တဒင်္ဂ တရား သံဝေဂ-အရှင်အဘယာလင်္ကာရ


“အဓုနာ အဘယော ဟောန္တော
သဘယော ဝေ အနာဂတေ။
ဘာဝေမိ မရဏံ နိစ္စံ
ခန္ဓာနံ ဘင်္ဂ ဘာဝတော။”

အဟံ-ရုပ်နာမ်နှစ်ရပ် ကြောင်းကျိုးစပ်၍ ပညတ်ဝေါဟာ မင်း,သူ,ငါသည်
အဓုနာ-မျက်မှောက်မြင်ရ ယခုခဏ၌
အဘယော ဟောန္တော(ပိ)-ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ဘယာကင်းပ အေးမြနေပါသော်လည်း
အနာဂတေ-ပစ္စုပ္ပန်ထောက် မကြာရောက်မည့် နောက်နှောင်းဝေဆာ နောင်အခါ၌
ဝေ-စင်စစ်ဧကန် အမှန်အားဖြင့်
သဘယော (ဟေဿံ)-ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ လွန်စွာမပြတ် နှိပ်စက်အပ်သဖြင့် ကပ်ရောက်ဖိစီး ရောဂါကြီးငယ် အသွယ်သွယ်တို့ ကိုယ်ဝယ် ကျရောက်မည် ဖြစ်ပေ၏။

ကသ္မာ-အဘယ်ကြောင့်နည်း
ခန္ဓာနံ-ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏
ဘင်္ဂ ဘာဝတော-ဥပါဒ်ဌီဘင် ဖြစ်ပျက်စဉ်အရ တခဏချင်း မယွင်းမှန်စွာ ပျက်စီးနေသောကြောင့်ပင် ဖြစ်ပေ၏။
တသ္မာ-ထို့ကြောင့်ပင်လျှင်
မရဏံ-“မရဏံ ဓုဝံ၊ ဇီဝိတံ အဓုဝံ=သေခြင်းက မြဲပြီး၊ အသက်က မမြဲ”ဟူသော သေခြင်းတရားကို
နိစ္စံ-အမြဲမပြတ် တရစပ်
ဘာဝေဓိ-အဝတ်ဥသျှောင် မီးလောင်သော်လည်း မသတ်ဘဲလျှင် စိတ်ထဲရောက်အောင် ကပ်ဆောင် ပွားများသင့်လှပါပေ၏။

“ခုနေအခါ နေကောင်းသော်လဲ
နောင်အခါ မကောင်း ဖြစ်မည်ပင်။
ခန္ဓာငါးပါး ပျက်ပြားသည့်တွက်
သေတရား ပွားများ အမြဲပင်။”

(ကျန်းမာရေးကောင်းနေခိုက် ပစ္စုပ္ပန်ခဏတွင် ဆင်ခြင်ပွားများရမည့် ဂါထာနှင့်လင်္ကာ ဖြစ်၏။)

“အတီတေ အဘယော ဟောန္တော
သဘယော ဝေ ဓုနာ အဟံ။
ဘာဝေမိ မရဏံ နိစ္စံ
ခန္ဓာနံ ဘင်္ဂ ဘာဝတော။”

အဟံ-ရုပ်နာမ်နှစ်ရပ် ကြောင်းကျိုးစပ်၍ ပညတ်ဝေါဟာ မင်း,သူ,ငါသည်
အတီတေ-ပစ္စုပ္ပန်ထောက် ရောက်ခဲ့ပြီးရာ ရှေးရှေးအခါ၌
အဘယော ဟောန္တော(ပိ)-ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ဘယာကင်းပ အေးမြနေခဲ့သော်လည်း
အဓုနာ-မျက်မှောက်မြင်ရ ယခုခဏ၌
ဝေ-စင်စစ်ဧကန် အမှန်အားဖြင့်
သဘယော(ဟောမိ)-ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ လွန်စွာမပြတ် နှိပ်စက်အပ်သဖြင့် ကပ်ရောက်ဖိစီး ရောဂါကြီးငယ် အသွယ်သွယ်တို့ ကိုယ်ဝယ် ကျရောက်နေပါ၏။

ကသ္မာ-အဘယ်ကြောင့်နည်း
ခန္ဓာနံ-ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏
ဘင်္ဂ ဘာဝတော-ဥပါဒ်ဌီဘင် ဖြစ်ပျက်စဉ်အရ တခဏချင်း မယွင်းမှန်စွာ ပျက်စီးနေသောကြောင့်ပင် ဖြစ်ပေ၏။
တသ္မာ-ထို့ကြောင့်ပင်လျှင်
မရဏံ-“မရဏံ ဓုဝံ၊ ဇီဝိတံ အဓုဝံ=သေခြင်းက မြဲပြီး၊ အသက်က မမြဲ”ဟူသော သေခြင်းတရားကို
နိစ္စံ-အမြဲမပြတ် တရစပ်
ဘာဝေမိ-အဝတ်ဥသျှောင် မီးလောင်သော်လည်း မသတ်ဘဲလျှင် စိတ်ထဲရောက်အောင် ကပ်ဆောင် ပွားများသင့်လှပါပေ၏။

“ရှေးတုန်းအခါ နေကောင်းသော်လဲ
ခုအခါ မကောင်းဖြစ်ပြီ ရုပ်နာမ်စဉ်။
ခန္ဓာငါးပါး ပျက်ပြားသည့်တွက်
သေတရား ပွားများ အမြဲပင်။”

(ကျန်းမာရေးမကောင်းခိုက်တွင် ဆင်ခြင်ပွားများရမည့် ဂါထာနှင့်လင်္ကာ ဖြစ်၏။)

မှတ်ချက်။ ။ နယူးယောက် လောကချမ်းသာဆရာတော်နှင့် မိမိအပါအဝင် ငါးပါးတို့ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒအား ၂၀၀၈-ခု အောက်တိုဘာလ ၁၉ ရက်နေ့ ညနေတွင် ပရိတ်တရား ရွတ်ဖတ်ပေးခဲ့ကြ၏။ နောက်တနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နယူးယောက်မှ ဘော်စတွန်သို့အပြန် ဘတ်စ်ကားပေါ်၌ အထက်ပါ ဂါထာများ ရေးဖြစ်ခဲ့၏။
(အဘယ= ဘယ-ဘေးအန္တရာယ်တွေ၊ အ-ဘာမျှမရှိ။ သဘယ= ဘယ-ဘေးအန္တရာယ်တွေ၊ သ-ရှိနေ၏။)

Leave a Reply