ပူတိဂတ္တတိဿမထေရ်ဝတ္ထု – မဟာစည်ဆရာတော်ဘုရားကြီး

ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်´´

ညှဉ်းဆဲမှု အကုသိုလ်ကံကြောင့် အနာရောဂါများတတ်ပုံ သာဓကဝတ္ထုကတော့ မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်သားတစ်ယောက် မြတ်စွာဘုရားသာသနာတော်မှာ ဝင်ပြီး ရဟန်းပြုတယ်။
သူ့အမည်က အရှင်တိဿတဲ့။

ရဟန်းပြုပြီးတော့ သီလ သမာဓိ ပညာအကျင့်တွေကို ကောင်းမွန်စွာ ကျင့်နေတယ်။
နောက်ကာလအတန်ငယ်ကြာတော့ သူ့မှာ အနာရောဂါတွေ ပေါ်လာတယ်။
အစမှာတော့ မုန်ညင်းစေ့လောက် အဖုကလေးတွေ ပေါက်လာတယ်။
နောက်တဖြည်းဖြည်းနဲ့ ပဲနောက်လုံးလောက်၊ ကုလားပဲလုံး စားတော်ပဲလုံးလောက်၊ ဆီးစေ့လောက်၊ ဆီးဖြူသီးလောက်၊ ဥသျှစ်သီးကင်းလောက် ဖြစ်လာတယ်။
နောက်ဆုံးကျတော့ ဥသျှစ်သီးမှည့်လောက် အဖုအလုံးကြီးတွေ ဖြစ်လာပြီး ပေါက်ကွဲကြတယ်။
တစ်ကိုယ်လုံးမှာ အပေါက် အပေါက်တွေ ဖြစ်နေတယ်။
အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေလို့ သူ့ကို ပူတိဂတ္တတိဿလို့ ခေါ်ကြတယ်။
သူ့မှာ အရိုးတွေကလည်း ဆွေးမြည့်ပြီး ကျိုးကုန်သတဲ့။
ယခုကာလမှာလည်း တချို့မှာ ဒီလို အရိုးတွေ ဆွေးနေတာကို ကြားရတယ်။ လက်ကို ကိုင်ပြီး မ,လိုက်ရင် အဲဒီအရိုးက ကျိုးသွားသတဲ့။ ခြေကို မ,လိုက်ရင်လည်း ခြေရိုးက ကျိုးသွားသတဲ့။ ဒါကြောင့် လူမမာကို မကိုင်ဝံ့ မ,မဝံ့တာနဲ့ ဆွေမျိုးတွေက ဘယ်လိုမှ မပြုနိုင်ဘဲ မျက်ရည်စက်လက်နဲ့ ကြည့်နေကြရတယ်လို့ ဆိုတယ်။

အဲဒီ ပူတိဂတ္တတိဿမထေရ်မှာလည်း သူ့တပည့်တွေက ကြာတော့ မပြုစုနိုင်ကြတော့ဘူး။ အဝတ်သင်္ကန်းတွေဟာလည်း သွေးပုပ် ပြည်ပုပ်တွေနဲ့ လူးပေနေတယ်။ ဘယ်သူမှ ပြုစုသူ မရှိဘဲ ကိုးကွယ်ရာမဲ့ ဖြစ်နေပါသတဲ့။
ဟုတ်မှာပဲ။ အလွန် ဆိုးရွားတဲ့ အနာရောဂါတွေကို ကြာရှည် ပြုစုရတော့ တာဝန်လေးကြမှာပဲ။ တပည့် မပြောနဲ့ မိဘနဲ့သားသမီးတောင် ကြာရှည်လာတော့ တာဝန်လေးတတ်ပါတယ်။

ဘုရားကိုယ်တော်တိုင် သူနာပြုပုံ

အဲဒီလို ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့အခါမှာ မြတ်စွာဘုရားက အဲဒီ ပူတိဂတ္တတိဿမထေရ် ကိုးကွယ်ရာမဲ့ ဖြစ်နေပုံနဲ့ ရဟန္တာဖြစ်ဖို့အကြောင်း ဥပနိဿယ ရှိပုံကို မြင်တော်မူတာနဲ့ ကျောင်းစဉ်လှည့်ပြီး ကြည့်ရှုတဲ့အနေအားဖြင့် အဲဒီနေရာကို ကြွသွားတော်မူတယ်။

မီးတင်းကုပ်မှာ ရေနွေးတည်ပြီး ရေပူနွေးအောင် စောင့်နေတော်မူတယ်။
ရေပူနွေးတဲ့အခါ အဲဒီ ပူတိဂတ္တတိဿရဟန်းရဲ့ ခုတင်ညောင်စောင်းကို မပြီး ရွှေ့ဖို့ ကိုင်တော်မူတယ်။
အဲဒီအခါ အနီးအပါးမှာ ရှိတဲ့ ရဟန်းတွေက “ဖယ်တော်မူပါဘုရား၊ တပည့်တော်တို့ မ,ရွှေ့ပါမယ်´´လို့ လျှောက်ပြီး မီးတင်းကုပ်သို့ ယူလာကြတယ်။

မြတ်စွာဘုရားက ရေစည်ပိုင်းကို ယူစေပြီးတော့ ရေနွေးထည့်ပြီး အဲဒီရဟန်းတွေကို ပူတိဂတ္တတိဿရဲ့ ဧကသီကို ရေနွေးနဲ့ ဆွတ်ခွာပြီး လျှော်စေတယ်။
လျှော်ပြီး နေလှန်းစေသတဲ့။
အဲဒီအတောအတွင်း မြတ်စွာဘုရားက အနီးအပါးမှာ ရပ်တော်မူကာ ပူတိဂတ္တတိဿရဲ့ ကိုယ်ကို ရေနွေးနဲ့ဆွတ်ပြီး ရေချိုးပေးစေတယ်။
နေလှန်းထားတဲ့ ဧကသီ ခြောက်တဲ့အခါ အဲဒီဧကသီကို ဝတ်စေပြီးတော့ သင်းပိုင်ကို ရေနွေးနဲ့ လျှော်ပြီး နေပူမှာ လှန်းထားစေတယ်။
အဲဒီသင်္ကန်းခြောက်တဲ့အခါ အဲဒီသင်းပိုင်ကို ဝတ်စေတယ်။

အဲဒီအခါ ပူတိဂတ္တတိဿမထေရ်ဟာ သက်သာရာရပြီး စိတ်တည်ငြိမ်စွာနဲ့ ခုတင်ပေါ်မှာ လျောင်းနေတယ်။
မြတ်စွာဘုရားက ပူတိဂတ္တတိဿရဲ့ ခေါင်းရင်းက ရပ်တော်မူလျက် တရားဂါထာတစ်ပုဒ်ကို ဒီလို ဟောတော်မူပါတယ်။

အစိရံ ဝတ ယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံ ဝ ကလိင်္ဂရံ။

ဘိက္ခုချစ်သား တိဿရဟန်း။
အယံကာယောဤသင့်ကိုယ်သည်။
အစိရံ – မကြာမြင့်မီ။
အပေတဝိညာဏောအသိစိတ်ဝိညာဏ် ကင်းသည်ဖြစ်၍။

(မကြာခင်ဘဲ အသိစိတ်ဝိညာဏ် ချုပ်ကင်းပြီး သေတော့မယ်လို့ ဆိုပါတယ်။ အနာရောဂါက အသည်းအသန်ဖြစ်နေတော့ မကြာခင် သေတော့မယ်ဆိုတာ အလွန်ပင် ထင်ရှားနေပါတယ်။ သတိသံဝေဂဖြစ်စရာ အင်မတန် ပေါ်လွင်နေပါတယ်။ အဲဒါကို မြတ်စွာဘုရားက သတိဖော်ပေးပါတယ်။ ဒီလိုအခါမှာ ဘာမှ မျှော်လင့်စရာ မရှိတော့ တရားပဲ အားကိုးစရာ ရှိတော့တယ်ဆိုတာကို သတိရစေပါတယ်။)

ဆုဒ္ဓေါသီတင်းသုံးဖော်များက သုသာန်၌ စွန့်ပယ်အပ်သောကြောင့်။

(အသိစိတ်ဝိညာဏ် မရှိတော့ဘူး သေပြီဆိုမှဖြင့် ရုပ်ကိုယ်ကြီးဆိုတာ ဘာမှ အသုံးကျတာ မဟုတ်တော့ဘူး။ မသေခင်က ဘယ်လိုပင် အလေးအမြတ် ပြုအပ်တဲ့ ကိုယ်ဖြစ်ပေမယ့် သေသွားတဲ့အခါကျတော့ ဘယ်သူကမျှ အလေးအမြတ် မပြုနိုင်ကြတော့ဘူး။ ဘယ်သူမှ ဒီအလာင်းကောင်ကြီးနားမှာ မနေချင်ကြတော့ဘူး။ မသေခင်က ခဏလေးတောင် မခွဲရက်ဘူးဆိုတဲ့ သူတွေလည်း အနီးအပါး မကပ်ချင်ကြတော့ဘူး။ ၂-ရက် ၃-ရက်လောက် ကြာရင် ပုပ်ပွပြီးတော့ သာပြီး ရွံစရာ ကြောက်စရာကြီး ဖြစ်လာတယ်။ ဒါကြောင့် ကျောင်းမှာဖြစ်စေ အိမ်မှာဖြစ်စေ ကြာကြာ မထားနိုင်ကြဘူး။ ဝေးရာ သုသာန်သို့ ပို့လိုက်ကြရ စွန့်လိုက်ကြရတော့တာပဲ။ ဒါကြောင့် -)

ဆုဒ္ဓေါသီတင်းသုံးဖော်တို့က သုသာန်၌ စွန့်ပယ်အပ်သောကြောင့်။
ပထဝိံ အဓိသေဿတိဝတသုသာန်မြေ၌ စင်းစင်းခွေခွေ အိပ်နေရတော့မည်တကား။

(ဘယ်သူမှ ကြည့်ရှုသူမရှိဘဲ သုသာန်မြေပေါ်မှာ ဒီကိုယ်ကောင်ကြီးဟာ စင်းစင်းဖြစ်စေ ခွေခွေဖြစ်စေ အိပ်နေရချေတော့မယ်။ မကြာတော့ဘူးတဲ့။)

ကိမိဝဘာနှင့်တူမလဲဆိုရင်။
နိရတ္ထံအကျိုးမပြီး၍ အသုံးမဝင်သော။
ကလိင်္ဂရံဝသစ်သားအဖျင်းအညံ့ကဲ့သို့ပင် အိပ်နေရချေတော့မည် တဲ့။

(ကုလားထိုင် ခုတင် အိမ်တိုင်စသည် အသုံးကျတဲ့ သစ်သားချောင်းများကိုတော့ လူတွေက အိမ်မှာ ယူပြီး အသုံးချကြတယ်။ အဲဒီလို အသုံးမကျတဲ့ အကောက်အကွေး အပိုင်းအစ သစ်သားဖျင်း သစ်သားညံ့တွေကိုတော့ တောထဲမှာပဲ စွန့်ပစ်ထားခဲ့ကြတယ်။ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ သူ့ဟာသူ တောထဲမှာပင် တည်နေရသလိုပဲ သင်၏ဒီကိုယ်ကောင်ဟာလည်း သုသာန်မြေပေါ်မှာ ဘယ်သူကမှ ဂရုပြုခြင်း မရှိဘဲ စင်းစင်းခွေခွေ သူ့ဟာသူပဲ တည်နေရချေတော့မယ်လို့ ဆိုလိုပါတယ်။)

ရဟန္တာဓာတ်တော်ဆိုတာ အရိုးတွေပါပဲ

ပူတိဂတ္တတိဿမထေရ်ဟာ မူလကလည်း တရားကို နှလုံးသွင်းအားထုတ်မှု အခြေခံက ရှိနေတဲ့အတွက် အဲဒီဂါထာတရားကို နာနေရင်း ဝိပဿနာဉာဏ် အစဉ်အတိုင်း တက်ပြီး အရဟတ္တဖိုလ်သို့ ရောက်သွားတယ်။ ရဟန္တာဖြစ်သွားတယ်။
ရဟန္တာဖြစ်ပြီး မကြာခင်ဘဲ ပရိနိဗ္ဗာန်စံသွားတယ်။

မြတ်စွာဘုရားက သူ့အလောင်းကို မီးသင်္ဂြိုဟ်စေပြီး အရိုးဓာတ်တော်တွေကို စေတီတည်စေတယ်။
ရဟန္တာဓာတ်တော်ဆိုတာ အရိုးဓာတ်တော်တွေပါပဲ။
မြန်မာပြည်မှာတော့ ဓာတ်တော်ဆိုရင် ဘုရားဓာတ်တော်လို အလုံး အလုံးကလေးတွေလို့ ဒီလို အများက ထင်မြင်ယူဆ ပြောဆိုနေကြပါတယ်။
အမှန်မှာတော့ အဲဒီလို မဟုတ်ဘူး။ ဘုရားဓာတ်တော်များသာ မြတ်စွာဘုရား၏ အဓိဋ္ဌာန်ချက်ကြောင့် အလုံး အလုံးကလေးတွေ ဖြစ်ကြတာပါ။
ရဟန္တာများ၏ ဓာတ်တော်များက ပကတိအရိုးအတိုင်းပါပဲ။
ဘာကြောင့် ဒီလို သိရသလဲဆိုရင် ဘုန်းကြီးတို့ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ကို သီးသန့်လေယာဉ်ဖြင့် သွားပြီး အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ပင့်ဆောင်စဉ်အခါတုန်းက ဓာတ်တော်တိုက်ထဲမှာ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်တွေကို ထင်ရှား တွေ့ခဲ့ရပါတယ်။ ပကတိအရိုးအတိုင်းပါပဲ။ အရောင်အဆင်းက ဖြူဖွေးနေတယ်။ ပုံသဏ္ဌာန်ကတော့ လက်ဆစ်ရိုးကလေးတွေဟာ လက်ဆစ်ကလေးများအတိုင်းပါပဲ။ အစွန်း ၂-ဘက် အဆစ်နေရာများက ကြီးပြီး ခါးလယ်က သေးနေတယ်။
အဲဒီ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်များတောင် ပကတိအရိုးအတိုင်းရှိနေတယ်ဆိုတော့ ဒိပြင် ရဟန္တာများ၏ ဓာတ်တော်များဟာလည်း ပကတိအရိုးအတိုင်းပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။
ဒါကြောင့် ယခုမြန်မာပြည်မှာ ရိုသေလေးစားအပ်တဲ့ ဆရာတော်တစ်ပါးပါး ပျံတော်မူလို့ မီးသင်္ဂြိုဟ်တဲ့အခါမှာ ကျောက်ခဲကလေးများလို ဓာတ်တော်များ ကျတယ်ဆိုတာကို ချင့်ပြီး ယုံကြဖို့ပါပဲ။

ပူတိဂတ္တတိဿမထေရ်၏ ရှေးအကြောင်း

အဲဒီလို စေတီတည်စေပြီးနောက် ရဟန်းတော်များက ပူတိဂတ္တတိဿမထေရ်ဟာ ဘယ်မှာ ဖြစ်ပါသလဲလို့ မေးလျှောက်ကြတယ်။
ပရိနိဗ္ဗာန်စံသွားတဲ့အကြောင်း မြတ်စွာဘုရားက မိန့်တော်မူတဲ့အခါ `ရဟန္တာဖြစ်ဖို့အကြောင်း ဥပနိဿယ ရှိပါလျက် သူ့ကိုယ်ဟာ ဘာကြောင့် အနာတွေပေါက်ပြီး ပုပ်ရပါသလဲ၊ သူ့အရိုးတွေဟာ ဘာကြောင့်ကျိုးရပါသလဲ၊ ဘာကြောင့် ရဟန္တာဖြစ်ရပါသလဲ´လို့ မေးလျှောက်ကြပြန်တယ်။
အဲဒီအခါ မြတ်စွာဘုရားက ဒီလို ဖြေကြားတော်မူပါတယ်။

ပူတိဂတ္တတိဿမထေရ်ရဲ့ အလောင်းဟာ ကဿပမြတ်စွာဘုရားလက်ထက်တော်ကာလက ငှက်မုဆိုး ဖြစ်ခဲ့တယ်။
ငှက်တွေကို သတ်ပြီး ရောင်းစားခဲ့တယ်။
တစ်နေ့တည်း ရောင်းလို့ မကုန်နိုင်မည့် ငှက်တွေကို မသတ်သေးဘဲ အတောင်ချိုးထားတယ်၊ ခြေကို ချိုးထားတယ်။ ဟိုတုန်းက အအေးခန်းတို့ ရေခဲစိမ်တာတို့ဆိုတာ ရှိပုံမပေါ်ဘူး။
ဒါကြောင့် ပုပ်ပျက်မကုန်အောင် အရှင်အတိုင်း ချိုးဖဲ့ပြီး သိမ်းဆည်းထားတယ်။
ယခုကာလမှာလည်း ငှက်တွေကို မသတ်သေးဘဲ ဒီလို နှိပ်စက်ပြီး လှောင်ထားတာတွေ၊ ငါးတွေကို လှောင်ထားတာတွေ ရှိတယ်လို့ ကြားရတယ်။
အဲဒါမျိုး ဖြစ်ပါလိမ့်မယ်။
အဲဒီလို ငှက်တွေကို လိမ်ချိုးပြီး နှိပ်စက်ခဲ့ သတ်ခဲ့တဲ့အတွက် ငရဲမှာ ကြာမြင့်စွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးတော့ အဲဒီကံကြွင်းကြောင့် လူဖြစ်တဲ့အခါမှာလည်း အနာရောဂါများခဲ့ရတယ်။
ယခုဘမှာလည်း အဲဒီနှိပ်စက်မှု အကုသိုလ်ကံကြောင့် အနာတွေပေါက်ပြီး တစ်ကိုယ်လုံး ပုပ်ရတယ်။
အရိုးတွေလည်း ကျိုးရတယ်။

နောက်ဆုံး အဲဒီ ငှက်မုဆိုးဖြစ်စဉ်က တစ်နေ့သောအခါ သူ့အိမ်ကို ကြွရောက်လာတဲ့ ရဟန္တာမထေရ်အား သူစားဖို့ ချက်ထားတဲ့ ငှက်သားဟင်းနှင့် ဆွမ်းကို လှူပြီးတော့ အရှင်မြတ်တို့ သိမြင်တဲ့ တရား၏ အပြီးအဆုံးသို့ ရောက်ရပါစေလို့ ဆုတောင်းခဲ့တယ်။
အဲဒီ ဆွမ်းအလှူဒါနကြောင့် ရဟန္တာဖြစ်ရတယ်ဆိုတဲ့အကြောင်း ဖြေကြားတော်မူပါတယ်။

+++++
(မဟာစည်ဆရာတော်ဘုရားကြီး၏ `သလ္လေခသုတ်တရားတော်ကြီး ပထမတွဲ မှ)

Leave a Reply