အနာကုလာ စ ကမ္မန္တာ ဧတံ မင်္ဂလမုတ္တမံ

“အလုပ်တစ်ခုကို အနှောက်အယှက် အရှုပ်အထွေး မရှိ၊ ပြီးစီး အောင်မြင်အောင် လုပ်ဆောင်ရခြင်းဟာ မင်္ဂလာတစ်ပါး”လို့ ဘုရားရှင်က မင်္ဂလသုတ်မှာ ဟောကြားတော်မူခဲ့တယ်။

ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ကို အပြန်ယူ ပြောရရင် “မပြီးပြတ်တဲ့ လက်စမသတ်သေးတဲ့ လုပ်ငန်းကိစ္စတစ်ခုဟာ မင်္ဂလာ မရှိပါ”လို့ ဆိုရပေလိမ့်မယ်။

ဘုရားဟောတာ မှန်,မမှန်ကို ပြန်လှန် စဉ်းစားကြည့်ပါ။
တစ်ဝက်တစ်ပျက်နဲ့ မပြီးပြတ်သေးတဲ့ အဆောက်အဦတွေကို မြင်ရရင် တိုးလိုးတန်းလန်း ထိုးထိုးထောင်ထောင်နဲ့ အလွန် အကြည့်ရ အရုပ်ဆိုးတာကို စာဖတ်သူတို့ တွေ့ရပါလိမ့်မယ်။
သပ်သပ်ရပ်ရပ်နဲ့ ပြီးစီးနေတဲ့ အဆောက်အဦတွေကို မြင်ရရင် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သူ့အရွယ်နဲ့သူ လှလှပပ တင့်တင့်တယ်တယ် ရှိနေတာကို တွေ့ရပါလိမ့်မယ်။

နမူနာယူဖို့ ဘုရားစုံဖူးခဲ့တယ်

စာရေးသူ မြန်မာပြည် အလည်အပတ်ရောက်ခဲ့စဉ်က စေတီပုထိုး အမျိုးမျိုးကို သွားရောက် ကြည်ညိုခဲ့ပါတယ်။
ကြီးကြီးငယ်ငယ် အသွယ်သွယ် တင့်တယ် သပ္ပာယ်လှတယ်။
စိတ်ခံစားချက်အရ “တချို့စေတီပုထိုးတွေကို ဘယ်တော့မှ သွားမဖူးဘူး”လို့ ဆုံးဖြတ်ချက်ချပြီး တစ်ချိန်တစ်ခါက မသွားခဲ့ပေမယ့် ဒီတစ်ခေါက်တော့ အဲဒီ စေတီပုထိုးတွေဆီကို ရောက်အောင် သွားခဲ့တယ်။
ဒီလို သွားခဲ့ကြောင်း ရောက်ခဲ့ကြောင်းကို မိတ်ဆွေဆရာတော်ကို ပြောပြတော့ “အရှင်ဘုရား … အဲဒီစေတီပုထိုးတွေကို ရောက်ခဲ့တယ်။ ဟုတ်လား … တော်သားပဲ။ တပည့်တော်ကတော့ စိတ်မပါလို့ မြန်မာပြည်ရောက်ပေမယ့် အဲဒီစေတီပုထိုးတွေကို အနားရောက်လို့တောင် ယောင်ပြီး လှည့်မကြည့်ခဲ့ဘူး”လို့ ပြောတယ်။

ဒီတော့ စာရေးသူက “တပည့်တော် မြန်မာပြည်ရောက်တုန်း စေတီပုထိုး ခပ်များများကို ရောက်အောင် သွားခဲ့တာက အဲဒီစေတီပုထိုးတွေမှာ တန်ဆာဆင်ထားတဲ့ မြန်မာ့အနုပညာလက်ရာ ကနုတ်ပန်းတွေကို ကြည့်ချင်လို့ပဲ။
အဲဒီလက်ရာတွေကို အလှအပအနေနဲ့ မျက်စိအရသာခံဖို့တော့ မဟုတ်ဘူး။ နယူးဂျာစီမှာ တည်ထားတဲ့ စေတီတော်အတွက် ဘယ်နေရာမှာ ဘာလုပ်ရင် ကောင်းမယ်၊ ဘယ်လိုဖြစ်နိုင်မယ်ဆိုတာကို နမူနာယူပြီး လုပ်ဖို့ သွားကြည့်တာပဲ။ နယူးဂျာစီမှာ တည်ထားတဲ့စေတီမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်။ တစ်ဝက်တစ်ပျက်နဲ့ မပြီးပြတ်သေးဘူး။ လုပ်စရာ ကျန်နေတာအတွက် မြန်မာပြည်က စေတီပုထိုးတိုင်းမှာ သင့်တော်တဲ့ အနုပညာလက်ရာတွေကို စိတ်ထဲဝင်လာသမျှ ဓာတ်ပုံရိုက်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာပဲ။ ဥပမာအနေနဲ့ ပြောရရင် –

စေတီအတွက် ပလ္လင်တည်ဆောက်ထားပုံ၊ လုပ်နည်းလုပ်ဟန်။
စေတီပတ်လည်မှာ ကာရံထားတဲ့ တံတိုင်းနဲ့ –

လှေခါးဘေးမှာ တပ်ဆင်ရမယ့် လှေခါးလက်ရန်း။

အဆောက်အဦအတွက် မျက်နှာကြက်အနေအထား။

ဘုရားခန်းအတွက် မျက်နှာစာ အပြင်အဆင်။

ဂြိုဟ်တိုင်နဲ့ ဆီမီးပူဇော်ဖို့ ပြုလုပ်ထားရှိပုံ။

ခေါင်းလောင်းချိတ်ဆွဲဖို့ တိုင် စတာတွေ ဖြစ်တယ်။

နယူးဂျာစီမှာ ရှိတဲ့ စေတီကို စေတီတည်ဖူးတဲ့ ပညာရှင်တွေ မပါဘဲ မဖြစ်,ဖြစ်အောင် တည်ဆောက်နေရတာဆိုတော့ အခြားစေတီပုထိုးတွေ ဘယ်လို တည်ဆောက်ထားတယ်ဆိုတာ နည်းယူရအောင် အကြံဉာဏ်ရအောင် သွားကြည့်ခဲ့တာပဲ”လို့ ရှင်းပြရတယ်။

လုပ်စရာတွေ ကျန်နေသေးတယ်

ရောက်လာကြတဲ့ ဒကာ ဒကာမအချို့က “အရှင်ဘုရား စေတီက ပြီးနေပြီပဲ၊ ဘာလုပ်စရာ ကျန်သေးလို့လဲ?”လို့ မေးလျှောက်ကြတယ်။
“အေး … စေတီက ပင်မစေတီလုံးအတွက်သာ ပြီးသေးတာ၊ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ စေတီပရဝုဏ်ကို တံတိုင်းခတ်ရမယ်။ စောင်းတန်းလှေခါးမှာ လက်ရန်းတွေ တပ်ရမယ်။ ကျောက်ပြားခင်းရဦးမယ်။ လျှပ်စစ်မီးတိုင်တွေ ဂြိုဟ်တိုင်တွေ ထည့်ရဦးမယ်။ ခေါင်းလောင်းတိုင်တွေကို စနစ်တက ပြန်လုပ်ရမယ်”လို့ ပြန်ဖြေနေရတာလည်း အမောသားပဲ။

ဖော်ပြထားတဲ့ အရာတွေဟာ စေတီမှာ မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေပဲ။
လုပ်ပါမယ်လို့ ကြေညာပြီး အလှူခံထားတဲ့ အရာတွေလည်း ဖြစ်တယ်။
အောက်မှာ ဖော်ပြထားတဲ့ပုံအတိုင်း ဖြစ်ပြီဆိုမှ စေတီဟာ ပြီးစီး ပြည့်စုံပြီလို့ ဆိုရမယ်။

ခု စေတီဘေးက ခေါင်းလောင်းချိတ်ထားတဲ့ တိုင်တွေကို ကြည့် –

ကချော်ကချွတ်နဲ့ ပျက်စပြုနေပြီဆိုတော့ စာရေးသူစိတ်ထဲမှာ ကျက်သရေရှိတယ်လို့ မထင်ဘူး။
မြန်မာပြည်က စေတီပုထိုးတွေနဲ့ နှိုင်းယှဉ်ကြည့်လေ စိတ်ထဲမှာ အဆင်မပြေလေ … ဖြစ်နေတာပဲ။

နိုင်ငံရပ်ခြားမှာ တည်ထားတဲ့ စေတီဆိုတော့ သပ်သပ်ရပ်ရပ် ပိုရှိစေချင်တယ်။
ဒါမှလည်း ဘာသာတရားကို ပိုအထင်ကြီးပြီး လေးစားမယ်။
ဒါကြောင့် ဉာဏ်စွမ်းရှိသလောက် အကြံပေးပြီး၊ ခွန်အားရှိသလောက်နဲ့ စေတီတော်ကို တင့်တယ် သပ္ပာယ်အောင် ဆောင်ရွက်နေတယ်။

လုပ်ပြီးသမျှ ကိစ္စအချို့ကတော့ ၂၀၁၀ ခုနှစ်မှာ စေတီတော်ရဲ့ အထက်ပစ္စယံကို ကျောက်ပြားခင်းပြီးခဲ့တယ်။
အလှူရှင်က နယူးဂျာစီမှာနေတဲ့ ဟင်နရီနဲ့ မီးမီး မိသားစု ဖြစ်တယ်။

အဲဒီနှစ်မှာပဲ စေတီတော်ပလ္လင်နဲ့ ခြင်္သေ့ထိုင်ခုံတွေကို ကနုတ်ပန်းတချို့ တပ်ဆင်ခဲ့တယ်။
ဆေးတောင် မသုတ်ရသေးဘူး။

စေတီတော်မှာ ရှိရမယ့် အရံစေတီလေးတွေနဲ့ ဆင်းတုတော်ကျောင်းဆောင်တွေကြားမှာ ကွက်လပ်ဖြစ်နေလို့ ပိုမို သပ္ပာယ်အောင် ‘စိန်တောင်’ဆိုတဲ့ ကနုတ်ပန်းတွေ ထည့်လေ့ရှိတယ်။
ဒီအတွက် ကိုအောင်ကျော်မိုးကို ပုံစံဆွဲခိုင်းတော့ မြန်မာပြည်က ဘုရားတွေမှာ ရှိတဲ့ တချို့ပုံတွေကို နည်းမှီပြီး တတ်နိုင်သလောက် ကြိုးစား ဆွဲပေးတယ်။
ဒါပေမယ့် ဟိုပုံကောင်းနိုးနိုး ဒီပုံကောင်းနိုးနိုးနဲ့ ရွေးနေတာ အလုပ်မဖြစ်ဘဲ ကြာသွားတယ်။
တော်တော်နဲ့ လုပ်ဖြစ်မယ် မထင်ဘူး။
ဒါကြောင့် လုပ်ရမယ့်အလုပ် မြန်မြန်လုပ်ဖြစ်အောင် စာရေးသူက ကိုအောင်ကျော်မိုးကို ဒီလိုပုံလုပ်ပေးပါဆိုပြီး စမ်းသပ်လုပ်ခိုင်းလိုက်တယ်။
ကိုအောင်ကျော်မိုးက သစ်သားထည်နဲ့ အစမ်းလုပ်ပြီး ဘုရားပေါ်တင်ကြည့်၊ အနေအထားကို ဓာတ်ပုံရိုက်ပြီး အဖွဲ့ကို တင်ပြတော့ အဖွဲ့ဝင်တွေက သဘောတူကြတယ်။

ဒါကြောင့် ကိုအောင်ကျော်မိုး သစ်သားနဲ့ လုပ်ထားတဲ့ စိန်တောင်ပုံကို ကိုကျော်သူမြတ်က အင်္ဂတေလောင်းဖြစ်အောင် ရာဘာနဲ့ ပုံစံခွက် ဖော်ပေးတယ်။
စိန်တောင်တစ်ခုအတွက် ရာဘာခွက်ပုံစံ နှစ်မျိုးလုပ်ရတယ်။
အင်္ဂတေခွက်တုံးကြီးအတွက် တစ်ခုနဲ့ ရှေ့မျက်နှာစာအလှအပ ကနုတ်ပန်းခက်အတွက် တစ်ခု ဖြစ်တယ်။

ရာဘာပုံစံခွက်တွေ လုပ်ပြီးတော့ အင်္ဂတေလောင်းယူတဲ့အခါ စိတ်တိုင်းကျ ထွက်လာဖို့ စမ်းသပ်မှုအမျိုးမျိုးကို အပင်ပန်းခံ လုပ်ကြရတယ်။
ဒီလုပ်ငန်းတွေကို ကိုကျော်သူမြတ်အနေနဲ့ ရာသီဥတုပြင်းထန်တဲ့ ဆောင်းတွင်းကာလမှာ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး မဖြစ်မနေ ပြီးစီးအောင် လုပ်ခဲ့တယ်။
သူလုပ်ဆောင်ပြီးတဲ့ အင်္ဂတေခွက်တုံးကြီးနဲ့ ကနုတ်ပန်းခွေတွေကို စာရေးသူဆီ လာပြတယ်။

နှစ်ခုထပ်ကပ်ကြည့်တော့ အင်္ဂတေခွက်တုံးက ကြီးပြီး ကနုတ်ပန်းခွေက သေးနေတယ်။

ဒီနေရာမှာ စာရေးသူရဲ့ အကြံဉာဏ်နဲ့ စမ်းသပ်မှုကို အသုံးချရတော့တယ်။
အင်္ဂတေခွက်နဲ့ ကနုတ်ပန်းကို ကော်နဲ့ကပ်၊ နောက်ပြီး အဲဒီနှစ်ခု ဆက်တဲ့နေရာကို အင်္ဂတေ ထပ်ဖြည့်၊ အချောကိုင်၊ ဆေးသုတ်၊ ရွှေမှင်ခြယ်လိုက်တော့ စိန်တောင်လို့ ခေါ်ရမယ့် ဘုရားကျောင်းဆောင်ငယ်လေးဟာ အတော် သပ္ပာယ်သွားတယ်။
“အနာကုလာစ ကမ္မန္တာ ဧတံ မင်္ဂလမုတ္တမံ”ဆိုတဲ့ ဒေသနာနဲ့အညီ အလုပ်တစ်ခု ပြီးစီး အောင်မြင်သွားလို့ စိတ်ချမ်းသာရတယ်။

အဲဒီ ကျောင်းဆောင်ငယ်လေးထဲမှာ ဆင်းတုတော် ပူဇော်ထားပြီး တစ်ခုကို ဘယ်လောက်နဲ့ အလှူခံရမလဲဆိုတာ စဉ်းစားရပြန်တယ်။
အဲဒီအတောအတွင်းမှာ ဒုလ္လဘရဟန်းလာဝတ်တဲ့ ဦးထင်မြိုင်တို့ ညီအစ်ကိုကို ဘယ်လောက်နဲ့ အလှူခံသင့်သလဲလို့ မေးကြည့်တော့ သူတို့လည်း အကြံမပေးတတ်ဘူး။

ဒါနဲ့ နယူးယောက်က ကြွလာကြတဲ့ ဦးစက္ကိန္ဒနဲ့ ဦးဝိမလကို “ကဲ … အရှင်ဘုရားတို့ကိုပဲ စမ်းပြီး ဒီကျောင်းဆောင်လေးတွေအတွက် အလှူခံရမှာပဲ။ တစ်ဆူကို ငါးရာဖြစ်တယ်”လို့ ပြောတော့၊ “များမယ် ထင်တယ်”လို့ အဖြေပေးတယ်။

နောက်ဆုံး ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီး တစ်ဆူကို ဒေါ်လာငါးရာနဲ့ အလှူခံလိုက်တာ နှစ်ပတ်အတွင်းမှာပဲ အဆူ (၈၀) လှူဒါန်းပြီးသာ ဖြစ်သွားတယ်။
တစ်ဆူကို ငါးရာနဲ့ဆိုတော့ စိန်တောင်က ရတဲ့ အလှူငွေကြောင့် အေဘီဘီအေရဲ့ အလှူငွေစာရင်းမှာ နှစ်ပတ်အတွင်း ဒေါ်လာလေးသောင်း ဝင်သွားတယ်။
အလှူငွေလည်း ရ၊ အလှူရှင်တွေလည်း လှူခွင့်ရ၊ ဘုရားပေါ်မှာလည်း ပြည့်ပြည့်စုံစုံဖြစ်သွားတော့ ဝမ်းသာရွှင်ချို သာဓုခေါ်ဆိုမိပါတယ်။

လုပ်စရာတွေကို လုပ်နေတယ်

စိန်တောင်တစ်ခုကို ငါးရာနဲ့ အလှူခံတာ များတယ်လို့ ထင်ရပေမယ့် လုပ်ငန်းပမာဏကတော့ မသေးလှဘူး။
အင်္ဂတေတုံးကြီး အတုံး (၈၀)နဲ့ ကနုတ်ပန်းခွေ (၈၀)အပြင် ပလ္လင်အတွက် ကနုတ်ပန်းတွေကိုပါ တချိန်တည်း လောင်းရတော့ အတော်ပင်ပန်းလှတယ်။

ကိုကျော်သူမြတ်အနေနဲ့ မြန်မာပြည်အလည်မသွားမီ မအားလပ်တဲ့ ကြားက (၁၀)စုံ လောင်းပေးတယ်။

“တစ်စုံရဖို့ မလွယ်ဘူး ဘုန်းဘုန်းရ၊ အတော်ပင်ပန်းတယ်။ တစ်နေ့ တစ်စုံရဖို့ အတော်လုပ်ယူရတယ်။ ရာသီဥတုက အေးတော့ အင်္ဂတေအခြောက်နှေးလို့ အင်္ဂတေလောင်းပြီးရင် Heater ကို ဘေးမှာ ဖွင့်ထားရသေးတယ်”လို့ ပြောပြတယ်။

စိန်တောင်အတွက် ပြီးနိုင်သမျှ ပြီးအောင် လောင်းနေတုန်းမှာပဲ စိန်တောင်မှာ အလှူရှင်အမည် ရေးထိုးပေးပါမယ်လို့ အာမခံထားတော့ ပေးထားတဲ့ ကတိအတိုင်းဖြစ်အောင် အလှူရှင်အမည်ရေးထိုးဖို့ စီမံရပြန်တယ်။

အလှူရှင်အမည်ပြားအတွက် ဆိုင်ကို အပ်ရင်ဖြစ်ပေမယ့် ကုန်ကျငွေသက်သာအောင်, စိတ်တိုင်းကျဖြစ်အောင်, နောက်ထပ် ကမ္ဗည်းထိုးစရာတွေအတွက်လည်း အသုံးပြုနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဗည်းထိုးဖို့ စက်ကို အင်တာနက်ကနေ ကိုကျော်သူမြတ်နဲ့ ကိုထွန်းထွန်းတို့ကို အဝယ်ခိုင်းလိုက်တယ်။

ဈေးသက်သက်သာသာနဲ့ အလုပ်ဖြစ်အောင်အတွက်ပဲ ရည်ရွယ်ပြီး ဝယ်လိုက်တဲ့ စက်နဲ့ အလုပ်ဖြစ်ဖို့ ကြိုးစားကြည့်တော့ ထင်သလောက် မလွယ်ပြန်ဘူး။
လုပ်နည်းလုပ်ငန် ရှာဖွေရတယ်။
စက်နဲ့ အသုံးပြုဖို့ သင့်တော်တဲ့ ဆော့ဖ်ဝဲယား ဝယ်ရတယ်။ အောက်ခံ ပလပ်စတစ်ပြား ရှာရတယ်။
လိုအပ်တဲ့ ပလပ်စတစ်ပြားကို နယူးယောက်မှာ နေတဲ့ ကိုရစ်ချတ်က ရှာဖွေ လှူဒါန်းတယ်။
ကိုကျော်သူမြတ်နဲ့ ကိုထွန်းထွန်းတို့ ကြိုးစားပမ်းစား လုပ်ဆောင်တဲ့အခါ အလှူရှင်အမည်ပြားကိစ္စလည်း အဆင်တပြေ ဖြစ်သွားတယ်။

ကိုကျော်သူမြတ် ခရီးထွက်ခါနီး စိန်တောင်တွေကို ဆက်လုပ်ဖို့ “ဘုန်းဘုန်းတို့ကိုယ်တိုင် စမ်းလုပ်ကြည့်မယ်၊ ပုံစံခွက်တွေ ထားခဲ့ပါ”လို့ ပြောကာ လုပ်နည်းလုပ်ဟန်ကိုပါ မေးလိုက်တယ်။
ဦးသောဘနနဲ့အတူ ပူးပေါင်းပြီး စမ်းလုပ်ကြည့်တော့ လိုချင်တဲ့အတိုင်း ထွက်လာတယ်။

ဒါကြောင့် ဘိလပ်မြေဝယ်ပြီး ဆက်လက် လုပ်နေရာ ၂၀၁၁ ခု မေလ ဘုရားပွဲအမီ စိန်တောင်ခေါ် ဘုရားကျောင်းဆောင်ငယ် အခု (၈၀)ပြီးမယ့် အခြေအနေ ရှိတယ်။ ပင်ပန်းမှုတော့ ရှိသပေါ့။

တစ်နေ့၊ အင်္ဂတေလောင်းနေစဉ် ဒကာမကြီးတစ်ယောက် တွေ့သွားတော့ “သြော … အရှင်ဘုရားတို့ကိုယ်တိုင် ဒါတွေကို လုပ်နေရတာကိုး ဘုရာ့၊ ပင်ပန်းတာပေါ့၊ အလုပ်ရုံကို အပ်လိုက်ရင် သက်သာတာပေါ့”လို့ မိမိတို့ ပင်ပင်ပန်းပန်း လုပ်နေတာကို မကြည့်ရက်လို့ အဲဒီလို အကြံပေးတယ်။
ပင်ပန်းမှုသက်သာအောင် အလုပ်ရုံကို အပ်ပါလားဆိုတော့ … “အင်း .. တစ်စုံကို ငါးရာထက် ပိုကုန်ကျရင် အလှူခံတဲ့လူက စိုက်ရလိမ့်မယ်”လို့ စိတ်ထဲ ဖြစ်မိတယ်။

အခုပေါင်း (၅၀) လုပ်အပြီး၊ နောက်ထပ်အခု (၃၀)အတွက် ဆက်လက်လုပ်နေတာကို နယူးဂျာစီမှ မောင်နေလင်းက တွေ့သွားတော့ “သြော … ဒါတွေကို ဘုန်းဘုန်းတို့ကိုယ်တိုင် လုပ်နေတာကိုး၊ တပည့်တော် ထင်နေတာက ကိုကျော်သူမြတ်က အကုန်လုပ်ပေးနေတယ်၊ ဒါမှမဟုတ် လုပ်အားပေးတွေနဲ့ လုပ်နေတယ် ထင်တာ။ အရှင်ဘုရားတို့ ပင်ပန်းတာပေါ့”လို့ တအံ့တသြ ပြောလာတယ်။

“အေးကွာ … သူလည်း တတ်နိုင်သလောက် လုပ်ပေးပါတယ်။ သူ့မှာလည်း အလုပ်တဖက်နဲ့ဆိုတော့ အကုန်ပြီးအောင် လုပ်ပေးဖို့ မလွယ်ဘူး။ လုပ်ပေးနိုင်တယ်ထားဦး အခု (၈၀)ပြီးအောင် အချိန်အတော်ယူရမယ်။ နောက်ပြီး လုပ်အားပေးခေါ်ဖို့ကျတော့လည်း တစ်ပတ်မှ တစ်ခါ လာနိုင်မှာမို့ တစ်နေ့ကို အများဆုံး ၃-ခုပဲ ပြီးမယ်။ ဒါကြောင့် ကိုယ်စထားတဲ့ ဇာတ်လမ်း၊ ကိုယ်ဆုံးအောင် က,ဖို့ အပင်ပန်းခံပြီး လုပ်ရတာပဲ”လို့ ပြန်ပြောလိုက်ရတယ်။
“ဒီလိုဆို တပည့်တော် လာကူပါမယ်ဘုရား”လို့ မောင်နေလင်းက လျှောက်ထားသွားတယ်။

ဘုရားကျောင်းဆောင်ငယ်တွေနဲ့ ကနုတ်ပန်းခက်တွေအတွက် အင်္ဂတေလောင်းခြင်း၊ ကော်ကပ်ခြင်း၊ ဆေးသုတ်ခြင်း စတာတွေကိုတော့ ဦးသောဘနနဲ့ စာရေးသူတို့ပဲ အပြီးသတ်အောင် လုပ်ဆောင်ရပါတယ်။

ဘုရားကျောင်းဆောင်ငယ် အခု (၇၀) ပြီးလို့၊ (၁၀)ခုသာ လုပ်ဖို့ ကျန်တဲ့ အချိန်မှာ ပင်ပန်းလာလို့ ထင်ပါရဲ့၊ ဆက်လုပ်ချင်စိတ် နည်းလာတယ်။
ဒီအခြေအနေကို ‘ခြေကုန် လက်ပန်းကျတယ်’လို့ ဆိုတာ ထင်ပါရဲ့။
ဒါပေမယ့် ‘ဆင်ပြောင်ကြီး အမြီးကျမှ တစ်’ဆိုတာမျိုးလို တစ်ဝက်တစ်ပျက်နဲ့ လက်စမသတ် မဖြစ်ရအောင် အပျင်းဓာတ်ကို ဖယ်ထုတ်ကာ ဆက်လက် လုပ်ကိုင်ရတယ်။

မောင်နေလင်းအနေနဲ့ မအားလပ်လို့ အင်္ဂတေလောင်းရာမှာ မကူညီနိုင်ပေမယ့် ဆင်းတုတော်လေးတွေ မိုးလုံလေလုံ သီတင်းသုံးနိုင်ဖို့အတွက် ကျောင်းဆောင်ငယ်လေးရဲ့ နောက်မှာ ပိတ်မယ့် ကျောက်ပြားနဲ့ ဆင်းတုတော်အောက်ခြေကို ရေမစိုအောင် ထားရှိမယ့် အခင်းကျောက်ပြားအတွက် ကုန်ကျစရိတ် ဒေါ်လာ ၅၀၀ ကျော်ကို လုပ်အားနဲ့အတူ လှူဒါန်းတယ်။

ကျောက်ပြားဖြတ်တဲ့ ကိစ္စကို ကိုပညာနဲ့ ကိုသက်ဝင်းတို့ကလည်း အခါအခွင့်သင့်သလို လာရောက် ကူညီ ကုသိုလ်ယူကြတယ်။

အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။
(မလဝဂ်၊ ဓမ္မပဒ)

ကမ္မာရော – ရွှေပန်းထိမ်သည်သည်
ရဇတဿ – ရွှေငွေ၏
မလံ – အညစ်အကြေးကို
နိဒ္ဓမတိဣဝ – ထုတ်ပယ်သကဲ့သို့
မေဓာဝီ – အသိပညာ အလိမ္မာရှိသူသည်
အနုပုဗ္ဗေန – အစဉ်အားဖြင့်
ခဏေ ခဏေ – အခွင့်ရတိုင်း အခွင့်ရတိုင်း
ထောကံ ထောကံ – အနည်းငယ်သော အနည်းငယ်သော ကုသိုလ်ကို
ကရောန္တော – ပြုလျက်
အတ္တနော – မိမိ၏
မလံ – ရာဂစသော အညစ်အကြေးကို
နိဒ္ဓမေ – ထုတ်ပယ်ရာ၏။

သာဓု … သာဓု … သာဓု။

အရှင်ပညာသီဟ
(၁၇-မေ-၂၀၁၁)

Leave a Reply