သူနာရဟန်းဝတ္ထု (မဟာဝဂ်ပါဠိတော် မြန်မာပြန်)

တရံရောအခါ တပါးသောရဟန်းအား ဝမ်းသက်သောရောဂါ ဖြစ်၏။
ထိုရဟန်းသည် မိမိကျင်ကြီးကျင်ငယ်၌ လူးလှိမ့်လျက် အိပ်ရ၏။

ထိုအခါ မြတ်စွာဘုရားသည် နောက်လိုက်ရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ထိုဝမ်းသက်သောရဟန်း၏ ကျောင်းသို့ ရောက်တော်မူ၏။
မြတ်စွာဘုရားသည် မိမိကျင်ကြီးကျင်ငယ်၌ လူးလှိမ့်လျက် အိပ်နေသော ထိုရဟန်းကို မြင်၍ ဝမ်းသက်သောရဟန်းထံသို့ ကြွတော်မူပြီးလျှင် ထိုရဟန်းအား “ရဟန်း သင်၏ရောဂါကား အဘယ်ရောဂါနည်း´´ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ ရောဂါကား ဝမ်းသက်သော ရောဂါပါတည်း ဟု (လျှောက်၏)။

ရဟန်း သင့်အား အလုပ်အကျွေးရှိ၏လော ဟု (မေးတော်မူ၏)။

မရှိပါ အသျှင်ဘုရား ဟု (လျှောက်၏)။

ရဟန်းတို့သည် အဘယ့်ကြောင့် သင့်ကို မလုပ်ကျွေးကုန်သနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ရဟန်းတို့ကလည်း အကျွန်ုပ်ကို မလုပ်ကျွေးပါကုန် ဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ သွားချေ၊ ရေဆောင်ယူခဲ့လော့၊ ဤရဟန်းကို ရေချိုးကုန်အံ့´´ ဟု မိန့်တော်မူ၏။

“ကောင်းပါပြီး အသျှင်ဘုရား´´ ဟု ဆို၍ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၍ ရေကို ဆောင်ယူလာ၏။

မြတ်စွာဘုရားသည် ရေကို သွန်းလောင်းတော်မူ၏။

အသျှင်အာနန္ဒာသည် ဆေးကြောလေ၏။

မြတ်စွာဘုရားသည် ဦးခေါင်းမှ ကိုင်ယူတော်မူ၏။
အသျှင်အာနန္ဒာသည် ခြေထောက်မှ ချီမ၍ ညောင်စောင်း၌ အိပ်စေကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို “ရဟန်းတို့ ဤမည်သော ကျောင်း၌ ရဟန်းရှိသလော´´ဟု မေးတော်မူ၏။

ရှိပါသည်အသျှင်ဘုရား ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ထိုရဟန်း၏ ရောဂါကား အဘယ်ရောဂါနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထိုရဟန်း၏ရောဂါကား ဝမ်းသက်သော ရောဂါပါတည်း ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ထိုရဟန်းအား အလုပ်အကျွေး ရှိ၏လော ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား မရှိပါ ဟု (လျှောက်ကုန်၏)။
အသျှင်ဘုရား ဤရဟန်းသည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ထိုရဟန်းကို ရဟန်းတို့သည် မလုပ်ကျွေးပါကုန် ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ သင်တို့အား လုပ်ကျွေးမည့် အမိအဖတို့ မရှိကုန်။ ရဟန်းတို့ သင်တို့သည် အချင်းချင်း မလုပ်ကျွေးခဲ့လျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ့နည်း။ ရဟန်းတို့ ငါဘုရားကို လုပ်ကျွေးသော ရဟန်းသည် နာဖျားသော ရဟန်းကို လုပ်ကျွေးရာ၏။

အကယ်၍ ဥပဇ္ဈာယ်ဆရာရှိငြားအံ့။
ဆရာသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဆရာရှိငြားအံ့။
ဆရာသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ အတူနေတပည့်ရှိငြားအံ့။
အတူနေတပည့်သည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ အနီးနေတပည့်ရှိငြားအံ့။
အနီးနေတပည့်သည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဥပဇ္ဈာယ်တူ အပေါင်းအဖော်ရှိငြားအံ့။
ဥပဇ္ဈာယ်တူ အပေါင်းအဖော်သည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဆရာတူရဟန်းရှိငြားအံ့။
ဆရာတူရဟန်းသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဥပဇ္ဈာယ် ဆရာ အတူနေတပည့် အနီးနေတပည့် ဥပဇ္ဈာယ်တူရဟန်း ဆရာတူရဟန်းတို့ မရှိငြားအံ့။
သံဃာက လုပ်ကျွေးရမည်။
အကယ်၍ မလုပ်ကျွေးငြားအံ့။ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းတို့ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး ခက်ခဲ၏။
– မသင့်သည်ကို ပြုလေ့ရှိ၏။
– သင့်သည်၌ အတိုင်းအရှည်ကို မသိ။
– ဆေးကို မမှီဝဲ။
– မိမိအကျိုးကို လိုလားသော သူနာပြုရဟန်းအား “အနာတိုးတက်သည်ကိုလည်း တိုးတက်၏ဟူ၍၎င်း၊ အနာဆုတ်ယုတ်သည်ကိုလည်း ဆုတ်ယုတ်၏ဟူ၍၎င်း၊ အနာတန့်ရပ်နေသည်ကိုလည်း တန့်ရပ်နေ၏ဟူ၍၎င်း´´ ဟုတ်မှန်တိုင်း အနာကို ထင်စွာ မပြု။
– ကိုယ်၌ဖြစ်ဆဲဖြစ်သော ပြင်းထန်ကြမ်းကြုတ် ခါးစပ်ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘောမရှိ။
ရဟန်းတို့ ဤငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး ခက်၏။

ရဟန်းတို့ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး လွယ်ကူ၏။
– သင့်သည်ကို ပြုလေ့ရှိ၏။
– သင့်သည်၌ အတိုင်းအရှည်ကို သိ၏။
– ဆေးကို မှီဝဲ၏။
– မိမိအကျိုးကို လိုလားသော သူနာပြုရဟန်းအား “အနာတိုးတက်သည်ကိုလည်း တိုးတက်၏ဟူ၍၎င်း၊ အနာဆုတ်ယုတ်သည်ကိုလည်း ဆုတ်ယုတ်၏ဟူ၍၎င်း၊ အနာတန့်ရပ်နေသည်ကိုလည်း တန့်ရပ်နေ၏ဟူ၍၎င်း ဟုတ်မှန်တိုင်း အနာကို ထင်စွာ ပြု၏။
– ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန်ကြမ်းကြုတ် ခါးစပ်ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘောရှိ၏။
ရဟန်းတို့ ဤငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး လွယ်ကူ၏။

ရဟန်းတို့ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် မသင့်လျော်။
– ဆေးကို စီရင်ခြင်းငှါ မစွမ်းနိုင်။
– သင့်သည် မသင့်သည်ကို မသိ။ မသင့်သော ဆေးကို ဆက်ကပ်၏။ သင့်သော ဆေးကို ပယ်၏။
– (ဆွမ်း သင်္ကန်း အစရှိသော) အာမိသကို အလိုရှိသည်ဖြစ်၍ သူနာကို လုပ်ကျွေး၏။ မေတ္တာစိတ်ရှိသည်ဖြစ်၍ လုပ်ကျွေးသည် မဟုတ်။
– ကျင်ကြီး ကျင်ငယ် တံတွေး အန်ဖတ်တို့ကို စွန့်ပစ်အံ့သောငှါ စက်ဆုတ်ရွံရှာ၏။
– သူနာကို အချိန်အခါအလျောက် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေခြင်းငှါ (တရားကို) ဆောက်တည်စေခြင်းငှါ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် သင့်လျော်၏။
– ဆေးကို စီရင်ခြင်းငှါ စွမ်းနိုင်၏။
– သင့်သည် မသင့်သည်ကို သိ၏။ မသင့်သော ဆေးကို ပယ်၏။ သင့်သော ဆေးကို ဆက်ကပ်၏။
– မေတ္တာစိတ် ရှိသည်ဖြစ်၍ သူနာကို လုပ်ကျွေး၏။ (ဆွမ်း သင်္ကန်း အစရှိသော) အာမိသကို အလိုရှိသည်ဖြစ်၍ လုပ်ကျွေးသည် မဟုတ်။
– ကျင်ကြီး ကျင်ငယ် တံတွေး အန်ဖတ်တို့ကို စွန့်ပစ်အံ့သောငှါ စက်ဆုတ်ရွံရှာခြင်း မရှိ။
– သူနာကို အချိန်အခါအလျောက် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေခြင်းငှါ (တရားကို) ဆောက်တည်စေခြင်းငှါ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှါ စွမ်းနိုင်၏။
ရဟန်းတို့ ဤငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် သင့်လျော်၏ ဟု မိန့်တော်မူ၏။

Leave a Reply