သာသနာပြုစိတ်ဓာတ် သာသနာပြုအရည်အချင်း – လောကချမ်းသာဆရာတော်

သာသနာပြုစိတ်ဓာတ်

သာသနာပြုစိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။
ဗုဒ္ဓသာသနာတော် ကြီးပွားတိုးတက်ရန်အတွက် သာသနာပြုစိတ်ဓာတ်ထက်သန်သည့် ဗုဒ္ဓဘာသာဝင်များအပေါ်မှာ များစွာ မူတည်ပါတယ်။ သာသနာပြုစိတ်ဓာတ်ရှိဖို့ကလည်း မိမိဘာသာ၏ အနှစ်သာရများကို ကောင်းစွာ သိနားလည်မှုအပေါ်မှာ မူတည်ပြန်ပါတယ်။
ဤသို့ သိဖို့ရန် ဗုဒ္ဓ၏ အဆို အဆုံးအမ တရားတော်များကို စာတွေ့လက်တွေ့အားဖြင့် လေ့လာလိုက်စားဖို့ လိုပါတယ်။
ဘာသာတရား တတ်သိနားလည်သူ ပညာရှိများထံမှာ ဆည်းကပ်ပြီး ဆွေးနွေး မေးမြန်း၍ ဘာသာရေးစာပေများကို ဖတ်ရှု လေ့လာရမှာ ဖြစ်ပါတယ်။

မိမိသည် သာသနာပြုစိတ်ဓာတ်မျိုးစေ့ကို အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အနာဂတ်သာသနာရေး၊ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဘာသာသွေး စာအုပ်များကို ဖတ်ရှုရာမှ ရရှိခဲ့ပါတယ်။ ယင်းစာအုပ်များကို ဖတ်ရှုခြင်းဖြင့် ဘာသာရေးအသိဉာဏ်များ တိုးတက်နိုင်သည့်အပြင် ဗုဒ္ဓသာသနာပြုစိတ်ဓာတ်များလည်း တိုးတက် ဖြစ်ပေါ်နိုင်ပါတယ်။
သာသနာပြုစိတ်ဓာတ်ရှိလျှင် ကိုယ်ကျိုးကို မငဲ့ဘဲ သာသနာတော်အကျိုးကိုသာ ရှေ့တန်းတင် အနစ်နာခံ၍ စွန့်စွန့်စားစား သာသနာပြုပါတယ်။

မိမိကိုယ်ကို အရင်သာသနာပြုပြီးမှ သူတပါးအား သာသနာပြုရမည်ဟူသော မြတ်စွာဘုရား ဆုံးမထားချက်ကိုလည်း လေးစားလိုက်နာရပါမယ်။

အတ္တာနမေဝ ပဌမံ၊ ပဋိရူပေ နိဝေသယေ
အထည မနုသာသေယျ၊ န ကိလမသေယျ ပဏ္ဍိတော။´´

အတ္တာနမေဝ – သူတပါးအား၊ ညွှန်ကြားပြောလို၊ မိမိကိုယ်ကိုသာလျှင်။
ပဌမံ – သူတပါးအား၊ မညွှန်ကြားခင်၊ ကြိုတင်လျက်သာ၊ ရှေ့ဦးစွာ။
ပတိရူပေ – သင့်တော်လျောက်ပတ်၊ ညွှန်ကြားလိုသော ဂုဏ်ကျင့်ဝတ်၌။
နိဝေသယေ – သွင်းထားကောင်းစွာ၊ တည်နေစေရာ၏။
အထ – ကိုယ်ကလောက်လုံ၊ ဂုဏ်ပြည့်စုံမှ၊ နောက်ကာလ၌၊
အညံ – ကိုယ်ညွှန်ကြားလို၊ တပါးသောပုဂ္ဂိုလ်ကို။
အနုသာသေယျ – ကိုယ်ကကျင့်ထား၊ အကျင့်များဖြင့်၊ သနားငဲ့ညှာ၊ ညွှန်ကြားဆုံးမရာ၏။
ပဏ္ဍိတော – သာသနာတော်အရေး၊ လောကရေးကို၊ မြော်တွေးမြင်သိ၊ ပညာရှိသည်။
န ကိလမသေယျ – သူကဲ့ရဲ့ခြင်း၊ လွတ်ကင်းရှင်း၍၊ စိတ်တွင်အထူး၊ မညစ်ညူး မပင်ပန်းရတော့ပေ။

+++++

သာသနာပြုအရည်အချင်း

သာသနာပြုပုဂ္ဂိုလ်သည် အရာရာမှာ ခေါင်းဆောင်ပြီး ပြုလုပ်ရသောကြောင့် လိုအပ်သည့် အရည်အချင်းများနှင့် ပြည့်စုံရပါမည်။
သို့မှသာ အောင်မြင်စွာ သာသနာပြုနိုင်ပါမည်။
ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းရန်အတွက် အရည်အချင်းရှိသည့် သာသနာပြုပုဂ္ဂိုလ်တွေ များစွာ လိုအပ်လှပါသည်။

သာသနာပြုအရည်အချင်းတွေကတော့ များစွာ ရှိပါသည်။ သို့သော် အဓိကဖြစ်သော အရည်အချင်းနှင့်ပြည့်စုံလျှင် သာသနာပြုနိုင်ပါပြီ။ အဓိကရှိအပ်သော အရည်အချင်းတစ်ခုကတော့ ကာလ ဒေသ ပုဂ္ဂလကို ကြည့်၍ သင့်တော်သည့်တရားကို ဟောပြောတတ်ရပါမည်။
တရားဟောရာမှာလည်း ပရိသတ်နားလည်အောင် ဟောပြောနိုင်ဖို့ စေတနာဖြင့် ဟောဖို့ အရေးကြီးပါသည်။ အသံသြဇာနှင့်ပြည့်စုံလျှင် ပိုပြီး အောင်မြင်နိုင်ပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားများကို ယနေ့အထိ ရဟန်းရှင်လူတွေ စိတ်ဝင်တစား နာယူနေကြခြင်းသည် တရားကို မေတ္တာ ကရုဏာကြီးမားစွာဖြင့် နားလည်အောင် ဟောပြောသောကြောင့် ဖြစ်ပါသည်။
ပရိသတ်အပေါ်မှာ သိနားလည်စေလိုသော မေတ္တာစိတ်သည် တရားဟောရာ၌ အောင်မြင်ခြင်း၏ အကြောင်းရင်း ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရားပြခြင်းသည်လည်း သာသနာပြုတာပါပဲ။
တရားပြပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းဆရာ အရည်အချင်းနှင့် ပြည့်စုံရပါမည်။ တရားအပေါ်၌ စိတ်ကျေနပ်သည်အထိ တရားအားထုတ်ထားရပါမည်။ ယောဂီများအား တရားစစ်မှု တရားဟောမှုမှာ စွမ်းနိုင်ရမည်၊ စေတနာပါရမည်။

ဘုရားတည်တဲ့ ဘုန်းကြီးမှ သာသနာပြုဘုန်းကြီးဟု အများက နားလည်နေကြသည်။
ကျေးရွာကျောင်းထိုင်ဘုန်းကြီးများလည်း သာသနာပြုဘုန်းကြီးများပါပဲ။
သာသနာ အရှည်တည်တန့် စည်ပင်ရန်မှာ ကျေးရွာဘုန်းတော်ကြီးများအပေါ်၌ များစွာ တည်နေပါသည်။ သာသနာ့ဘောင်မှာ စားလိုက် အိပ်လိုက် ထီးထမ်းလမ်းလျှောက်လုပ်နေသော ရဟန်းတော်များအား ဘုရားချီးမွမ်းတော်မမူပါ။
စာပေကျမ်းဂန်ကို တတ်သိ ကျွမ်းကျင်အောင် မိမိကိုယ်တိုင် သင်ယူခြင်း၊ သူတပါးအား သင်ကြား ပို့ချပေးခြင်း၊ တရားဘာဝနာ ကျင့်ကြံခြင်းအလုပ် အားထုတ်သည့် ရဟန်းသည် ဘုရားလည်း ချီးမွမ်း၊ လူအများလည်း ကြည်ညိုကြ၍ သာသနာပြုပုဂ္ဂိုလ်အစစ် ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း၊ မြတ်ရဟန်း၊ ကြိုးပမ်း သာသနာပြုရမည်။
စေတနာထား၊ မေတ္တာပွား၊ တရားဟောရမည်။

Leave a Reply