၂၆ ကြိမ်မြောက် အေဘီဘီအေ ထမနဲပွဲတော် (၄-မတ်-၁၂)

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ (၂၆)ကြိမ်မြောက် ထမနဲပွဲတော်ကို ၂၀၁၂ ခုနှစ် မတ်လ ၃-ရက်နှင့် ၄-ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်ခဲ့၏။

ဒေါ်လော်ရင်းချင်း ဦးဆောင်သော ဝေယျာဝစ္စအဖွဲ့ဝင်အချို့က သောကြာနေ့ ညနေကတည်းကပင် ထမနဲထိုးရန် လိုအပ်ရာရာ ကြိုတင် ပြင်ဆင်ဖွယ်ရှိသည်တို့ကို ဝီရိယကောင်းစွာ ပြင်ဆင်ထားကြ၏။

မတ်လ ၃-ရက် စနေနေ့တွင် စုပေါင်း တပျော်တပါး ထမနဲထိုးကြ၏။ ယမန်နေ့ညကတည်းက ကြိုတင် ပြင်ဆင်ထားခြင်း၊ ယခင်နှစ်များထက် အချိန်စောစွာ ထမနဲစတင် ထိုးနိုင်ခြင်း၊ တက်ညီလက်ညီ စုပေါင်းညီညာ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အချိန်စောစွာပင် ထမနဲထိုးခြင်းကိစ္စ ပြီးစီး၏။

ပွဲတော်အလှူရှင် ဦးသိန်းဝင်းနှင့် ဒေါ်စန်းစန်ဌေးမိသားစုတို့က ထမနဲထိုးကြသူများအား မြီးရှည်၊ ကြက်သားကြော်၊ အချိုမုန့်များဖြင့် ဧည့်ခံ၏။

ပွဲတော်ရက်များတွင် ဘုရားပန်း လှူဒါန်းနေကြဖြစ်သော ဒေါ်ဝင်နီလင်းကလည်း ဘုရားပန်းများ လှူဒါန်း ပူဇော်သွား၏။

မတ်လ ၄-ရက် တနင်္ဂနွေနေ့တွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ပွဲတော်လာ ဧည့်ပရိတ်သတ်တို့အား အာပူလျှာပူနှင့် ထမနဲတို့ဖြင့် ကျွေးမွေး ဧည့်ခံ၏။

မွန်းလွဲ ၁-နာရီတွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ နာယကဆရာတော် အရှင်ပညာသီဟထံမှ သီလခံယူကြ၍ သံဃာတော်များ စုပေါင်း ရွတ်ဖတ်သော ပရိတ်တရားတော်များ နာကြားကြကာ၊ အရှင်ဇာဂရ (ကံထွန်းသစ်) ဟောကြားသော အနုမောဒနာတရားတော်ကို နာယူ မှတ်သားကြပြီး ကောင်းမှု ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

+++++

ထမနဲပွဲတော် (မတ် ၃-၄) ဓာတ်ပုံများ

Leave a Reply