စံကျောင်းဆရာတော် (၁၂၃၅-၁၃၀၉)



ရွှေကျင်နိကာယတွဲဘက်သာသနာပိုင်

စံကျောင်းဆရာတော်သည် ၁၂၃၅-ခုနှစ် တပေါင်းလဆန်း (၁၀)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်တန်းရွာနေ ဦးအောင်လှ-ဒေါ်အောင်တို့မှ ဖွားမြင်သော သားရတနာဖြစ်သည်။
ငယ်မည်မှာ ‘မောင်ဉာဏ်’ ဖြစ်သည်။

အသက် (၁၇)နှစ်အရွယ်တွင် မိဘနှစ်ပါးနှင့် အစ်ကိုကြီး ဦးဉာဏ်ပွင့်-ဒေါ်ပိုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်သည်။
ဘွဲ့မှာ ‘အရှင်ဝါယာမ’ ဖြစ်သည်။

၁၂၅၅-ခုနှစ် ပထမဝါဆိုလဆန်း (၁၃)ရက်၊ အင်္ဂါနေ့ညနေ ၃-နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောင်းတော်ရာရွှေကျင်တိုက် ခဏ္ဍသိမ်၌ ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်သည်။

၁၂၇၅-ခုနှစ်၌ ကျောင်းတော်ရာ ဆရာတော်ဘုရားကြီး၏ ‘စံကျောင်းတိုက်အုပ်ဆရာတော်’ ဂုဏ်ထူးဖြင့် ချီးမြှောက်မှု၊ ရွှေဟင်္သာတောရတိုက်ကို လွှဲအပ်မှုတို့ကို ခံယူရသည်။

၁၂၉၉-ခုနှစ်၌ ‘အဂ္ဂမဟာပဏ္ဍိတ’ ဘွဲ့တံဆိပ်ကို ခံယူရသည်။

၁၃၀၈-ခုနှစ်၊ တပေါင်းလဆန်း (၁၅)ရက်နေ့၌ ‘ရွှေကျင်နိကာယဥပဥက္ကဌမဟာနာယက’အဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။

အလင်္ကာနိဿယ၊ စေတိယဝိန္ဆိယ၊ သြဝါဒဒီပနီ စသော ကျမ်းစာများကို ပြုစုတော်မူခဲ့သည်။

၁၃၀၉-ခုနှစ်၊ ဝါခေါင်လဆုတ် (၁)ရက်၊ စနေနေ့ နံနက် ၄-နာရီ၊ မိနစ် ၄၀ အချိန်၌ သာသနာ့တာဝန်ကို မနေမနား ထမ်းဆောင်တော်မူရင်း တဘဝအတွက် ငြိမ်းတော်မူသည်။

(၁၃၅၅-ခုနှစ် တပို့တွဲလပြည့်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်သော ရွှေကျင်သံဃရာဇာ ရာပြည့်ပွဲတော်ခါဝယ် အကျိုးတော်ဆောင် သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ ရွှေကျင်မော်ကွန်းတိုက် တည်ဆောက်ရေး၊ ရွှေကျင်ရုပ်တုတော်နှင့် ရုပ်ပုံတော်များ ပြုလုပ်ရေးအဖွဲ့ငယ် ပြုစုသည့် ၁၉၉၄-ခုနှစ် ဖေဖော်ဝါရီလထုတ် ‘ရွှေကျင်သံဃရာဇာ နှစ် ၁၀၀’ စာအုပ် မှ)

Leave a Reply