စေတီယင်္ဂနဝတ်

ဗုဒ္ဓဘာသာများ သိသင့် ကျင့်သင့်တဲ့ စေတီယင်္ဂနဝတ်အကြောင်းကို ဆွေးနွေး တင်ပြလိုပါတယ်။

စေတီယင်္ဂနဝတ်ဆိုသည်မှာ “စေတီဝင်္ဂနဝတ္တ”ဟူသော ပါဠိစကားကို “စေတီယင်္ဂနဝတ်”လို့ မြန်မာမှုပြုပြီး ခေါ်ထားခြင်း ဖြစ်ပါတယ်။

‘စေတီ’ရဲ့ အဓိပ္ပာယ်မှာ အလေးအမြတ်ပြုအပ်၊ အရိုအသေပြုအပ်၊ ရှိခိုးအပ်သော အရာဌာန အဆောက်အဦစသည်ကို ဆိုလိုပြီး၊ ‘ဝတ္တ’ကတော့ ယင်းစေတီတော်အား ပူဇော်မှုအမျိုးမျိုးဖြင့် ပူဇော်ခြင်းလို့ ဆိုလိုပါတယ်။

အိန္ဒိယနိုင်ငံမှာ သစ်ပင်ကြီးများအပါအဝင် ဟိန္ဒူစေတီတွေ အများအပြား ရှိပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံများမှာတော့ ဗုဒ္ဓစေတီတော်တွေကို ဖူးတွေ့ရပါတယ်။
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့၊ အင်္ဂလစ်ရှ်တောင်းမှာ ကြည်ညိုဖွယ်ရာ တည်ထား ကိုးကွယ်ထားသော “လောကချမ်းသာစေတီတော်မြတ်ကြီး”သည် ဗုဒ္ဓဘာသာစေတီတော်ကြီးတစ်ဆူ ဖြစ်ပါတယ်။
ဤစေတီတော်ကြီးအား ပူဇော်မှုအမျိုးမျိုးဖြင့် စေတီယင်္ဂနဝတ်များကို ဖြည့်ကျင့် ဆည်းပူးကြကာ ကုသိုလ်မင်္ဂလာ အဖြာဖြာကို ရယူနိုင်ကြပါပြီ။

လောကချမ်းသာစေတီ ဘုရားပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၀၈ ခုနှစ်၊ မေလ (၂၅)ရက်နေ့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဘုရားဝတ္တကမြေကိုလည်း နှစ်ဧက တိုးချဲ့ ဝယ်ယူထားခဲ့ပါတယ်။
ဘုရားပွဲတော်အမီ စေတီတော်ကို ဆက်လက် အပြီးသတ် တည်ဆောက်ခြင်း၊ ဘုရားဝတ္တကမြေသစ်မှာ သစ်ပင် ခြုံနွယ်များကို သန့်ရှင်းခြင်း၊ မြေညှိခြင်း စတဲ့ စေတီယင်္ဂနဝတ်များကို အသင်းအမှုဆောင်များနှင့် စေတနာရှင် အသင်းမိတ်ဆွေများ စုပေါင်း၍ အခါအားလျော်စွာ လုပ်အား ငွေအား ဒါများ ပေးလှူခဲ့ကြပါတယ်။

ဘုရားပွဲတော်အကြိုမှာ ပြုလုပ်ရတဲ့ စေတီယင်္ဂနဝတ်ကတော့ ပိုပြီး အရေးကြီးပါတယ်။
ဒါမှသာ ဘုရားပွဲတော်မှာ ဘုရားဖူးများ စိတ်ကြည်နူး ချမ်းသာစွာ ဘုရားကို ကြည်ညိုနိုင်ကြပြီး ကုသိုလ် ဘာဝနာများကို ပွားများနိုင်ကြမှာ ဖြစ်ပါတယ်။

အများအတွက် စိတ်ချမ်းသာအောင် ဆောင်ရွက်ခြင်းဖြင့် ကံ,ကံ၏ အကြောင်းအကျိုးတရားအရ မိမိတို့မှာလည်း စိတ်ချမ်းသာခြင်း အကျိုးကို ကောင်းစွာ ရရှိခံစားရမှာ အမှန် ဖြစ်ပါတယ်။
နိဗ္ဗာန်ကို ရည်မှန်းပြီး ပြုလုပ်လျှင်လည်း နိဗ္ဗာန်ရောက်တဲ့အထိ အကျိုးပေးပါလိမ့်မယ်။

သို့ဖြစ်သောကြောင့် စေတီတည်ထားလျှင် စေတီယင်္ဂနဝတ်ကို ဖြည့်ကျင့်ရ၏။
ဗောဓိပင်ရှိလျှင် ဗောဓိပင်ကို ရေလောင်းခြင်း၊ သန့်ရှင်းခြင်းဟူသော ဗောဓိယင်္ဂနဝတ်ကို ဖြည့်ကျင့်ရ၏။
ကျောင်း, ဓမ္မာရုံများ တည်ဆောက်ထားလျှင်လည်း ကျောင်း, ဓမ္မာရုံများကို သန့်ရှင်း ပြုပြင်မှု သေနာသနဝတ်များ ပြုလုပ်ရပါတယ်။
စေတီ, ကျောင်းကို အမှီပြုပြီး နေသူသည် ဤကျင့်ဝတ်များကို မဖြည့်ကျင့်လျှင် သီလစသည် မပြည့်စုံတော့ဘဲ နိဗ္ဗာန်နှင့် လွဲရပါတော့တယ်။

ရှေးအခါက အိန္ဒိယတွင် ‘တိဿ’အမည်ရှိတဲ့ တောရကျောင်းရဟန်းတော် တစ်ပါးသည် ကျောင်းအနီးမှ စေတီရင်ပြင်တော်ကို နေ့စဉ် တံမြက်လှဲ သန့်ရှင်း၍ စေတီယင်္ဂနဝတ်ကို ဖြည့်ကျင့်လေ့ရှိပါတယ်။
စေတီရင်ပြင်တော်ကို သန့်ရှင်းပြီးသောအခါ အရဟံအစရှိတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ပါတယ်။

တစ်နေ့သောအခါမှာ တိဿမထေရ် စေတီရင်ပြင်တော်ကို တံမြက်လှဲ သန့်ရှင်းနေစဉ်မှာ မာရ်နတ်က ‘မျောက်’ယောင် ဆောင်ပြီး စေတီရင်ပြင်မှာ အညစ်အကြေးတွေ စွန့်ပါတယ်။
‘နွား’ယောင် ဆောင်ပြီးလည်း အညစ်အကြေးတွေ စွန့်ကာ ညစ်ပတ်အောင် ပြုလုပ်ပါတယ်။
မထေရ် တရားနှလုံးမသွင်းနိုင်အောင် နှောက်ယှက်နေခြင်းပါ။

တိဿမထေရ်လည်း မာရ်နတ်မှန်း သိရှိ၍ မာရ်နတ်ကို “အသင်သည် သက်တော်ထင်ရှား မြတ်ဘုရားကို မှီလိုက်လို့ ဘုရားရှင်ရဲ့ ပုံသန္တာန်တော်ကို ဖန်ဆင်းပြပေးပါ။ အကျွန်ုပ် သက်တော်ထင်ရှား ဘုရားရဲ့ ပုံတော်ကို ကြည်ညိုချင်လှပါတယ်”လို့ တောင်းပန်ပါတယ်။

မာရ်နတ်ကြီး ဖန်ဆင်းပြတဲ့ ဘုရားရှင်၏ ပုံသန္တာန်တော်ကို ဖူးမြင်ရသောအခါ မထေရ်မှာ ဘုရားအပေါ် ကြည်ညိုလှသည့် ပီတီစိတ်တွေ တသိမ့်သိမ့် ဖြစ်ပေါ်လာပါတော့တယ်။

အဲဒီ ပီတိစိတ်တွေ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို ဝိပဿနာ ဆက်လက် ရှုမှတ် ပွားများနေစဉ်မှာပဲ သစ္စာလေးပါးကို သိမြင်ပြီး ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။

တိဿမထေရ်ကဲ့သို့ လောကချမ်းသာစေတီတော်ကြီးမှာ တံမြက်လှဲခြင်း၊ မြက်ရိတ်ခြင်း စတဲ့ သန့်ရှင်းမှုလုပ်ငန်း စေတီယင်္ဂနဝတ်များ ဖြည့်ကျင့်၍ ဗုဒ္ဓါနုဿတိဘာဝနာ, သတိပဋ္ဌာန် ဝိပဿနာတရား ပွားများကြကာ ဖြစ်ပျက်မစပ် အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါသတည်း။

ကိုရင်ချော

Leave a Reply