“အမိုးလုံ အိမ်” နှင့် “အနာခံမှ အသာစံရ”

၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈)ရက် စနေနေ့
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်း၏ အစ်ကို ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းအလှူကို လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ၊ လစဉ် နောက်ဆုံး စနေနေ့၌ ပြုလုပ်သော တစ်ရက်တရားစခန်းကို ယခုလတွင် မပြုလုပ်ဘဲ ဓမ္မသင်တန်းများနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။

မြတ်စွာဘုရားနှင့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးနှင့် မြန်မာလက်ဖက်ရည်အချိုတို့ဖြင့် ကျွေးမွေး ဧည့်ခံ၏။

မွန်းလွဲ ၁ နာရီတွင် တရားတော် နာယူကာ လှူဖွယ် ဒါနဝတ္ထု အစုစုတို့ကို လှူဒါန်းကြပြီး၊ ကောင်းမှုကုသိုလ်အစုစုတို့၏ အဖို့ကို ရေစက်သွန်းချ အမျှပေးဝေကြ၏။

သံဝေဂဓမ္မတရားကို အရှင်စက္ကိန္ဒက ဟောကြား၏။

+++

ဓမ္မပဒ ဂါထာ ၁၃-၁၄၊ အရှင်နန္ဒမထေရ်ဝတ္ထု

ပါဠိ

(၁၃)

ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌီ သမတိ ဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိ ဝိဇ္ဈတိ။

(၁၄)

ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌီ န သမတိ ဝိဇ္ဈတိ။
ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိ ဝိဇ္ဈတိ။

မင်းသုဝဏ်၏ ကဗျာ

(၁၃)

အမိုးမလုံ အိမ်အတွင်း
မိုးရေ စီးဝင် ဆင်း။
မပွားမထုံ စိတ်အတွင်း
ရာဂ စီးဝင် ဆင်း။

(၁၄)

အမိုးလုံသည့် အိမ်အတွင်း
မိုးရေ မစီးဆင်း။
ပွားထုံထားသည့် စိတ်အတွင်း
ရာဂ မစီးဆင်း။

… ‘နတ်သမီး’ဟူသော အဖိုးအခရအောင် မြတ်သောအကျင့်ဖြင့် အရင်းအနှီးပြုသည်ဟူသော အဖော်ရဟန်းတို့၏ ပြက်ရယ် စကားများကြောင့် ရဟန်းတရားကို ကြိုးစား ပွားများ အားထုတ်ရာ အရှင်နန္ဒမထေရ်သည် အရဟတ္တဖိုလ်သို့ မျက်မှောက်ပြုတော်မူခဲ့၏။

ဘုရားရှင်က ကောင်းစွာ မိုးထားသော အိမ်ကို မိုးရေပေါက်တို့ မဖောက်ဝင်နိုင်သကဲ့သို့ သမထ ဝိပဿနာ ဘာဝနာတို့ဖြင့် ကောင်းစွာ ပွားများအပ်သော စိတ်ကို ကိလေသာ ရာဂ မထိုးဖောက် မဖျက်ဆီးနိုင်ကြောင်း မိန့်ကြားတော်မူလေသည်။

+++

မွန်းလွဲ ၃ နာရီတွင် အရှင်နန္ဒမထေရ်အကြောင်း ဓမ္မပဒဂါထာ ၁၃-၁၄ တို့ကို အရှင်စက္ကိန္ဒက ပို့ချ သင်ကြားပေး၏။

+++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ စေတသိက်-စိတ်ယှဉ် သမ္ပယောဂနည်းများကို သင်ကြား၏။


+++

ဓမ္မသင်တန်းများ အပြီးဝယ် သင်တန်းသူ သင်တန်းသားများက စုပေါင်း၍ မကြာမီ မြန်မာပြည်သို့ ခေတ္တ ကြွရောက်မည့် လောကချမ်းသာဆရာတော်အား နဝကမ္မ ကပ်လှူကြ၏။

+++

ညနေ ၆ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲကို ကျင်းပ ပြုလုပ်ရာ အရှင်ပညာနန္ဒက “အနာခံမှ အသာစံရ တရားတော်”ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အရပ်ရပ်တို့ကို အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

Leave a Reply