စူဠပန္ထကမထေရ်၊ ဝီထိများနှင့် “ကြုံခဲလှစွာ တရားငါးဖြာ´´

နွေရာသီပိတ်ရက်များ၊ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲအပြီး ဒုလ္လဘရဟန်းတော်များ၏ ၇-ရက် တရားစခန်းတို့ကြောင့် အဆက်ပြတ်နေသော ဓမ္မသင်တန်းများနှင့် လောကချမ်းသာ ဆည်းဆာတရားပွဲတို့ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈-ရက် စနေနေ့တွင် ပြန်လည် ကျင်းပ ပြုလုပ်၏။

ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယားမြို့၊ သိရီရတနာဘုန်းတော်ကြီးကျောင်း၌ ယခုနှစ် ဝါမဆိုမီမှ စ၍ ကျောင်းထိုင်ဆရာတော်အဖြစ် ကြွရောက် သီတင်းသုံးရာ၊ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ကျောင်းမှ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ယခုနှစ် ဝါဆိုသော ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒသင်တန်းကို သင်ကြား ပို့ချပေး၏။

+++++

အဘိဓမ္မသင်တန်း ဝီထိပိုင်းကို ဆရာတော် အရှင်ဝဏ္ဏိတက သင်ပြ၏။

+++++

လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ကျောင်း ဆရာတော် အရှင်အဘယာလင်္ကာရက “ကြုံခဲလှစွာ တရားငါးဖြာ´´ကို ဓမ္မဒါနပြု ဟောကြား၏။

+++++

တရားတော်ဆောင်ပုဒ်များ

(၁) ဘုရားပွင့်ရာ၊ သာသနာ၊ လွန်စွာခဲယဉ်းသည်။
(၂) သာသနာတွင်း၊ လူဖြစ်ခြင်း၊ လွန်မင်းခဲယဉ်းသည်။
(၃) ရတနာသုံးတန်၊ ယုံကြည်ရန်၊ အမှန်ခဲယဉ်းသည်။
(၄) သာသနာ့ဝန်ထမ်း၊ ရှင်ရဟန်း၊ ဆင်မြန်းဝတ်ဖို့ခဲယဉ်းသည်။
(၅) နိဗ္ဗာန်ရောက်ရန်၊ တရားမှန်၊ နာခံကျင်ဖို့ခဲယဉ်းသည်။

တရားပွဲပြီးသော် တစ်နေ့တာ ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

Leave a Reply