သက်တော်ရှည် ရွှေဟင်္သာဆရာတော်ဘုရားကြီး


“ရွှေဟင်္သာဆရာတော်ဘုရားကြီး နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် အပူဇော်ခံမည်”ဟူသော သတင်းကို ရုတ်တရက် ကြားသိလိုက်ရသောအခါ အလွန်အကျူး အထူးပင် အံ့သြဝမ်းသာ ဖြစ်မိရပါသည်။ မှန်ပါသည်။ သက်တော် (၁၀၀)ရှိ မထေရ်မြတ်ကြီး၏ ‘ကမ္ဘာလှည့်သာသနာပြုခရီး’မှာ ထူးထူးခြားခြား စံတင်ဖွယ်ဖြစ်၍ အံ့သြထိုက်လှပေတော့သည်။ ‘ကမ္ဘာ့သက်ရှည် ကမ္ဘာလှည့်ခရီးသည်’ တဦးအနေဖြင့် မှတ်တမ်းတင်ရမည် ထင်ပါသည်။ ဝမ်းသာရခြင်းအကြောင်းမှာမူကား အမေရိကန်ရောက် မြန်မာတိုင်းဖွား တကာ တကာမများတို့ ရွှင်လန်းအားရ ဖူးမြော်ကန်တော့ခွင့် ရကြမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဤကဲ့သို့ သက်တော်ကြီးမြင့်ခြင်း ဝယဝုဒ္ဓိဂုဏ်၊ သီလ သမာဓိ ပညာ ကြီးမြတ်တော်မူခြင်း ဂုဏဝုဒ္ဓိဂုဏ်တို့နှင့် ပြည့်စုံသော သက်တော်ရှည် အရှင်မြတ်ကြီး ကြွရောက် အပူဇော်ခံခြင်းမှာ အမေရိကန်ရောက် တကာ တကာမတို့၏ ကြီးမားသော ဘုန်းကံနှင့် ဖြူစင်သော စေတနာ သဒ္ဓါတရားတို့၏ အစွမ်းသတ္တိကြောင့်ဟုဆိုသော် မှားအံ့ မထင်ပါ။

ကြီးမြတ်သော ဘုရား၊ ရဟန္တာနှင့် သူတော်စင်ပုဂ္ဂိုလ်မြတ်ကြီးတို့၏ အချီးအမြောက်ခံရမှုသည်လည်း ခရီးဝေးကွာခြင်း၊ နီးကပ်ခြင်းနှင့် မဆိုင်။ အတူနေရခြင်း မနေရခြင်းနှင့်လည်း မဆိုင်ပါပေ။

“သူတော်စင် သူတော်မွန်တို့ကား ဝေးကွာလှမ်းသော်လည်း ငါဘုရား၏ ဉာဏ်အာရုံ၌ ဟိမဝန္တာတောင်ကြီးအလား ထင်ရှား၍သာ နေကြပေကုန်၏။
သူတော်ကောင်းမဟုတ်သူ သူတော်ယောင်ဆောင်သူ အတုအယောင်တို့သည်ကား ငါဘုရား၏ ဒူးတော်နား၌ တည်ရှိနေသော်ငြားလည်း ငါဘုရား၏ ဉာဏ်အာရုံမှာ မထင်။
ညဥ့်မှောင်မိုက်တွင် ပစ်လွှင့်လိုက်သော မြားတို့သည် နား၏အနီးမှ ပွတ်ကာသီကာ တဝီဝီ ဖြတ်သန်းသွားကြသော်လည်း မမြင်ရသည်သို့ တူစွတကား”ဟု မြတ်ဗုဒ္ဓသည် ဓမ္မပဒဒေသနာ၌ ဟောကြားတော်မူခဲ့ပေသည်။

ဆရာတော်ကြီးသည် ဘုရားပွင့်တော်မူရာ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံသို့ တကြိမ်၊ ထိုင်းနှင့် စင်္ကာပူသို့ တကြိမ် ကြွရောက် သာသနာပြုတော်မူပြီး ဖြစ်၍ ယခု အမေရိကန်နိုင်ငံသို့ ကြွရောက်တော်မူလာခြင်းကား တတိယအကြိမ်မြောက် သာသနာပြုခရီးပင် ဖြစ်ပါသည်။

အမေရိကန်တွင် ကယ်လီဖိုးနီးယား၊ တက်ကဆပ်ပြည်နယ်၊ ဖလော်ရီဒါ၊ ဝါရှင်တန်ဒီစီနှင့် နယူးယောက်မြို့ကြီးများသို့ ကြွရောက်မည် ဖြစ်ပြီး၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌မူ ၁၉၉၂-ခု ဇူလိုင်လ ၁၅-၁၆-၁၇ ရက်နေ့များတွင် အပူဇော်ခံ၍ ပရိတ်သတ်တို့အား တရားဓမ္မများ ချီးမြှင့် ဟောကြားမည် ဖြစ်ပါသည်။




ဆရာတော်ကြီး၏ မွေးဖွားရာ ဒေသမှာ ဧရာဝတီတိုင်း လေးမျက်နှာမြို့ဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၅၅-ခုနှစ် နတ်တော်လဆန်း ၅-ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသည်။

ယခု သီတင်းသုံး နေထိုင်တော်မူသည့် အရပ်မှာ စစ်ကိုင်းမြို့အနီးမှ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်ကျောင်းတိုက်ကြီးတွင် ဖြစ်ပါသည်။ ၁၂၈၉-ခုနှစ်တွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးသို့ ကြွရောက်တော်မူလျက် ရွှေဟင်္သာတိုက်ဟောင်း တိုက်သစ်များ တည်ဆောက်တော်မူပြီးလျှင် ပရိယတ် ပဋိပတ်လုပ်ငန်းများကို ကြိုးပမ်း အားထုတ်တော်မူသည်။ ဆရာတော်ကြီး၏ စာသင်တိုက်တွင် စာသင်သား သံဃာတော်ပေါင်း (၁၀၀)ကျော် ရှိ၍ ပရိယတ္တိလုပ်ငန်းကို ဦးစားပေး အရေးထား ဆောင်ရွက်တော်မူဆဲပင် ဖြစ်ပါသည်။

ထူးခြားကြည်ညိုဖွယ် ကောင်းလှသည်မှာ ဆရာတော်ဘုရားကြီးသည် သက်တော် ၉၀ အရွယ်ခန့်ထိ ဆွမ်းခံဝတ်မဖျက်ဘဲ ဆွမ်းခံကြွလေ့ရှိသည်။ ပိဏ္ဍပါတိက ဓုတင်ဝတ်ကို မချွတ်တမ်း ကျင့်တော်မူခဲ့သည်။ နောင်လာနောက်သား ရှင်ငယ် ရဟန်းငယ်များ ‘ပေါ်လွင်မပြု ကောင်းရာတု’စေရန် စံပြ ဆောင်ရွက်တော်မူခဲ့သည်။ တနည်းအားဖြင့်ဆိုသော် တဖက်မှ စာသင် စာချ ပရိယတ္တိသာသနာကို အားပေး ချီးမြှောက်ရင်း တဖက်မှလည်း ပဋိပတ္တိလုပ်ငန်းကို အမြဲတစေ ကျင့်ကြံအားထုတ်တော်မူခဲ့ပေသည်။

ဆရာတော်ဘုရားကြီးသည် ကျမ်းစာပေါင်း ၃၀-ခန့်ကို ရေးသား ပြုစုတော်မူခဲ့သည်။
မြန်မာအလင်္ကာကျမ်း၊ ရွှေကျင်နိကာယသာသနာဝင် (အကျဉ်း၊ အကျယ်)၊ မေတ္တသုတ်မြန်မာဋီကာ၊ ပရာဘဝသုတ်မြန်မာဋီကာ၊ စာဏကျနီတိသျှ၊ မင်္ဂလသုတ်လက်စွဲ၊ ကာယာနုပဿနာကျမ်း၊ ဝေဒနာနုပဿနာကျမ်း၊ စိတ္တာနုပဿနာကျမ်းနှင့် သက်တော် ၉၀-နှစ် ၆-လအရတွင် ရေးသားတော်မူသော ဓမ္မာနုပဿနာကျမ်းစာများ ဖြစ်ကြပေသည်။

၁၃၂၃-ခုနှစ်တွင် ‘အဂ္ဂမဟာပဏ္ဍိတ’ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၁၃၄၀-ပြည့်နှစ်တွင် ‘အဘိဓဇမဟာရဋ္ဌဂုရု’ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း နိုင်ငံတော်အစိုးရ၏ လှူဒါန်း ဆက်ကပ်ခြင်းကို ခံယူရရှိတော်မူသည်။

၁၃၁၄-ခုနှစ်တွင် သာသနာတော်လုံးဆိုင်ရာ ရွှေကျင်ဂိုဏ်းကြီး၏ ‘ဂိုဏ်းလုံးဆိုင်ရာ ဝန်ဆောင်နာယက’အဖြစ်လည်းကောင်း၊ ၁၃၃၇-ခုနှစ်မှ စ၍ ‘ရွှေကျင်နိကာယ ဥပဥက္ကဌ မဟာနာယက’ (တွဲဘက်ရွှေကျင်သာသနာပိုင်)အဖြစ်လည်းကောင်း၊ ‘ရွှေဟင်္သာဝံသ သံဃမဟာနာယက အဓိပတိ’အဖြစ်ဖြင့်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၃၅၁-ခုနှစ် သက်တော် (၉၇)နှစ်၊ သိက္ခာတော် (၇၇)ဝါ အရတွင် ဂန္တကာရက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ဘုရားကြီးသည် ဒွါဒဿမမြောက် ‘ရွှေကျင်နိကာယဥက္ကဌ၊ မဟာနာယက သမ္မုတိသံဃရာဇာ သာသနာပိုင်’အဖြစ် တင်မြှောက်ပူဇော်ခြင်း ခံတော်မူခဲ့ရပေသည်။

“ရဟန်းကိစ္စ၊ နှစ်ဓူရ၌၊ လုံ့လအားသည်း၊ ဟိတ်ဟန်နည်း၍၊ ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း၊ ခင်အိုလည်းကြီးပွားကြောင်း”ဟု မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက ‘ရဟန်းတော်များအတွက် ကြီးပွားရေး’ကို ညွှန်ကြားမိန့်ဟတော်မူခဲ့၏။

ဤအဆိုအမိန့်အတိုင်းပင် ရွှေဟင်္သာဆရာတော်ဘုရားကြီးသည် ဂန္ထဓူရ ဝိပဿနာဓူရဟူသော ရဟန်းတို့ လုပ်ဆောင်ရမည့် တာဝန် ၂-ရပ်ကို ယနေ့တိုင် ကြိုးပမ်းတော်မူလျက် ရှိခြင်း၊ ပရိယာယ် မာယာမရှိ ဟိတ်ဟန်နည်းပါးခြင်း၊ ပစ္စည်းလာဘ်လာဘများကို သိုမှီး သိမ်းဆည်းခြင်း မရှိ၊ ကျောင်းတိုက်သံဃာတော်များအား ထောက်ပံ့ဝေငှခြင်း၊ စိတ်တို စိတ်ဆိုးခြင်း မရှိ အမြဲတမ်း သတိ ဉာဏ် ပညာတို့ဖြင့် ထိန်းသိမ်းနိုင်ခြင်းတို့ကြောင့် ဆရာတော်ကြီး၏ ရွှေဟင်္သာတိုက်သစ် ကျောင်းတိုက်ကြီးသည် တရိပ်ရိပ် မြင့်မားတိုးတက် ကြီးပွားလျက်သာ ရှိပေသည်။

ဆရာတော်ဘုရားကြီးသည် ဥပဓိရုပ်တော်အားဖြင့်လည်း ရှင်းသန့် ကြည်လင်တော်မူ၏။
ပင်ကိုယ်သဘောတော်အားဖြင့်လည်း ထာဝရ အေးဆေး တည်ငြိမ်တော်မူ၏။
တပည့်ရဟန်း တကာ တကာမတို့ကို ဆုံးမ ညွှန်ကြားရာ၌လည်း တိုတိုရှင်းရှင်းနှင့် လိုရင်းမိအောင် ညွှန်ပြ မိန့်ကြားတော်မူနိုင်ပါပေ၏။

ဥပမာပြရလျှင် –
မန္တလေးမြို့မှ မလွန်ဈေးဆန်လှူအသင်းကြီးသို့ ဆုံးမ ညွှန်ကြားရာတွင် တိုရှင်းထိမိသော လင်္ကာတိုလေးဖြင့် ဤသို့ မြွက်ကြားတော်မူခဲ့သည်။

“အများအကျိုး၊ ရွက်သည်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့”

ဤကဲ့သို့သော အဖိုးတန်ရတနာ ဆရာတော်ဘုရားကြီးများ ကြွရောက်လာရာတွင် မဖူးမြင် မဆည်းကပ်လိုက်ရပါမူကား ကျွန်ုပ်တို့အတွက် နောင်တရဖွယ်သာ ဖြစ်ပါခြိမ့်မည်။
အခွင့်သာခိုက်တွင် ဦးတိုက်၍ ဖူးလိုက်ကြပါရန် စေတနာမွန်ဖြင့် တိုက်တွန်းလိုက်ရပေသည်။

(၁၉၉၂-ခုနှစ် ဇူလိုင်လ ၁၂-ရက်နေ့ထုတ်၊ အတွဲ-၂ အမှတ်-၂ လောကချမ်းသာသတင်းလွှာ မှ)

Leave a Reply