မိုးမျှော် ၃၁-ထပ်တိုက် ဥပမာ – (ညိုမြ ဘာသာပြန်)


The Simile of Skyscraper
by Professor U Pe Maung Tin

ကျွန်ုပ်သည် အမေရိကန်ပြည် ချီကာဂိုတက္ကသိုလ်တွင် ပါဠိနှင့် ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်း သင်ကြားပို့ချရန် ဧည့်ပါမောက္ခအဖြစ် ၁၉၅၇-၅၉ ပညာသင်နှစ် ၂-နှစ်တာမျှ ဆောင်ရွက်ခဲ့ရသည်။

ချီကာဂိုတက္ကသိုလ်သို့ အောက်တိုဘာလ ၁ ရက်နေ့ ရောက်ရှိသွားရာ ကျွန်ုပ်ပို့ချရမည့် ဗုဒ္ဓဘာသာအတန်းတွင် ရန်ကုန်တက္ကသိုလ်မှာကဲ့သို့ ကျောင်းသားသစ်များကို မတွေ့ရဘဲ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသနသမားများသာ ပါဝင်ကြောင်း တွေ့ရှိရသည်။ ထို့ထက် ကျွန်ုပ်အဖို့ အံ့အားသင့်ရသည်မှာ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသော တက္ကသိုလ်ဆရာ နှစ်ယောက် သုံးယောက် ကျွန်ုပ်၏ အတန်းတွင် ပါဝင်နေခြင်း ဖြစ်၏။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်၍ ကျွန်ုပ်၏ အတန်းတွင်လည်း ဓမ္မစကြာကပင် စတင်ရပေမည်။ ဓမ္မစကြာကို ပို့ချမည်ဆိုသော် ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြရန် လိုပေမည်။

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလမ္ဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ဤပါဠိတော်ကို ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ပို့ချခဲ့ပေါင်း များလှလေပြီ။ အခက်အခဲ မရှိခဲ့။
ထိုစဉ်က ကျွန်ုပ်အတန်းများရှိ ကျောင်းသားအားလုံးလိုလိုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတိုင်း ဗုဒ္ဓတရားကို နားမဝေးကြပေ။
ယခု ချီကာဂိုတက္ကသိုလ်တွင်မူ ဆင်းရဲခြင်း၏ အကြောင်းခံ အမှန်တရားများကို တပင်တပန်း အားထုတ် ရှင်းလင်းပြသည့်တိုင်အောင် ဘဝင်မကျနိုင်ဟန် ရှိနေပုံကို တွေ့ရသည်။
သင်ခန်းစာ နှစ်ချိန် သုံးချိန်မျှ ပို့ချပြီးသည်အထိ ဤအတိုင်းပင် ရှိနေကြသေးကြောင်း သူတို့၏ မျက်နှာများက အထင်းသား ဖော်ပြနေသည်။
ဤအတွက် ကျွန်ုပ်မှာ စိတ်ပျက်ရ၏။
မိရိုးဖလာ အခြေခံချင်း၊ ယဉ်ကျေးမှု အခြေခံချင်း၊ လူမှုပတ်ဝန်းကျင် အခြေခံချင်း မတူညီကြသည့် အချက်ကို ထည့်သွင်းစဉ်းစားလျက် ရန်ကုန်တက္ကသိုလ်တွင် သင်သလို ချီကာဂိုတက္ကသိုလ်တွင် သင်ကြားရန် မသင့်ဟု ကျွန်ုပ် ကြို၍ မြင်ထားပြီး ဖြစ်သဖြင့်လည်း စိတ်ပျက်မိရပြန်၏။
သို့ဖြစ်ရာ ဆင်းရဲခြင်း၏ သဘောတရားများကို အဘယ့်ကြောင့် ကျွန်ုပ်၏ အတန်းသားများ ဘဝင်မကျ ဖြစ်နေကြသည်ကို ကျွန်ုပ် အကြောင်းရှာရတော့မည်။

ကျွန်ုပ် တွေ့ရှိမိသည့် အကြောင်းမှာ ဤသို့ ဖြစ်၏။
သူတို့အဖို့ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း တစုံတရာ ကြုံလာရလျှင် ထိုဆင်းရဲခြင်းတို့ကို ဖယ်ရှားပစ်ခြင်းဖြင့်သာ ချမ်းသာပျော်ရွှင်မှုကို ရနိုင်သည်ဟု စွဲမြဲ ယုံကြည်နေကြသည်။
ပမာအားဖြင့် သံကို စင်အောင် ချွတ်နိုင်က သံမဏိဖြစ်သကဲ့သို့တည်း။

ဤနည်းမှာ သူတို့၏ နိုင်ငံ (အမေရိကန်)ကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများအနက် ရှေ့တန်းသို့ ရောက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေသည့်နည်းပင် ဖြစ်သည်။

ယနေ့ ကမ္ဘာတွင် အရာရာကို ‘သိပ္ပံပညာ’နည်းအမျိုးမျိုးဖြင့် တိုးတက်အောင် ပြုလုပ်ဖန်တီးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်။
ဤသို့ စွဲမြဲ ယုံကြည်နေခြင်းကြောင့် ဗုဒ္ဓဟောကြားသည့် ဒုက္ခသစ္စာကို တကယ်တမ်း နားမလည်နိုင်အောင် ရှိနေကြခြင်းပင် ဖြစ်သည်။
ဗုဒ္ဓ၏ ဒုက္ခသစ္စာကို သူတို့အနေဖြင့် မည်သို့ အဓိပ္ပာယ်ကောက်ယူနိုင်သည်ကို အောက်တွင် နှိုင်းယှဉ်၍ ပြပါမည်။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

အမေရိကန်နိုင်ငံတွင် ဆေးဘက်ဆိုင်ရာ သိပ္ပံပညာသည် ပဋိသန္ဓေနေခြင်း၊ မွေးဖွားခြင်းတို့ကို လွယ်ကူစေလျက် ရှိ၏။
သဘာဝအတိုင်း မွေးဖွားရန် ခဲယဉ်းနေလျှင် မနာမကျင် ခွဲစိတ်၍ မွေးနိုင်ကြပြီ။
ဤနည်းဖြင့် အခက်အခဲကို ‘ဖယ်ရှား’ပစ်နိုင်ရာ အဘယ်မှာလျှင် ဆင်းရဲခြင်းဟု ဆိုသင့်ပါသနည်း။
ဤသို့ သူတို့ မြင်နေကြဟန် တူသည်။

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့နိုင်ငံတွင် ‘လူ့ဘဝအစ အသက်ခုနစ်ဆယ်က’ဟု ဆိုရိုး ပြုကြ၏။
မြန်မာနိုင်ငံမှာကဲ့သို့ ‘မြန်မာအို ကျောင်းကြို ကျောင်းကြား’ဟု မယုံကြည်ကြပေ။
သူတို့ဆီက အသက်ခုနစ်ဆယ် လူကြီးများသည် လူငယ်နှင့်မခြား သွားလာလှုပ်ရှားကြ၊ စားကြသောက်ကြ၊ လုပ်ကြကိုင်ကြလျက်ပင် ရှိသည်။
လူငယ်များတွင် အသင်းအဖွဲ့များရှိသလို လူကြီးကလပ်များ ဖွဲ့၍ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။
ထို့ကြောင့် အိုမင်းရင့်ရော်ခြင်းကို ဆင်းရဲသည်ဟု မမှတ်ယူကြပေ။

(၃)
ဗျာဒိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

အထက်တွင် ဆိုခဲ့သည့်အတိုင်း နာခြင်း၊ ဖျားခြင်းတို့ကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးပညာသည် သူတို့နိုင်ငံတွင် အထူးတိုးတက်နေသည် မဟုတ်လော။
ကုသ၍ မရနိုင်သော ရောဂါအချို့ ယနေ့ ရှိနေသေးသော်လည်း တနေ့တွင် ဤရောဂါမျိုးကို ပျောက်အောင် ကုနိုင်သည့် သိပ္ပံနည်းများ တွေ့ရှိလာရမည်ဟု စိတ်ချစွာ မျှော်လင့်ထားကြ၏။
သို့ဖြစ်ရာ နာခြင်းကိုလည်း ဒုက္ခဟု မမြင်ကြတော့ချေ။

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့အဖို့ ယခုဘဝသည် နောက်ဆုံးဘဝပင် ဖြစ်သည်။
သေခြင်းအခြားမဲ့၌ ကောင်းကင်ဘုံသို့ သွားရဖို့သာ ရှိသည်။
ထိုကဲ့သို့ သေခြင်းကို ကောင်းကင်ဘုံ တံခါးဖွင့်ခြင်း ဖြစ်သည်ဟု ယုံကြည်နေသူများအား သေခြင်းသည် ဆင်းရဲ၏ဟု ရှင်းပြရန် မလွယ်ကူပေ။

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့အဖို့ မချစ်မနှစ်သက်သောသူ တစ်ဦးနှင့် ဆက်လက် နေထိုင်ရန် မလိုပေ။
အမြန်ဆုံး ခွဲခွာကြဖို့သာ ရှိသည်။ မချစ်သူကို အမြန်ဆုံး ကွာ၍ ချစ်သူ တစ်ယောက် အစား အမြန်ဆုံး ရှာ၍သာ ပြဿနာကို ဖြေရှင်းလျက် ရှိကြသည်။
‘သင်္ဘောဆိပ် တစ်ခုရောက်၊ ချစ်သူ တစ်ယောက်ထား’ဆိုသော သင်္ဘောသားကဲ့သို့ သူတို့သည် အချစ်ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားကြသည်။
ဟောလိဝုဒ်မှာဆိုလျှင် လင်မယား ကွာရှင်းပြတ်စဲခြင်းသည် ရိုးလျက် နေချေပြီ။
မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်းကို စိတ်ညစ်နေရန် မလိုဟု သူတို့အနေဖြင့် မှတ်ယူကြ၏။

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

(၇)
ယမ္ပိစ္ဆံ နလမ္ဘတိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)

သူတို့နိုင်ငံတွင် လူနေမှု အဆင့်အတန်း အလွန်မြင့်၏။ လူ ၃-ယောက်လျှင် ကားတစ်စီး ရှိနေကြသည်။ အကြံကောင်းလျှင် ကြိုးစားလျှင် သန်းကြွယ်သူဌေး နေ့ချင်းညချင်း ဖြစ်လာနိုင်သည်။
လိုချင်စရာဟူသမျှကို တစ်နေ့မရ တစ်နေ့ရ,ရမည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် လိုချင် တောင့်တသည်ကို မရသော ဆင်းရဲခြင်းကို ဘဝင်မကျနိုင်ခြင်း ဖြစ်မည်။

အထက်ပါ အကြောင်းများသည် ကျွန်ုပ်၏ ဗုဒ္ဓဘာသာအတန်းမှ အတန်းသားများ အဘယ်ကြောင့် ဆင်းရဲခြင်း၏ သဘောတရားကို လက်ခံနားလည်နိုင်ခြင်း မရှိသည့် အခြေခံ အကြောင်းများပင် ဖြစ်သည်။
သူတို့ နားလည်အောင် ရှင်းပြရန် ကျွန်ုပ် ထင်သလောက် မလွယ်ကူချေ။
အကယ်၍သာ လူ့ဘဝကို သူတို့နိုင်ငံတွင် မြင်တွေ့နေကျ မိုးမျှော်တိုက်ကြီးမျိုးနှင့် ထင်ဟပ်၍ ရှင်းပြနိုင်ပါက ယခု သင်ပြနည်းထက် ပို၍ အောင်မြင်မည်ဟု ကျွန်ုပ် စဉ်းစားမိ၏။
ဤနည်းကို ပထမဆုံး အသုံးပြုရန် မကြာမီ အခွင့်အလမ်းတစ်ခု ပေါ်လာပါသည်။

၁၉၅၈-ခု၊ မတ်လတွင် ဘတ်(က)နဲလ် တက္ကသိုလ်မှ ကျွန်ုပ်အား ဗုဒ္ဓဘာသာအကြောင်း ဟောပြောရန် ဖိတ်ကြားလာသဖြင့် နှစ်ကြိမ် သွားရောက် ဟောပြောရသည်တွင် အဆိုပါ မိုးမျှော်တိုက်ကြီး ဥပမာကို အသုံးပြုခဲ့သည်။ အတ်(က်)နဲလ်တက္ကသိုလ်တွင် ဟောကြားချက် အကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏။

‘မိတ်ဆွေတို့ …
ဒီကနေ့ ကျွန်တော် မိတ်ဆွေတို့ကို ဥပမာတစ်ခုနဲ့ ထင်ဟပ်ပြီးတော့ ဗုဒ္ဓ ဟောကြားတဲ့ ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်အကြောင်းတရား)ကို ပေါ်လွင်အောင် ရှင်းပြသွားပါမယ်။
ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူများအနေနဲ့ ဒီစကြဝဠာကြီးမှာ ဘုံပေါင်း ၃၁-ဘုံ ရှိပါတယ်။
ကျွန်တော်တို့ လူသားများရှိနေတဲ့ လူ့ဘုံဟာ ၃၁ ဘုံရဲ့ ပဉ္စမဘုံ ဖြစ်တယ်။
လူ့ဘုံရဲ့အောက်မှာ ငရဲသားတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသူရကယ်တွေ ရှိနေတဲ့ အပါယ်လေးဘုံ ရှိတယ်။
လူ့ဘုံရဲ့အထက်မှာတော့ နတ်ပြည် ၆ ဘုံနဲ့ သူ့အထက်မှာ အမြင့်ဆုံး ဗြဟ္မာဘုံ ၂၀ ရှိတယ်။
စုစုပေါင်း ၃၁ ဘုံ။

ဒီ ၃၁ ဘုံသားတွေဟာ ကျရောက်ရာ ဘုံအသီးသီးမှာ သူ့ကာလ အပိုင်းအခြားနဲ့ စံစရာရှိရင် စံ၊ ခံစရာရှိရင် ခံပြီး အဖန်တလဲလဲ ဘဝအမျိုးမျိုးနဲ့ ဘုံအမျိုးမျိုးမှာ အသစ် အသစ် ဖြစ်နေရတဲ့ အစဉ်ကြီးကို သံသရာ လို့ ခေါ်တယ်။

ဒီသံသရာကြီးဟာ ဘယ်လောက် ရှည်လျားသလဲဆိုတော့ ရေးရေး ထင်မြင်လာအောင် သင်တို့ရဲ့ လက်ရှိ ဘဝက နေပြီး ရှေ့ဘဝ ဘဝတွေကို မျှော်ကြည့်စမ်းပါ။
ဘဝ အသစ် အသစ်တွေ ဖြစ်ပြီးရင်း ဖြစ်ရင်းနဲ့ ဆင်းရဲမှု တာရှည်သလောက် သံသရာကြီးဟာလည်း ရှည်လျားနေတာကို မှန်းဆနိုင်ကြလိမ့်မယ်။

မိတ်ဆွေတို့ ထင်လွယ် မြင်လွယ်အောင် ဒီမှာရှိတဲ့ မိုးမျှော်တိုက်ကြီးတစ်ခုနဲ့ ထင်ဟပ်ပြီး ပြပါမယ်။

စောစောက ပြောခဲ့တဲ့ ၃၁ ဘုံကြီးဟာ ၃၁-ထပ် တိုက်ကြီးတစ်တိုက် ဆိုပါတော့။
သည် ၃၁ ထပ်တိုက်ကြီးထဲ ရောက်နေတဲ့သူတွေအတွက် ထွက်စရာ တံခါးပေါက် မရှိပါဘူး။
ဒီတိုက်ကြီးအတွင်းမှာပဲ အထပ်တစ်ခုခုကို သွားလို့ ရပါတယ်။
ဘယ်လိုသွားမလဲ?
ရိုးရိုး မိုးမျှော်တိုက်ကြီးထဲမှာတော့ သက်ဆိုင်ရာ ခလုတ်ကို နှိပ်ပြီး သွားရတယ်။
အောက်ထပ် ဆင်းချင်ရင် အောက်ထပ်ခလုတ်ကို နှိပ်လိုက်။
အထက်ထပ် တက်ချင်ရင် အထက်ထပ်ခလုတ်ကို နှိပ်ရတယ် မဟုတ်လား။

၃၁-ထပ် တိုက်ကြီးနဲ့ တူတဲ့ ၃၁ ဘုံထဲမှာတော့ –
ရိုးရိုးတိုက်ကြီးထဲမှာ ခလုတ်နှိပ်ရတာလို မလွယ်ဘူး။
ကာယကံရှင်ရဲ့ ကောင်းမှုကံ၊ မကောင်းမှုကံဆိုတဲ့ အကျိုးဆက်အတိုင်းသာ ကောင်းတဲ့အထပ်၊ ဆိုးတဲ့အထပ်တွေကို ရောက်ရတယ်။
ကိုယ်ရောက်ချင်တိုင်း ရောက်လို့ မရဘူး။

ကျွန်တော်တို့ အခု ရောက်နေတဲ့ အထပ်ဟာ ဒီ ၃၁ ဘုံဆိုတဲ့ တိုက်ကြီးရဲ့ ပဉ္စမထပ် ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။
သည်အထပ်ကနေပြီး ကျွန်တော်တို့ သေသွားပြီးနောက် အထက်ကိုဖြစ်စေ၊ အောက်ကိုဖြစ်စေ၊ လက်ရှိအထပ်မှာပဲ အသွင်တစ်မျိုးနဲ့ဖြစ်စေ ကူးပြောင်းရဦးမှာပါ။
သည်တခါမှာ ကောင်းတာလုပ်ခဲ့သူအဖို့ ကောင်းတဲ့နေရာကို ရောက်ပြီး၊
ဆိုးတာ လုပ်ခဲ့သူအဖို့ ဆိုးတဲ့နေရာကို ရောက်မှာ ဖြစ်ပါတယ်။
အသွင်တမျိုးနဲ့ သို့မဟုတ် ပို၍ ကောင်းတဲ့အသွင်၊ ယုတ်ညံ့သွားသော အသွင်တခုခုနဲ့ နတ်ဆိုရင်လည်း နတ်ဘုံမှာပဲ ပြန်ရောက်၊ လူဆိုရင်လည်း လူ့ဘုံမှာပဲ ပြန်ရောက်၊ တိရစ္ဆာန်ဆိုရင်လည်း တိရစ္ဆာန် တမျိုးမျိုးပဲ ပြန်ဖြစ် ဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သည် ၃၁ ထပ် တိုက်ကြီးထဲကတော့ ထွက်လို့ မရပါဘူး။
သည်အတွင်းမှာပဲ ဟိုနေရာရောက် သည်နေရာရောက် အဖန်တလဲလဲ ရောက်နေရတာပါ။

ကဲ .. သည်လိုဆိုရင် မိတ်ဆွေတို့အနေနဲ့ သည်လို အကျဉ်းထောင်နဲ့ တူတဲ့ ၃၁ ထပ် တိုက်ကြီးထဲက မထွက်ဘဲ ဘယ်လောက်ကြာကြာ နေနိုင်ကြမလဲ?
သည်တိုက်ကြီးထဲမှာ ဘယ်လောက် ပျော်ပျော်ရွှင်ရွှင် နေရ နေရ၊ စားချင်တာ စားရ၊ လုပ်ချင်တာ လုပ်ရဦးတော့
(ငါဟာ သည်တိုက်ကြီးထဲမှာ အကျဉ်းခံနေရပါကလား)လို့ သိလာတာနဲ့တပြိုင်နက် သည်သာယာမှုတွေကို နှစ်သက်နိုင်ပါတော့မလား?
သည်လိုပဲ နေသွားချင်မလား?
နေသွားလို့ ရမလား?
စဉ်းစားကြည့်ကြစမ်းပါ။

သတ္တဝါတိုင်းဟာ ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်တဲ့ လွတ်လပ်ခွင့်ကိုသာ ရရှိလိုတယ် မဟုတ်လား။
ဒါကြောင့် မလွတ်လပ်တဲ့ ဘဝမှာ နေရတဲ့ သာယာမှုတွေဟာ တကယ်ဆိုတော့ ဆင်းရဲမှုတွေပါပဲ။
သည်လို သဘောပေါက်ထားရင် သံသရာကြီးမှာ ဘဝအသစ် အသစ်တွေ အဖန်တလဲလဲ ဖြစ်ပေါ်နေသမျှ ကောင်းတဲ့ ဘဝရောက်ရောက်၊ ဆိုးတဲ့ ဘဝ ရောက်ရောက် ဆင်းရဲခြင်းပဲလို့ မြင်လာနိုင်ပါတယ်။

သည်အကြောင်းကို ထွက်ပေါက်မရှိတဲ့ ၃၁ ထပ်တိုက်ကြီး ဥပမာနဲ့ ထင်ဟပ်ကြည့်ကြဖို့ပါပဲ။
ဒါဟာ ဗုဒ္ဓဆိုလိုတဲ့ ဆင်းရဲခြင်း အမှန်တရားပါပဲ။
ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏ ဆိုတဲ့ မှတ်သားလို့ရအောင် အမည်တပ်ထားတဲ့ ဝေါဟာရတွေအရ မွေးဖွားရခြင်း၊ ဆင်းရဲ အိုရ နာရ သေရခြင်း ဆင်းရဲဆိုတာတွေကို သာမန်အားဖြင့် နားလည်ထားတာထက် အခု ကျွန်တော် ရှင်းပြခဲ့တဲ့ တရားကိုယ်သဘောကို ရှာကြည့်မှသာ ဆင်းရဲမှု အမှန်တရားကို ရိပ်စားမိကြမှာ ဖြစ်ပါတယ်။
အခု ပြောခဲ့တာတွေဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

အားလုံး သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒီသစ္စာလေးပါးကို ကျွန်တော် ရှင်းပြပါမယ်။

(၁) ဒုက္ခသစ္စာ

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ –
ကောင်းစွာ သိမြင်ခြင်း၊
ကောင်းစွာ ကြံစည်ခြင်း၊
ကောင်းစွာ ပြောဆိုခြင်း၊
ကောင်းစွာ ပြုခြင်း၊
ကောင်းစွာ အသက်မွေးခြင်း၊
ကောင်းစွာ အားထုတ်ခြင်း၊
ကောင်းစွာ အောက်မေ့ခြင်း နှင့်
ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်တယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင် အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကုရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ မိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ကျွန်န်ုပ် ပို့ချခဲ့သည့် ဗုဒ္ဓဘာသာအကြောင်း ဟောပြောချက်မှာ အထက်ပါအတိုင်းပင် ဖြစ်သည်။
နောက် ခြောက်လခန့်ရှိသောအခါ ဘဲလွိုက်ကောလိပ်မှ တဖန် ဖိတ်ကြားပြန်ရာ ဤအတိုင်းပင် မိုးမျှော် ၃၁ ထပ်တိုက် ဥပမာကို ဆောင်၍ ဟောပြောခဲ့ပြန်သည်။
ဤအကြိမ်တွင် ဘတ်(က)နဲလ်တက္ကသိုလ်မှာ ဟောစဉ်ကထက် ပို၍ အောင်မြင်၍ ကျွန်ုပ် ဟောပြော အပြီးတွင် ပရိသတ်ထဲမှ ကိုယ်တိုင် ထွက်၍ ချီးကျူးသူများပင် တွေ့ရသည်။
သူတို့ သဘောပေါက်အောင် ဟောပြောနိုင်ခြင်းမှာ ၃၁ ဘုံကို ၃၁ ထပ် မိုးမျှော်တိုက်ကြီး ဥပမာနှင့် ထင်ဟပ်ပြောခြင်းကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာအကြောင်း ဟောပြောသင်ကြား ပို့ချ ဆွေးနွေးရန် အကြောင်းပေါ်တိုင်း ဤဥပမာကိုပင် လက်သုံးပြုပါတော့သည်။
ဟောပြောပွဲတစ်ခု၌မူ ပရိတ်သတ်ထဲမှ ‘ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ် ဆရာကြီး’ ဟုပင် ထပြောသူများ ပေါ်ပေါက်လာသဖြင့် ကျွန်ုပ်အဖို့ ကြည်နူးမိခဲ့ရပါကြောင်း။

စာရေးသူ

[ဤဆောင်းပါး ရေးသားသူ ပါမောက္ခ ဦးဖေမောင်တင်သည် နှစ်ပေါင်း များစွာ စာပေပညာရှင်ကြီးအဖြစ် အစဉ်တစိုက် ကြိုးပမ်း အားထုတ်ခဲ့ပြီး ၁၉၇၃-ခု မတ်လ ၂၂ ရက်နေ့ အသက် ၈၅ နှစ်တွင် ကွယ်လွန်ခဲ့ပေသည်။
ဆရာကြီးသည် အသက် ၂၄ နှစ် အရွယ်က စ၍ ရန်ကုန်ကောလိပ် (နောင်တွင် ရန်ကုန်တက္ကသိုလ်) ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သော ထက်မြက်ခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်ပါသည်။

၁၉၂၀ ခုနှစ်တွင် အောက်(စ်)ဖို့ဒ် တက္ကသိုလ်သို့ တက်ရောက်ခဲ့စဉ် အဋ္ဌသာလိနီ ပါဠိတော် နှစ်တွဲကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့သည်။ (The Expositor) ဟု စာအုပ်အမည် ပေးခဲ့သည်။
ဝိသုဒ္ဓိမဂ် ပထမတွဲကို အင်္ဂလိပ်ဘာသာဖြင့် (The Path of Purity)ဟု အမည်ပေးလျက် ထိုအချိန်တွင်ပင် ပြန်ဆို ပြီးစီးခဲ့သည်။
ဝိသုဒ္ဓိမဂ် နှစ်တွဲ ကျန်ရှိနေသည်ကို ၁၉၂၈ ခုနှစ်နှင့် ၁၉၃၁ ခုနှစ်တွင် အသီးသီး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်။ ယင်းစာအုပ်များကို လန်ဒန် ပါဠိအသင်းကြီးမှ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။

ဆရာကြီးသည် မြန်မာစာပေနှင့် မွန်စာပေကို မိမိရရ နှံ့စပ် သိမြင်သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ပါမောက္ခ မစ္စတာလုစ်နှင့် တွဲဖက်၍ သုတေသနစာပေ အများအပြား ပြုစုခဲ့ရာ ၁၉၂၃ ခုနှစ်တွင် ‘မှန်နန်းရာဇဝင်တော်ကြီး’ကိုလည်းကောင်း၊ ၁၉၃၅-၃၆ တွင် ‘မြန်မာနိုင်ငံ ရှေးဟောင်း ကျောက်စာများ’ကိုလည်းကောင်း အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆို ထုတ်ဝေခဲ့သည်။
၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း ကောင်မရှင် ဗိုလ်မှူးဘရှင်တို့နှင့် စာစောင် အသီးသီးတွင် ဆရာကြီး၏ စာတမ်း အများအပြားကို ဖတ်ရှုခဲ့ကြရပေသည်။
နိုင်ငံတာဝန်မှ အငြိမ်းစားယူပြီးနောက်ပိုင်း ဆရာကြီး ရေးသားခဲ့သည်များအနက် (Buddhist Devotion and Meditation) အမည်ရှိ ကျမ်းတစ်ကျမ်းလည်း ပါဝင်သည်။

ဆရာကြီးသည် ဇရာဒုဗ္ဗလ အရွယ်ပိုင်း၌ ကာလရှည်ကြာစွာ သူ အမှုထမ်းခဲ့သည့် တက္ကသိုလ်အနီးရှိ အိမ်ကလေး တစ်လုံးတွင် ဆရာကြီးကတော်နှင့်အတူ ရောင့်ရဲစွာပင် အေးအေးချမ်းချမ်း နေထိုင်သွားရှာသည်။
ဆရာကြီး ကွယ်လွန်ခြင်းမှာ ဗုဒ္ဓဘာသာ လေ့လာလိုက်စားသည့် ပုဂ္ဂိုလ်ထူးတစ်ဦး ဆုံးရှုံးရခြင်းပင် ဖြစ်သည်။
စိတ်အားတက်ကြွဖွယ်ရာ၊ ကြည်လင်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည့် ဆရာကြီးအား တပည့်အများ၊ မိတ်ဆွေအများကလည်း နှမြောတသကြပေသည်။

အထက်ပါ ဆောင်းပါးမှာ ဆရာကြီး မကွယ်လွန်မီကလေးတွင် ရေးသားသွားသည့် ဆောင်းပါးဖြစ်ရာ သူ၏ ဆောင်းပါးကို သူကိုယ်တိုင် ဖတ်ရှုသွားခွင့် မရရှာတော့ပေ။]

( ရွှေလမ်းငွေလမ်း၊ အမေရိကန်-မြန်မာ ဆက်ဆံမှုမှတ်တမ်း၊ ရန်ကုန်၊ အမေရိကန်ပြန်ကြားရေးဌာန၊ ၁၉၈၀)

စိတ်ကူးချိုချိုအနုပညာမှ ၂၀၀၈-ခုနှစ် မေလတွင် ပထမအကြိမ်ထုတ်ဝေသော မောင်သွေးသစ်နှင့် မောင်ဇေယျာတို့ ပြုစုသည့် ‘ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)’ စာအုပ်၌ ပါဝင်သော ဆရာကြီး၏ ‘The Simile of Skyscraper’ ကို ညိုမြ ဘာသာပြန်သည့် ဆောင်းပါး။

Leave a Reply