“အမှီကောင်းလေး ရှာထားပါ” – မဇ္ဈိမဂုဏ်ရည်ဆရာတော်

မဇ္ဈိမဂုဏ်ရည်မဟာစည်သာသနာ့ရိပ်သာ၊ သာကေတမြို့နယ်နှင့် မဇ္ဈိမဂုဏ်ရည်မဟာစည်တောရရိပ်သာ၊ လှည်းကူးမြို့တို့၏ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒသည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ သီတင်းသုံးနေစဉ် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇-၈၊ ၁၄-၁၅၊ ၂၁-၂၂ စနေ-တနင်္ဂနွေနေ့များတွင် အထူးဓမ္မသဘင်များ ဆင်ယင် ကျင်းပခဲ့၊ ဆင်ယင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ရာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇-ရက် စနေနေ့ ညနေ ၆ နာရီတွင် “အမှီကောင်းလေး ရှာထားပါ”တရားတော်ကို ဓမ္မဒါနပြု ဟောကြားသွားခဲ့၏။

+++++

ကုမ္ဘသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး)နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့၊ ကရွတ်ခွေ မရှိသော အိုးသည် လိမ့်လွယ်သကဲ့သို့လည်းကောင်း၊ ကရွတ်ခွေရှိသော အိုးသည် လိမ့်နိုင်ခဲသကဲ့သို့လည်းကောင်း၊ ထို့အတူပင် တည်ရာမှီရာ မရှိသော စိတ်သည် ပျံ့လွင့်လွယ်၏။ တည်ရာမှီရာရှိသော စိတ်သည် ပျံ့လွင့်နိုင်ခဲ၏။

ရဟန်းတို့၊ စိတ်၏တည်ရာဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။

ဤအရိယမဂ်ဟူသည် အဘယ်နည်း။
မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’
မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’၊
မှန်ကန်သောစကား ‘သမ္မာဝါစာ’၊
မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’၊
မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊
မှန်ကန်သောအားထုတ်မှု ‘သမာဝါယာမ’၊
မှန်ကန်သောအောက်မေ့မှု ‘သမ္မာသတိ’၊
မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။

ဤအရိယမဂ်သည် စိတ်၏ တည်ရာတည်း။

ရဟန်းတို့၊ ကရွတ်ခွေ မရှိသော အိုးသည် လိမ့်လွယ်သကဲ့သို့လည်းကောင်း၊ ကရွတ်ခွေရှိသော အိုးသည် လိမ့်နိုင်ခဲ့သကဲ့သို့လည်းကောင်း၊ ထို့အတူပင် တည်ရာမှီရာ မရှိသော စိတ်သည် ပျံ့လွင့်လွယ်၏။ တည်ရာမှီရာရှိသော စိတ်သည် ပျံ့လွင့်နိုင်ခဲ၏ဟု (မိန့်တော်မူ၏)။

Leave a Reply