သိလေ၊ တကယ် ကြည်ညိုစရာ ကောင်းလေပဲ။
ဘုန်းကြီးတို့ သိသမျှတော့ ဒီ သီလသိက္ခာနဲ့ စပ်လို့ လွန်ကျူးတာ မရှိဘူး။
ဒါတွေ လွန်ကျူးဖို့ မဆိုထားနဲ့။ ဆရာသမား ဆုံးမတာဆိုရင် “မောင်ဝါယာမ စာတတ်ချင်ရင် နေ့မအိပ်နဲ့” ဆိုကတည်းက နေ့ဆို မအိပ်တော့ဘူး။
နေ့ဆွမ်းစားပြီးလဲ မအိပ်ဘူး။
ဘုန်းကြီးတို့က ခု အိပ်မိနေသေးတယ်။
ဘုန်းကြီးတို့ ဆရာသမား နေ့မအိပ်ဘူး။ လက်ဖက် မစားဘူး။ လက်ဖက်ရည် မသောက်ဘူး။ ဝိုင်းဖွဲ့ပြီး စကားတွေ ဘာတွေ တွေ့ကရာ မပြောဘူး။ အင်မတန် ကြည်ညိုစရာ ကောင်းတယ်။
သိလေ ကြည်ညိုစရာ ကောင်းလေ။

မြန်မာပြည် နွေရာသီဆိုတာ အင်မတန် ပူတာပေါ့။
အဲဒါ နာရီပြန် တစ်ချက် နှစ်ချက် အကြောင်းအားလျော်စွာ မြို့ထဲရပ်ထဲက ပင့်ရင် ဖိနပ်မစီးဘူး။
ဘုန်းကြီးတို့ စံကျောင်းဆရာတော်ဆိုတာ အသားအရေ နုနုလေးရယ်။
အသားကလည်း ဖြူတယ်။ ဘုန်းကြီးတို့ထက် အသားဖြူတယ်။
ပြီးတော့ နုတယ်။ ခြေချောင်း လက်ချောင်းလေးတွေက ဖယောင်းတိုင်လေးတွေလို အဲဒီလောက် နုတာ။
နွေရာသီ တပေါင်း တန်ခူး မြို့ထဲရပ်ထဲသွားရင် ဖိနပ်မစီး ထီးမဆောင်းဘူး။
ဒီလောက် ကြည်ညိုစရာ ကောင်းတာ။

ဒါကြောင့် ပုဂ္ဂိုလ်များ အနီးနေမှ ကောင်းတယ် ဆိုးတယ်ဆိုတာ ပိုသိရတယ်။
ခဏတဖြုတ် တွေ့တာတော့ ဟန်လုပ်နေလို့ ဖြစ်နိုင်တာပေါ့။
အမြဲနေတော့ သိလာတာပေါ့။
ဘုန်းကြီးတို့ စံကျောင်းဆရာတော်က သက်တော် တိုတယ် ဆိုရမယ်။ (၇၅)နှစ်မှာ ပျံတော်မူသွားတယ်။

ဘုန်းကြီးတို့ ဆရာက ရွှေကျင်ဂိုဏ်းကြီးရဲ့ ဒုတိယသာသနာပိုင် ဖြစ်တယ်။
သက်တော်ရှည်လျှင် သာသနာပိုင်ကြီး ဖြစ်ရမှာ။
သူ့ထက် ကြီးတဲ့ ပုဂ္ဂိုလ်က သာသနာပိုင်ကြီးအဖြစ် ရှိနေတော့ ဒုတိယသာသနာပိုင်ပဲ ဖြစ်ရတာ။
ဉာဏ်လဲ အင်မတန် ကောင်းတယ်။
ဝီရိယကလည်း ရှိတယ်။
ဒါကြောင့် ဘွဲ့ပေးထားတာကိုက ‘ဦးဝါယာမ’တဲ့။
‘ဝါယာမ’ဆိုတာ လုံ့လဝီရိယကို ခေါ်တာ။

အဘိဓာန်ဆိုတာ ဂါထာပေါင်း (၁,၀၀၀)ကျော် ရှိတယ်။
အဲဒါ စာသင်သားတုန်းက ညစာပြန်တဲ့ ကျောင်းက အိပ်တဲ့ကျောင်း အပြန်လမ်းမှာ ဓာတ်မီးတိုင်ဆိုတာ ရှိတယ်။
အဲဒီတုန်းက ဓာတ်မီးတိုင်ဆိုတာ ရေနံဆီမီးတိုင် မှန်အိမ်နဲ့ ထွန်းထားတာ။ ဒါကိုပဲ ဓာတ်မီးတိုင်လို့ ခေါ်တာ။
အဲဒီ မီးတိုင်နား ရပ်ပြီး ကျက်တာနဲ့ ဂါထာ (၁,၀၀၀)ကျော် ရသွားတယ်။
အင်မတန် ဉာဏ်ကောင်းတယ်။
တစ်နာရီကို ဂါထာ (၃၀) ရတယ်။
ဘုန်းကြီးက လျှောက်ဖူးတယ်။
ကျက်ထားလို့ ရထားတဲ့စာကို ဘယ်လောက်ထိ မမေ့ဘူးလဲဆိုတော့ မပြန်ဘဲထားလျှင် (၃)နှစ်တော့ ခံတယ်တဲ့။
သိပ် ဉာဏ်ကောင်းတယ်။ ဝီရိယကောင်းတယ်။
ပြီးတော့ တပည့်တွေအပေါ်မှာ မေတ္တာကရုဏာ ရှိတယ်။
တပည့်တွေရဲ့ အကျိုးစီးပွားကို လိုလားတယ်။

အဲဒီ ကျေးဇူးတွေ အောက်မေ့ အောက်မေ့ပြီး ဆရာသမား ဆိုဆုံးမတာတွေ လိုက်နာလို့ သာသနာတော်မှာ ဒီအခြေအနေ ရောက်လာတာ။

အဲဒါကြောင့် မိဘရဲ့ ဆိုဆုံးမတာတွေ၊ ဆရာသမားရဲ့ ဆိုဆုံးမတာတွေကို ရိုရိုသေသေ လေးလေးစားစား လိုက်နာရင် နားထောင်ရင် မင်းတို့လဲ ကြီးပွားမှာပေါ့၊ မဟုတ်ဘူးလား။
ဒီ အခြေအနေနဲ့ မဟုတ်သေးဘူး။ ကံဆိုတာ မသိနိုင်ဘူး။ ကံထမ်းလာတာ မမြင်နိုင်ဘူး။ ကံဆိုတာ မြင်ရတဲ့ ပစ္စည်း မဟုတ်ဘူး။
သို့ပေမယ့် သူ့အကြောင်းအားလျော်စွာ အကျိုးပေးလာမယ်။
အေး .. ကြီးလာလို့ အကျိုးပေးလာလို့ အချိန်ရောက်မှ အဲဒီတော့မှ မိဘကျေးဇူးကို ပိုသိလာလိမ့်မယ်။ ဆရာသမားကျေးဇူးကို ပိုသိလာလိမ့်မယ်။

အေး အေး … အဲဒါ မှတ်သားထားပြီး ကြိုးစားလိုက်နာသောအားဖြင့် သူတော်ကောင်းတရားကို ကျင့်ကြံပွားများ အားထုတ်နိုင်ကြစေကုန်သတည်း။

သာဓု .. သာဓု .. သာဓု။

————————————————————————-

“နထ္ထိ မေ သရဏံ အညံ၊
ဗုဒ္ဓေါ မေ သရဏံ ဝရံ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
စဇာမိ ဇီဝိတံ ဗုဒ္ဓံ။

နတ္ထိ မေ သရဏံ အညံ၊
ဓမ္မော မေ သရဏံ ဝရံ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
စဇာမိ ဇီဝိတံ ဓမ္မံ။

နတ္ထိ မေ သရဏံ အညံ၊
သံဃော မေ သရဏံ ဝရံ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
စဇာမိ ဇီဝိတံ သံဃံ။

တေသံ တေဇေန နဿန္တု၊
အန္တရာယာ အသေသကာ၊
သီဃံ ပူရေန္တု သင်္ကပ္ပါ၊
ဣစ္ဆိတံ ပတ္တိတံ သဒါ”

အနက် (ပါဠိ-မြန်မာ)

မေ-ငါ့အား၊ အညံ-ဘုရားမှတပါး အခြားသော၊ သရဏံ-ကိုးကွယ်ရာသည်၊ နတ္ထိ-မရှိပါပေ။
ဗုဒ္ဓေါ-မြတ်စွာဘုရားသည်၊ မေ-တပည့်တော်၏၊ ဝရံ-မြတ်သော၊ သရဏံ-ကိုးကွယ်ရာ ဖြစ်ပါပေ၏။
ဗုဒ္ဓံ-မြတ်စွာဘုရားအား၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။
ဗုဒ္ဓံ (ဗုဒ္ဓဿ)-မြတ်စွာဘုရားအား၊ ဇီဝိတံ-အသက်ကို၊ စဇာမိ-စွန့်လွှတ်ပေးလှူပါ၏။

မေ-ငါ့အား၊ အညံ-တရားမှတပါး အခြားသော၊ သရဏံ-ကိုးကွယ်ရာသည်၊ နတ္ထိ-မရှိပါပေ။
ဓမ္မော-တရားတော်မြတ်သည်၊ မေ-တပည့်တော်၏၊ ဝရံ-မြတ်သော၊ သရဏံ-ကိုးကွယ်ရာ ဖြစ်ပါပေ၏။
ဓမ္မံ-တရားတော်မြတ်အား၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။
ဓမ္မံ (ဓမ္မဿ)-တရားတော်မြတ်အား၊ ဇီဝိတံ-အသက်ကို၊ စဇာမိ-စွန့်လွှတ်ပေးလှူပါ၏။

မေ-ငါ့အား၊ အညံ-သံဃာမှတပါး အခြားသော၊ သရဏံ-ကိုးကွယ်ရာသည်၊ နတ္ထိ-မရှိပါပေ။
သံဃော-သံဃာတော်မြတ်သည်၊ မေ-တပည့်တော်၏၊ ဝရံ-မြတ်သော၊ သရဏံ-ကိုးကွယ်ရာ ဖြစ်ပါပေ၏။
သံဃံ-သံဃာတော်မြတ်အား၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။
သံဃံ (သံဃဿ)-သံဃာတော်မြတ်အား၊ ဇီဝိတံ-အသက်ကို၊ စဇာမိ-စွန့်လွှတ်ပေးလှူပါ၏။

တေသံ-ထို ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့၏၊ တေဇေန-တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်၊ အန္တရာယာ-ကျရောက်ဆဲ ကျရောက်လတ္တံ့ဖြစ်သော ဘေးအန္တရာယ် အားလုံးတို့သည်၊ အသေသကာ-အကြွင်းအကျန် မရှိသောအားဖြင့်၊ နဿန္တု-ပျောက်ပျက်ကြပါစေကုန်သတည်း။
သင်္ကပ္ပါ-ကောင်းမြတ်သော အကြံအစည် အားလုံးတို့သည်၊ သီဃံ-လျင်လျင်မြန်မြန်၊ ပူရေန္တု-ပြီးမြောက် ပြည့်စုံကြပါစေကုန်သတည်း။
ဣစ္ဆိတံ-အလိုရှိအပ်သော၊ ပတ္တိတံ-တောင့်တအပ်သော လိုအင်ဆန္ဒ ဆုမြတ်အပေါင်းတို့သည်၊ သဒါ-အခါခပ်သိမ်း၊ သမိဇ္ဈတု-ပြည့်စုံကြပါစေသတည်း။

(ဘုန်းကြီး ဦးအဘယာလင်္ကာရ အနက်ပေး၏။)

Leave a Reply