ဘုရားကြိုက်သောအလုပ် – မင်းသုဝဏ်

gilana(ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ လက်ဆောင်ကတ်ပြားမှ လက်ရာပန်းချီကား၊ http://nge-naing.blogspot.com/2011/01/blog-post_11.html မှ)

ပါဠိကျမ်းဂန်ကို လေ့လာကြည့်သောအခါ မြတ်စွာဘုရားသခင်သည် ဆေးဆရာအလုပ် သူနာပြုအလုပ်တို့ကို အရေးပေး တန်ဖိုးထားကြောင်း တွေ့ရသည်။
မည်မျှ အရေးပေး တန်ဖိုးထားပါသနည်းဆိုလျှင် မိမိကိုယ်တော်တိုင်ပင်လျှင် ဆေးဆရာဖြစ်ကြောင်း ခွဲစိတ်ကုဆရာဖြစ်ကြောင်း တင်စားဟောကြားတော်မူဖူးလေသည်။

ဣတိဝုတ်ပါဠိတော် စတုက္ကနိပါတ် ဗြဟ္မဏဓမ္မယာဂသုတ်၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူသည်။

အဟမသ္မိ ဘိက္ခဝေ … အနုတ္တရော ဘိသက္ကော သလ္လကတ္တော။

ရဟန်းတို့ … ငါဘုရားသည် အတုမရှိသော ဆေးဆရာဖြစ်၏။ အတုမရှိသော ခွဲစိတ်ကုဆရာဖြစ်၏။

ဆေးဆရာအလုပ်ကို အရေးပေး တန်ဖိုးထားသည့်နည်းတူ သူနာပြုအလုပ်ကိုလည်း အရေးပေး တန်ဖိုးထားတော်မူသည်။ မိမိကိုယ်တော်တိုင်လည်း သူနာပြုအလုပ်ကို လုပ်သည်။ သူတပါးတို့လုပ်အောင်လည်း ညွှန်ကြား ဆုံးမတော်မူသည်။

အခါတပါး၌ ဝမ်းရောဂါဖြင့် မစင်အလိမ်းလိမ်းဖြစ်ကာ အလူးအလဲ ဝေဒနာခံစားနေရသော ရဟန်းတစ်ပါးကို မြတ်စွာဘုရားသခင်သည် ညီတော် အာနန္ဒာနှင့်အတူ သွားရောက် ပြုစုဖူးကြောင်း ဝိနည်း မဟာဝါပါဠိတော်၊ စီဝရက္ခန္ဓကတွင် မှတ်တမ်းတင်ထားချက် တွေ့ရသည်။
ဤတွင် မြတ်စွာဘုရားသည် လူမမာနှင့် မိမိကိုယ်တော်ကို ကိုယ်တူပြုထားသည်။
ကိုယ်တူပြုပုံမှာ ဤသို့ဖြစ်သည်။

ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ။ သော ဂိလာနံ ဥပဋ္ဌဟေယျ။

ရဟန်းတို့ အကြင်သူသည် ငါဘုရားကို လုပ်ကျွေးပြုစုအံ့။ ထိုသူသည် သူနာကို လုပ်ကျွေးပြုစုရာ၏။

မြတ်စွာဘုရားသည် တပည့်သား သံဃာအများနှင့် ဗုဒ္ဓသာသနာတော်ကြီးကို နှစ်ပေါင်းများစွာ တည်ထောင်တော်မူရာတွင် ဖျားမှုနာမှု သူနာပြုမှု အမျိုးမျိုးတို့ကို တွေ့ကြုံခဲ့ရမည် ဖြစ်သည်။
မိမိကိုယ်တော်တိုင် သူနာပြုခဲ့ရသည်တို့လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အကြိမ်ကြိမ် ရှိခဲ့ပေမည်။
ဤအတွေ့အကြုံတို့ကို အခြေပြု၍ သူနာပြုတို့၏ အောက်ပါအင်္ဂါငါးရပ်ကို သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့ရာသည်။

ဤအင်္ဂါငါးရပ်ကို (၁) ဝိနည်း မဟာဝါပါဠိတော် စီဝရက္ခန္ဓကတွင်လည်းကောင်း၊ (၂) အင်္ဂုတ္ထိုရ်ပါဠိတော် ဂိလာနဝဂ်၊ ဒုတိယ ဥပဋ္ဌာကသုတ်တွင်လည်းကောင်း အောက်ပါအတိုင်း တွေ့ရသည်။

သူနာပြုသည် သူနာကို ပြုစုနိုင်ရန် အင်္ဂါငါးရပ်နှင့် ပြည့်စုံရမည်။
အင်္ဂါငါးရပ်ဟူသည်ကား –
(၁) ဆေးကို စီရင်နိုင်စွမ်း ရှိရမည်။
(၂) သူနာနှင့် သင့်သည် မသင့်သည်ကို သိတတ်ရမည်။ မသင့်သည်ကို ပယ်၍ သင့်သည်ကို ပေးရမည်။
(၃) လာဘ်လာဘကို ငဲ့၍ သူနာကို မပြုစုရ။ မေတ္တာတရားကို ရှေ့ထား၍ ပြုစုရမည်။
(၄) ကျင်ကြီးကျင်ငယ် အန်ဖတ် တံတွေးတို့ကို သုတ်သင်ရန် ရွံရှာစက်ဆုပ်မှု ကင်းရမည်။
(၅) သူနာကို အခါအားလျော်စွာ တရားစကားဖြင့် ဒါန၏အကျိုးကို သိစေခြင်း၊ အားတက်စေခြင်း၊ လန်းဆန်းစေခြင်း၊ စိတ်သက်သာရာရစေခြင်းတို့၌ စွမ်းနိုင်ရည် ရှိရမည်။

မြတ်စွာဘုရားသခင်သည် ဤသို့သော နည်းတို့ဖြင့် တိုက်ရိုက်လည်းကောင်း သွယ်ဝိုက်၍လည်းကောင်း ချီးကျူး ဂုဏ်ပြုတော်မူခဲ့သော ဆေးဆရာအလုပ် သူနာပြုအလုပ်တို့သည် မြင့်မြတ်သော အလုပ်တို့ပေတည်း။ လောကကို ကျေးဇူးပြုသော အလုပ်တို့ပေတည်း။ လူအပေါင်း၏ လေးစားသမှုကို ခံယူထိုက်သော အလုပ်တို့ပေတည်း။

ဆေးတက္ကသိုလ်(၂) နှစ်လည်စာစောင်
၁၉၆၉။

Leave a Reply