24 February 2013

မဟာဘုတ်လေးပါးနှင့် `နိမ့်ရာမှသည် မြင့်ရာဆီသို့´

`တစ်ကိုယ်လုံးဖြစ်
ဆယ့်နှစ်အထည်
အချယ်ခြောက်ဆူ
အမူရုပ် ငါး
ရန်လေးပါးနှင့်
အခြားရုပ် တစ်
နှစ်ဆယ့်ရှစ်သည်
မှတ်လစ်ရုပ်ပေါင်း အရေအတွက်တည်း။´

အထည်ကိုယ်ရုပ် ၁၂ ပါး = ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ကာယပသာဒ၊ ဇီဝိတ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ

အချယ်ရုပ် ၆ ပါး = စက္ခုပသာဒ၊ သောတာပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ဟဒယဝတ္ထု၊ သဒ္ဒ

အမူရုပ် ၅ ပါး = ကာယဝိညတ်၊ ဝစီဝိညတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ

ရန်သူရုပ် ၄ ပါး = ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ

အခြားရုပ် ၁ ပါး = ပရိစ္ဆေဒ (အာကာသ)

ထည် ချယ် တစ်ဆယ့်ရှစ်ကို ရုပ်စစ်ဆို၊
မူ ရန် အခြား၊ ဆယ်ပါး ရုပ်တုဆို။´´

လူတို့ကိုယ်ကို လေးဆယ့်နှစ်ပုံ စုပုံ ခွဲထား၍ ကျမ်းဂန်တို့၌ ပြသည်။
လေးဆယ့်နှစ်ပုံ ဟူသည်ကား –
အမာအဖတ် ပထဝီဓာတ် နှစ်ဆယ်၊
အရည်အပျော် အာပေါဓာတ် တစ်ဆယ့်နှစ်ပါး၊
အငွေ့အရှိန် တေဇောဓာတ် လေးပါး၊
ဝါယောလေဓာတ် ခြောက်ပါး၊
ပေါင်း ဤလေးဆယ့်နှစ်ပါးတည်း။

အမာအဖတ် ပထဝီဓာတ် နှစ်ဆယ်ဆိုသည်မှာ – ဆံ၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အပြင်(အဖျဉ်း)၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက် – ဤနှစ်ဆယ်တည်း။

အရည်အပျော် အာပေါဓာတ် တစ်ဆယ့်နှစ်ပါးဆိုသည်မှာ – သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် – ဤတစ်ဆယ့်နှစ်ပါးတည်း။

အငွေ့အရှိန် တေဇောလေးပါးဆိုသည်မှာ – ပြောင်ထင်းထင်း ပူသော တေဇောပျက်ဟူသော သန္တပ္ပနတေဇော၊ မခံသာအောင် ပူသော တေဇောပျက်ဟူသော ဒဟနတေဇော၊ ညီမျှပူနွေး၍ ကြီးပွားရင့်ကျက်စေတတ်သော ဇီရဏတေဇော၊ မျိုသွင်းအပ်သော အရည်အဖတ် အစာအာဟာရတို့ကို ကျေကျက်စေတတ်သော ပါစကတေဇော – ဤလေးမျိုးတည်း။

ဝါယောခြောက်ပါးဆိုသည်မှာ – အထက်သို့ ဆန်တက်သော ဥဒ္ဓင်္ဂမလေ၊ အောက်သို့ စုန်သော အဓောဂမလေ၊ ဝမ်းတွင်း၌တည်သော ကုစ္ဆိသယလေ၊ အူ၏အတွင်း၌တည်သော ကောဋ္ဌာသယလေ၊ အင်္ဂါကြီးငယ်သို့ လျှောက်သွားသော အင်္ဂါမင်္ဂါနုသာရီလေ၊ ထွက်သက်ဝင်သက်ဟူသော အဿာသပဿာသလေ – ဤခြောက်ပါးတည်း။

(တတိယ ရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ဘုရားကြီး၏ `ပရမတ္ထစက္ခုကျမ်း´ မှ)

+++++

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀-ရက် တနင်္ဂနွေနေ့မှာ တရုတ်နှစ်သစ်ကူးနေ့ဖြစ်ရာ ဖေဖော်ဝါရီလ ၉-ရက် စနေနေ့၌ ဓမ္မသင်တန်းများ မရှိချေ။

လောကချမ်းသာဆရာတော်ကြီးမှာလည်း ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် လှေကား၌ ချော်လဲသဖြင့် ညာဖက်ခြေကျင်းဝတ် နာသွားရာ ဖေဖော်ဝါရီလ ၁၄-ရက် မြန်မာပြည်သို့ ကြွရောက်မည့် ခရီးစဉ်ကိုပါ ယာယီ ဆိုင်းငံ့ထားရ၏။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် စနေနေ့ လောကချမ်းသာ ဓမ္မသင်တန်းတွင် လောကချမ်းသာဆရာတော်ကြီး အနားယူရန် လိုအပ်သဖြင့် မွန်းလွဲ ၂ နာရီမှ ၃ နာရီ၌ တရားရှုမှတ်ကြစဉ် ဝိပဿနာဆိုင်ရာ တရားဓမ္မ မချီးမြှင့်နိုင်ပါ။

ဓမ္မပဒနှင့် အဘိဓမ္မာသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာလည်း ပြင်ပဆွမ်းအလှူတစ်ခု ကြွရောက်ရရာ ကျောင်းသို့ ပြန်ရောက်ချိန် နောက်ကျပြီး အနည်းငယ် ပင်ပန်းနေသဖြင့် ဓမ္မပဒသင်တန်းကို မပို့ချနိုင်ဘဲ မွန်းလွဲ ၃း၄၅ နာရီမှသာ အဘိဓမ္မာသင်တန်း၊ ရုပ်ပိုင်း၊ မဟာဘုတ်လေးပါးအကြောင်း သင်ကြား ပို့ချပေး၏။

IMG_1581

IMG_1583

ညနေ ၅ နာရီခွဲတွင် လောကချမ်းသာ ဆည်းဆာတရားပွဲ၌ အရှင်ပညာဇောတက `နိမ့်ရာမှသည် မြင့်ရာဆီသို့´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1587

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။