`စိတ်ရောဂါကင်းစင်ရေး´နှင့် `လူလေးမျိုး´

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၁)ရက် စနေနေ့
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။

သောကြာနေ့ ညဥ့်နက်ပိုင်းမှ စ၍ နှင်းများ ၅ လက်မခန့် ကျကာ ရာသီဥတု မကောင်းသဖြင့်လည်းကောင်း၊ တရုတ်နှစ်သစ်ကူး နီးသဖြင့် မအားလပ်သူများ ရှိသောကြောင့်လည်းကောင်း သင်တန်းသူ သင်တန်းသား နည်း၏။

လောကချမ်းသာဆရာတော်က ငါးမိနစ်တရားအဖြစ် တရားနာယူနည်း၊ ရောဂါနှစ်မျိုးနှင့် ဗောဇ္ဈာင်ခုနစ်ပါး မြတ်တရားအကြောင်းကို ဟောကြား ချီးမြှင့်၏။


ယခုအပတ်တွင် ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒ အပြင်သို့ ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိဘဲ၊ မွန်းလွဲ ၃ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက စေတသိက် ၅၂-ပါး အဆုံးသတ်နှင့် စေတသိက်-စိတ်ယှဉ် သမ္ပယောဂနည်းကို သင်ကြား ပို့ချပေး၏။


လောကချမ်းသာ ဆည်းဆာတရားပွဲဝယ် နယူးယောက်မြို့သို့ ခေတ္တရောက်ရှိနေသော အရှင်ဇာဂရ (ကလောင်အမည် – ကံထွန်းသစ်)က `အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ ဒုတိယပဏ္ဏာသက၊ မစလ၀ဂ်၊ တမောတမသုတ်´လာ လူလေးမျိုးအကြောင်း ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

+++++

တမောတမသုတ်

ရဟန်းတို့ … လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ –

  • အမှောင်၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်၊
  • အမှောင်၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်၊
  • အလင်း၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်၊
  • အလင်း၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာရှိသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ … အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ … ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်၎င်း၊ နှီးသမားမျိုး၌သော်၎င်း၊ တံငါမုဆိုးမျိုး၌သော်၎င်း၊ သားရေလုပ်သမားမျိုး၌သော်၎င်း၊ ပန်းမှိုက်သွန်မျိုး၌သော်၎င်း ဖြစ်၏။ ဆင်းရဲ၏။ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏။ ငြိုငြင်သဖြင့် အသက်မွေးရ၏။ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အ၀တ်ကို ငြိုငြင်စွာ ရ၏။

ထိုသူသည် အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏။ အနာလည်း များ၏။ ကန်းသူသော်၎င်း၊ ကောက်သူသော်၎င်း၊ ခွင်သူသော်၎င်း၊ ဆွံ့သူသော်၎င်း ဖြစ်ရ၏။  ထမင်း အဖျော် အ၀တ် ယာဉ် ပန်း နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အဆောက်အဦကို ရသူ မဟုတ်။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ မကောင်းသောအကျင့်ကို ကျင့်၌ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ … ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိ၏။

 

ရဟန်းတို့ … အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ … ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုးဟု ဆိုအပ်သော ဒွန်းစဏ္ဍားမျိုး၌သော်၎င်း၊ နှီးသမားမျိုး၌သော်၎င်း၊ တံငါမုဆိုးမျိုး၌သော်၎င်း၊ သားရေလုပ်သမားမျိုး၌သော်၎င်း၊ ပန်းမှိုက်သွန်မျိုး၌သော်၎င်း ဖြစ်ရ၏။ ဆင်းရ၏။ ထမင်းအဖျော် စားသောက်ဖွယ် နည်းပါး၏။ ငြိငြင်သဖြင့် အသက်မွေးရ၏။ ယင်းအမျိုး၌ အစားကို ငြိုငြင်စွာ အ၀တ်ကို ငြိုငြင်စွာ ရ၏။

ထိုသူသည် အဆင်းလည်း မလှ၊ ရှုချင်ဖွယ်လည်း မရှိ၊ ပုကွလည်း ပုကွ၏။ အနာလည်း များ၏။ ကန်းသူသော်၎င်း၊ ကောက်သူသော်၎င်း၊ ခွင်သူသော်၎င်း၊ ဆွံ့သူသော်၎င်း ဖြစ်၏။ ထမင်းအဖျော် အ၀တ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူ မဟုတ်။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏။ ကောင်းသောအကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်မှာ ဖြစ်ရ၏။

ရဟန်းတို့ … ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိ၏။

 

ရဟန်းတို့ … အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ … ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မြင့်မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယမဟာသာလမျိုး၌သော်၎င်း၊ ဗြာဟ္မဏမဟာသာလမျိုး၌သော်၎င်း၊ ဂဟပတိမဟာသာလမျိုး၌သော်၎င်း ဖြစ်ရ၏။ ကြွယ်ဝ၏။ များသော ဥစ္စာ ရှိ၏။ များသော စည်းစိမ် ရှိ၏။ များသော ရွှေငွေ ရှိ၏။ များသော နှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏။ များသော ဥစ္စာ စပါး ရှိ၏။

ထိုသူသည် အဆင်းလည်း လှ၏။ ရှုချင်ဖွယ်လည်း ရှိ၏။ ကြည်ညိုဖွယ်လည်း ရှိ၏။ ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း အဖျော် အ၀တ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူ ဖြစ်၏။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ မကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ … ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အမှောင်လျှင် လည်းလျောင်းရာ ရှိသည် မည်၏။

 

ရဟန်းတို့ … အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိသနည်း?

ရဟန်းတို့ … ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်သော အမျိုးဟု ဆိုအပ်သော ခတ္တိယမဟာသာလမျိုး၌သော်၎င်း၊ ဗြာဟ္မဏမဟာသာလမျိုး၌သော်၎င်း၊ ဂဟပတိမဟာသာလမျိုး၌သော်၎င်း ဖြစ်ရ၏။ ကြွယ်ဝ၏။ များသော ဥစ္စာ ရှိ၏။ များသော စည်းစိမ် ရှိ၏။ များသော ရွှေငွေ ရှိ၏။ များသော နှစ်သက်ဖွယ် အသုံးအဆောင် ရှိ၏။ များသော ဥစ္စာ ရှိ၏။

ထိုသူသည် အဆင်းလှ၏။ ရှုချင်ဖွယ် ရှိ၏။ များသော ဥစ္စာ ရှိ၏။ ကြည်ညိုဖွယ် ရှိ၏။ ကောင်းမြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း အဖျော် အ၀တ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး အသုံးအဆောင်ကို ရသူ ဖြစ်၏။

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏။ ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။

ရဟန်းတို့ … ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အလင်းလျှင် လည်းလျောင်းရာ ရှိ၏။

ရဟန်းတို့ … လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ ဟု (မိန့်တော်မူ၏)။

 

(အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်)

 

Leave a Reply