မစိုးရိမ်ကန်တော့ပန်း

၂၀၀၁ ခုနှစ် မေလ ၆ ရက် တနင်္ဂနွေနေ့၊ ၁၃၆၃ ခုနှစ် ကဆုန်လပြည့်နေ့

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် လောကချမ်းသာစေတီတော် တည်ထားကိုးကွယ်ရန် မြေသန့်မင်္ဂလာနှင့် သိမ်သမုတ်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး၍ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၊ မွန်းလွဲပိုင်းတွင် မဟာစည် သြဝါဒါစရိယ ရေဦးဆရာတော်ဘုရားကြီးထံမှ သီလခံယူကြ၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ ဟောကြား ချီးမြှင့်သော အနုမောဒနာတရားတော်ကို နာကြားကြကာ မဟာစည် သြဝါဒါစရိယ အမေရိကန်နိုင်ငံ ဓမ္မနန္ဒဝိဟာရကျောင်း ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ရေစက်ချတရားကို နာယူ ရေစက်သွန်းချ ကောင်းမှု ကုသိုလ် အမျှပေးဝေခဲ့ကြစဉ်မှ စ၍ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသနှင့် နယူးယောက် နယူးဂျာစီ ဓမ္မမိတ်ဆွေများ ဆရာ ဒကာ ပိုမို ရင်းနှီးလာခဲ့ကြသည်။

ကံအကြောင်းဆက်လာ၍ ထိုအချိန်မှ စကာ ဆရာတော်ကြီးသည် အမေရိကန်နိုင်ငံတစ်လှည့် မြန်မာနိုင်ငံတစ်လှည့် သီတင်းသုံးရင်း၊ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံတွင်သာ ပိုမို နေထိုင်သီတင်းသုံးမှုများပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နယူးယောက်မြို့၌ ဘဝနတ်နန်း စံမြန်းသည်ထိ သာသနာ့အကျိုးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သွားခဲ့လေသည်။

ဆရာတော်ကြီးသည် ဒိသာပါမောက္ခ ဖြစ်၏။ နှစ်ပေါင်း ၅၀ ကျော် စာချလာခဲ့ရာ ဆရာတော်၏ တပည့်ပေါင်း အရပ်ရပ် အလွန်များပြား၏။
ဓမ္မာစရိယစာမေးပွဲအတွက် ဆရာတော်ပြုစုသော ကျမ်းစာအုပ်များနှင့် မလွတ်ကင်းသော တပည့်ပေါင်း မြောက်မြားစွာ ရှိ၏။
နယူးယောက်မြို့တွင် ဆရာတော်နှင့် ကြုံတွေ့ခိုက်များ၌ လူပုဂ္ဂိုလ်များအတွက် ကျမ်းစာအုပ်များ ရေးသား ချီးမြှင့်ပါရန် လျှောက်ထားရာ ဆရာတော်က ရီမောနေလေ့ရှိတတ်ပြီး စာသင်သား ရဟန်းသံဃာများအတွက် ကျမ်းစာအုပ်များဖြင့်သာ အချိန်မပေးနိုင်အောင် ရှိသဖြင့် လူပုဂ္ဂိုလ်များအတွက် ကျမ်းစာအုပ်များ ရေးမည် မရေးမည်ဆိုသည်မျှကိုပင် အဖြေမပေးတတ်ပေ။
သို့သော် ထိုသို့မေးတိုင်း ဆရာတော်ရေးရန် အာသီသပြင်းထန်သော စာအုပ်တစ်အုပ်အကြောင်းကိုတော့ ပြောလေ့ရှိ၏။
“အေး … ငါရေးဖို့ ပြင်ထားတဲ့ စာအုပ်တစ်အုပ်တော့ ရှိတယ်ကွ။ အဲဒီစာအုပ်ကတော့ ‘ဆရာတော်နဲ့ထောင်၊ ထောင်နဲ့ဆရာတော်’ ဆိုတဲ့ စာအုပ်ပဲ”
အခွင့်အခါသင့်လျှင် ဖတ်ကြရမှာပေါ့ .. ဟု ဆရာတော်မိန့်ကြားသွားခဲ့သော်လည်း ဆရာတော် ရေးဖြစ်ခဲ့ မရေးဖြစ်ခဲ့ မသိသလို၊ မရေးဖြစ်ခဲ့ပါကလည်း ဖတ်ကြရတော့မည် မဟုတ်ပေ။

ဆရာတော်၏ အန္တိမဈာပနအခမ်းအနားတွင် လောကချမ်းသာဆရာတော်က မစိုးရိမ်ဆရာတော်ဘုရားကြီး အမြင်သာသနာပြုသွားပုံကို ထည့်သွင်း မိန့်ကြားသွားခဲ့၏။
နယူးယောက်မြို့တွင် သီတင်းသုံးခိုက် ရာသီဥတုကောင်းသောအခါ ဆရာတော်ကြီးသည် နံနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိ၏။ ထိုသို့ လမ်းလျှောက်ထွက်တိုင်းလည်း သင်္ကန်းကို စနစ်တကျ သေချာ ကျနစွာ ရုံပြီးမှ လမ်းလျှောက်ထွက်တတ်သည်။
မြင်ရတဲ့သူတွေအတွက် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဆိုတာ ဒီလိုပါလားလို့ သိမြင် တွေ့မြင် ကြည်ညိုနိုင်ရအောင်ပေါ့ကွာ … ဟု မိန့်ဆိုသွားကြောင်း သိရ၏။ သင်္ကန်းမရုံဘဲ မြို့ထဲထွက်သော တပည့်ရဟန်းများကိုလည်း အပြစ်ဆိုလေ့ရှိ၏။

ဆရာတော်ကြီးသည် နှစ်ပေါင်းများစွာ စာချလာခဲ့သဖြင့် တရားဟောသောအခါတွင် တပည့်များ နားလည်အောင် စာပို့ချသည့် ပုံစံမျိုး ဟောကြားတတ်ရာ တရားနာပရိတ်သတ်များအတွက် ပုံစံတစ်မျိုးဖြင့် ရင်းရင်းနှီးနှီး ရီရီမောမော နာကြား မှတ်သားကြရ၏။

ဆရာတော်ကြီးသည် စာချဆရာတော်ကြီးတစ်ပါးပီပီ အသံသြဇာ အထူးပြည့်စုံ၏။ ပါဠိတော်များကို ရွတ်ဖတ်လျှင် အထူး နာပျော် ကြည်ညိုဖွယ်ရာ ကောင်း၏။
အနယ်နယ် အရပ်ရပ် ပဋ္ဌာန်းအဖွဲ့များ ဖွဲ့စည်း၍ ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ် ကြည်ညိုကြရန် အထူး တိုက်တွန်းတတ်၏။

ဆရာတော်ကြီး နယူးယောက်မြို့တွင် သီတင်းသုံးခိုက် ၂၀၀၃ ခု ဒီဇင်ဘာလ ၇ ရက်၊ ၁၃၆၅ ခု နတ်တော်လဆန်း ၁၄ ရက် တနင်္ဂနွေနေ့တွင် မန္တလေးမြို့ မစိုးရိမ်ပါဠိတက္ကသိုလ်၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါဘိဝံသ၏ ‘စတုရာရက္ခတရားတော်ဆောင်ပုဒ်များ’ ရွတ်ဖတ် ပူဇော်ထားသည်ကို နာယူ ကြည်ညိုကြ၍ ဆရာတော်ကြီး လွန်ခဲ့သည့် နှစ်နှစ်ပြည့်အလွမ်း ကန်တော့ပန်း ပန်ဆင်နိုင်တော်မူကြပါကုန်။

Leave a Reply