မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၃


“ဤ ကိုယ်ကာယ
တစ်လံမျှ၌
နှစ်ဝရုပ်နာမ်
ဖြစ်၍ ချုပ်၏
နာမ်ရုပ်နှစ်ပါး
အလွတ်ထား၍
ဤကား လိပ်ပြာ
ဤကား ငါနှင့်
ဤမှာ ဇီဝ
ဤ အတ္တဟု
ညွှန်ပြဖွယ်ရာ
မရှိပါသည်
ခန္ဓာ နာမ်ရုပ်မျှပါတကား .. ။

နာမ်ရုပ်နှစ်ပါး
ဤနှစ်ပါးလည်း
ရှည်လျားကာလ
မတည်ကြဘဲ
ခဏဖြစ်လျက်
ခဏပျက်၍
နှိပ်စက်ခြင်းရာ
လိုမပါဘူး
သဘာဝအား
ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ
အနိစ္စသည်
ဒုက္ခ အနတ္တချည်းပါတကား .. ။”

ဤဓမ္မလက်ဆောင်လင်္ကာများကို မင်းကွန်းဆရာတော်ကြီးသည် ဥပဇ္ဈာယ်ဆရာတော်ဖြစ်တော်မူသော မင်းကွန်း ပထမဓမ္မနာဒဆရာတော်ဘုရားကြီးအား အကြောင်းပြု၍ ခရစ်နှစ် ၁၉၃၉-ခု၊ မြန်မာသက္ကရာဇ် ၁၃၀၁-ခုနှစ်တွင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။

ဆရာ-တပည့်နှစ်ဦးကြား နွေးထွေးသော ဆက်ဆံရေးနှင့် မေတ္တာတရားအကြောင်း မင်းကွန်းဆရာတော်ကြီးက သာသနာသက္ကရာဇ် ၂၅၁၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅-ရက်နေ့တွင် မန္တလေးမြို့ အနောက်ပြင် အောင်တော်မူကျောင်းကြီး စေတီတော် အာရာမ်အတွင်း ဆိပ်ကမ်းအလုပ်သမားများ၏ ကုသိုလ်ကောင်းမှုဖြစ်သော ‘နိဗ္ဗာန်ဆိပ်ဦး ဓမ္မာရုံ’၌ ဟောကြားအပ်သော ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’တွင် တစွန်းတစ လှစ်ဟ ဟောကြားခဲ့သည်ကို ကြည်ညိုဖွယ် နာယူ ဖတ်ယူရပါ၏။


ပညာအနုဂါမိက ဥစ္စာ

ရှေ့မျက်နှာမှာ ပါရှိတဲ့ စာပိုဒ်ကလေး နှစ်ပိုဒ်က ပညာဆိုတဲ့ အနုဂါမိကဥစ္စာ ရတနာကို ပေးချင်လို့ ရစေချင်လို့ ဒီလင်္ကာစာပိုဒ်ကလေး ၂-ပိုဒ်ကို တရားလက်ဆောင်အနေနဲ့ အပ်ထားခြင်း ဖြစ်ပါတယ်။

ဒီလင်္ကာစာပိုဒ်ကလေး ၂-ပိုဒ် ဖြစ်ပေါ်လာရခြင်း အကြောင်းကို အကျဉ်းချုပ် ပြောပြလိုပါတယ်။

ဘုန်းကြီးများရဲ့ ဥပဇ္ဈာယ်ဆရာတော် (ပထမ ဓမ္မနာဒ ဆရာတော်)ဟာ လွန်ခဲ့တဲ့ ၁၂၉၉-ခုနှစ် တော်သလင်းလပြည့်ကျော် ၉-ရက်နေ့မှာ ဘဝနတ်ဌာန် ပျံလွန်တော်မူပါတယ်။
ပျံလွန်တော်မမူခင် လေးရက်လောက်အလိုမှာ အရိဋ္ဌနိမိတ်လို့ ခေါ်တဲ့ ဇီဝိတိနြေ္ဒကြွေမယ့် အရိပ် နိမိတ် လက္ခဏာကို မြင်ရတော့ ဘုန်းကြီးက ဆရာတော်ကို (တရားနှလုံးသွင်းဖို့ သတိမမေ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့) မေးလျှောက်ပါတယ်။

မေးလျှောက်ပုံက –

(တပည့်) – “ဆရာတော် … ၊ အသညသတ်ဗြဟ္မာ့ဘုံကို ရောက်ကြမယ့် ဈာန်ရပုဂ္ဂိုလ်ကြီးတွေဟာ လူ့ပြည် နတ်ပြည်တုန်းက နာမ်တရားကို ငြီးငွေ့ကြ စက်ဆုပ်ကြတာဟာ တရားဉာဏ်နဲ့ ကြည့်ရင် လမ်းမှန်ပဲ မဟုတ်လား ဘုရား”

(ဆရာ) – “မှန်ပါတယ်ကွာ .. ”

(တပည့်) – “အရူပဗြဟ္မာ့ဘုံကို ရောက်ကြမယ့် ဈာန်ရပုဂ္ဂိုလ်ကြီးတွေရဲ့ လူ့ပြည် နတ်ပြည်တုန်းက ရုပ်တရားကို ငြီးငွေ့ကြ စက်ဆုပ်ကြတာကော တရားဉာဏ်နဲ့ ကြည့်ရင် လမ်းမှန်ပဲ မဟုတ်လား ဘုရား”

(ဆရာ) – “မှန်ပါတယ်ကွာ … ”

(တပည့်) – “ဒါဖြင့်ရင် အဲဒီ အမှန်နှစ်ခုကို ပေါင်းစပ်ပြီးတော့ တပည့်တော်တို့ ‘ဓီ နာမရူပံ၊ ဓီ နာမရူပံ။ နာမရူပံ-နာမ်ရုပ်တရား နှစ်ပါးသည်။ ဓီ-စက်ဆုပ်ရွံရှာ ကြောက်မက်ဖွယ်ရာတွေပါတကား’ …. အဲဒီလိုများ နှလုံးသွင်းရရင် အမှန်နှစ်ချက် စပ်မိပြီးတော့ ကောင်းမယ် မဟုတ်လား ဘုရား” လို့ (အင်း .. ဆရာတော်ရဲ့ အလိုကို စမ်းပြီးတော့၊ ဆရာတော်မှာ တရားနှလုံးသွင်းမှု မလစ်ဟင်းသည် လစ်ဟင်းသည်ကို သိလို၍ လျှောက်တယ်။ လျှောက်တော့ ဘုန်းကြီးကို ဆရာတော်က ဘာပြောသလဲဆိုတော့ – )

(ဆရာတော်) – “ကွာ …(တဲ့)၊ သံယုတ်ပါဠိတော်မှာလာတဲ့ ခုနစ်နှစ်အရွယ် ‘ဝဇိရာ’လို့ ခေါ်တဲ့ ရဟန္တာထေရီမလေး ရွတ်ဆိုတဲ့ –

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊
ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။

အဲဒီဂါထာ မရှိဘူးလားကွာ … (တဲ့)။

သူတို့ ရဟန္တာအရှင်မြတ်တွေအဖို့ ခန္ဓာငါးပါး-နာမ်ရုပ်တရား နှစ်ပါးတို့ကို အမြဲတမ်း ‘ဒုက္ခ’လို့ မြင်နေတော့ ‘ဒုက္ခမေဝ ဟိ သမ္ဘောတိ’ စသည်ဖြင့် မိန့်ဆိုကြတာပ။

ငါတို့အဖို့ရာကျတော့ နာမ်ရုပ်ကို ပထမ မြင်ဖို့ အရေးကြီးတယ်။
ဒါကြောင့် အဲဒီဂါထာလာ ‘ဒုက္ခ’ရဲ့အစား ‘နာမရူပ’ပါဠိနဲ့ ပြောင်းလဲပြီး –

နာမရူပံဝ ဟိ သမ္ဘောတိ၊
တံဝ တိဋ္ဌတိ ဝေတိ စ။
နာညတြ တမှာ သမ္ဘောတိ၊
နာညံ တမှာ နိရုဇ္ဈတိ။

အဲဒီလို နှလုံးသွင်းကွာ …”လို့ အမိန့်ရှိပြီး ဆရာတော်က မိမိ မမေ့မလျော့ တရားနှလုံး ကျင့်သုံးလျက်ရှိနေကြောင်း သိပါစေဆိုတဲ့ အဓိပ္ပာယ်နဲ့ ..

“ကွယ် … အရှင်ဂေါဓိကတို့ဟာ ဒုက္ခကို မဖြစ်,ဖြစ်အောင် ပြုလုပ်ပြီးမှ ဉာဏ်ဖြင့် သိမ်းဆည်းတော်မူကြရသေးတာ။ ငါက ဖြစ်လာတဲ့ ဝေဒနာကို အချည်းနှီး ချုပ်မသွားစေရပါဘူး” လို့ နောက်ဆုံး အမိန့်ရှိပါတယ်။

သိပ်ကောင်းတာပဲ။
အမှန်တော့ ဆရာတော်ဟာ အဲဒီလို နှလုံးသွင်းရင်း ရှိပါတယ်။
သူ အနှစ်သက်ဆုံးအနေနဲ့ အမိန့်ရှိတာဖြစ်တော့ ဘုန်းကြီးတို့ (တပည့်များ)အနေနဲ့လည်းပဲ အမြတ်နိုးဆုံးအနေနဲ့ မှတ်သားရပါတယ်။

အဲဒီ နာမရူပံဝ သမ္ဘောတိ အစရှိတဲ့ ဂါထာကို အနက်ပေးကြည့်ကြရအောင်။

ဣမသ္မိံ ကာယေ=ဤကိုယ်ကာယ တစ်လံမျှ၌
နာမရူပံဝ=ရုပ်နာမ်တရား ဤနှစ်ပါးသည်သာလျှင်
သမ္ဘောတိ=ဥပါဒ်ထင်ရှား ဖြစ်ပွား၍ နေ၏
တံဝ=နာမ်ရုပ်တရား ထိုနှစ်ပါးသည်သာလျှင်
တိဋ္ဌတိ စ=ဌီခဏ အနေဖြင့် တည်လည်း တည်နေပေ၏
ဝေတိ စ=ဘင်ခဏသို့ ရောက်၍ ချုပ်လည်း ချုပ်ပျောက်၏
(ဒီ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ နာမ်တရား ရုပ်တရား နှစ်ပါးသာလျှင် ဖြစ်ကြ တည်ကြ ချုပ်ကြတယ်။)
တမှာ=နာမ်ရုပ်တရား ထိုနှစ်ပါးကို
အညတြ ဌပေတွာ=ချန်လှပ်ဖယ်ရှား အလွတ်ထား၍
အညံ=တပါးသော ‘ပုဂ္ဂိုလ်’ ‘သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’ဆိုတဲ့ သဘောသည်
န သမ္ဘောတိ=ဥပါဒ်ထင်ရှား ဖြစ်ပွားသည် မဟုတ်
တမှာ=နာမ်ရုပ်တရား ထိုနှစ်ပါးမှ
အညံ= တပါးသော ‘ပုဂ္ဂိုလ်’ ‘သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’ဆိုတဲ့ သဘောသည်
န နိရုဇ္ဈတိ=ချုပ်သည် မဟုတ်။
(ထိုသဘောများသည် တရားသားအနေနဲ့ ရှိလည်း မရှိ) လို့ – အနက် အဓိပ္ပာယ် အဲဒီလို ရှိပါတယ်။

ပါဠိပညာရှင်တွေအနေနဲ့တော့ ဒီဂါထာကို နှလုံးသွင်းလိုက်ရင်ပဲ အင်မတန် သဘောကျ ကျေနပ်သွားကြပါတယ်။
ပါဠိပညာရှင်တွေ ခံစားကြရတဲ့ ဓမ္မပီတိမျိုးကို ပါဠိကို မကျွမ်းကျင်တဲ့ အခု တရားနာနေတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးတွေလည်းပဲ ခံစားကြရပါမယ်။
ဗုဒ္ဓရှင်တော်ရဲ့ တရားတော်ကို ကိုယ်တော်ရဲ့ သားတော် သမီးတော်များ ဖြစ်ကြတဲ့ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ=လေးဦးစလုံး နားလည်ရမည် ဖြစ်ပါတယ်။
အဲ ဥပါသကာ ဥပါသိကာတို့ နားမလည်ရင် သာသနာဘက်က သားတော်ဖြစ်ကြတဲ့ ရဟန်းတော်များက ပြောပြကြရပါမယ်။
နားလည်အောင် ပြောရမည့် ဝတ္တရားရှိတဲ့အတိုင်း –

ဤ ကိုယ်ကာယ
တစ်လံမျှ၌
နှစ်ဝရုပ်နာမ်
ဖြစ်၍ ချုပ်၏
နာမ်ရုပ်နှစ်ပါး
အလွတ်ထား၍
ဤကား လိပ်ပြာ
ဤကား ငါနှင့်
ဤမှာ ဇီဝ
ဤ အတ္တဟု
ညွှန်ပြဖွယ်ရာ
မရှိပါသည်
ခန္ဓာ နာမ်ရုပ်မျှပါတကား …

ဆိုတဲ့ ဓမ္မလက်ဆောင် လင်္ကာကလေးကို ဖြန့်ပေးထားခြင်း ဖြစ်ပါတယ်။

ဤ ကိုယ်ကာယ၊ တစ်လံမျှ၌၊ နှစ်ဝရုပ်နာမ်၊ ဖြစ်၍ ချုပ်၏၊
သြော် .. ဤ တစ်လံမျှလောက်သော ငါ၏ ကိုယ်မှာ နာမ်တရား ရုပ်တရား ဤနှစ်ပါးတို့သာ ဖြစ်၍ ဖြစ်၍ ချုပ်နေပါတကား .. ။

နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍၊ ဤကား လိပ်ပြာ၊ ဤကား ငါနှင့်၊ ဤမှာ ဇီဝ၊ ဤ အတ္တဟု၊ ညွှန်ပြဖွယ်ရာ၊ မရှိပါသည်၊
နာမ်ရုပ်နှစ်ပါးကို ဖယ်ရှားပြီးတော့ ဟောဒါက လိပ်ပြာ၊ ဒါက ငါ၊ ဒီမှာက ဇီဝ၊ ဟောဒါက အတ္တ – လို့ ပြစရာ နာမ်ရုပ်က လွဲရင် အဲဒီတရားမျိုးဟာ ရှိကို မရှိ။

ခန္ဓာ နာမ်ရုပ်မျှပါတကား။
ဒီ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ အမှန်တကယ် ရှိနေတာဟာဖြင့် နာမ်ရုပ်နှစ်ပါးပဲ ရှိနေပါတကား .. လို့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နှလုံးသွင်း ဆင်ခြင်နိုင်ပါတယ်။

အဲဒီလို အောက်မေ့နှလုံးသွင်းလို့ အလေ့အထ ရလာတဲ့အခါမှာ “ဒီတစ်လံမျှလောက်သော မိမိတို့ရဲ့ ကိုယ်မှာ အနမတဂ္ဂ အစမထင် အတိတ်သံသရာတခွင်က မိမိတို့ ထင်မှားခဲ့တဲ့ ‘ပုဂ္ဂိုလ်’ သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’လို့ မရှိဘဲနဲ့ ရှိတယ်လို့ ထင်မှားခဲ့တဲ့ ပညတ်တရားနဲ့ အစစ်အမှန် တကယ်ရှိနေတဲ့ နာမ်ရုပ်တရား ဒီနှစ်ပါးကို ခွဲခွဲခြားခြား သိသွားတယ်။

အဲဒီလို ခွဲခွဲခြားခြား သိတဲ့ဉာဏ်ကို ‘နာမရူပဝဝတ္တာနဉာဏ်’လို့ ခေါ်ပါတယ်။
ဝိပဿနာဉာဏ်သို့ မရောက်သေးပါဘူး။

ဝိပဿနာဉာဏ် ရောက်အောင် ဆိုပြီးတော့ အဲ .. ခုနက ပြောခဲ့တဲ့ ဝတ္တုနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် ဆရာတော် ပျံလွန်တော်မူပြီးတဲ့နောက် တချိန်ကျတော့ “သြော် .. ဒီဂါထာနဲ့ ဒီလင်္ကာက နာမရူပဝဝတ္တာနဉာဏ်လောက်ပဲ အဆင့်ရှိသေးတယ်။ လက္ခဏ သမ္မသန ဆိုတဲ့ ပထမ ဝိပဿနာရောက်အောင် ဆရာတော်ရဲ့ ဂါထာကို အဖြည့်ခံ သဘောထားပြီး ငါ ထပ်ဖြည့်မှပဲ” ဆိုတဲ့ အကြံနဲ့ အဖြည့်ဂါထာကို ဆက်ပြီး စဉ်းစားတဲ့အခါမှာ –

တဉ္စ ဟုတွာ အဘာဝေန
ဥဒယဗ္ဗယပီဠနာ။
အဝသဝတ္တနာ နိစ္စံ
ဒုက္ခာ နတ္တာဝ ကေဝလံ။

ဆိုတဲ့ ဂါထာနှင့် –

နာမ်ရုပ်တရား
ဤနှစ်ပါးလည်း
ရှည်လျားကာလ
မတည်ကြဘဲ
ခဏဖြစ်လျက်
ခဏပျက်၍
နှိပ်စက်ခြင်းရာ
လိုမပါဘူး
သဘာဝအား
ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ
အနိစ္စသည်
ဒုက္ခ အနတ္တချည်းပါတကား …

ဆိုတဲ့ ဒီလင်္ကာစာပိုဒ် အလွယ်နှင့် ဉာဏ်ထဲမှာ ထင်လာပြီး ရေးသားမိပါသည်။
(ဤလင်္ကာကား ‘ယနေ့ တရားပွဲကျင်းပတဲ့ ၁၃၄၅-ခုနှစ်’က ထောက်လျှင် လွန်ခဲ့တဲ့ ၁၃၀၁-ခုနှစ်လောက်က ရေးခဲ့တာဖြစ်လို့ နှစ်ပေါင်း ၄၃-နှစ်လောက် ကြာခဲ့ပါပြီ။ ယခု ၂၀၀၈-ခု/၁၃၇၀-ခုတွင် ၆၉-နှစ် ကြာခဲ့ပြီ ဖြစ်၏။)

ဖော်ပြပါ ‘တဉ္စ ဟုတွာ အဘာဝေန’ ဂါထာ၏ အနက်ကား –

တဉ္စ=နာမ်ရုပ်တရား ထိုနှစ်ပါးသည်လည်းပဲ
ဟုတွာ အဘာဝေန=ဖြစ်ပြီးလျှင် ပျက်တတ်သော အနက်သဘောကြောင့်
ကေဝလံ အနိစ္စံဝ=သက်သက်ဧကန် အနိစ္စမှန်စွာ့တကား
ဥဒယဗ္ဗယ ပီဠနာ=ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အတင်းအကြပ် နှိပ်စက်အပ်ရကား
ကေဝလံ ဒုက္ခံဝ=သက်သက်ဧကန် ဒုက္ခမှန်စွာ့တကား
အဝသဝတ္တနာ=အလိုသို့ မလိုက်ပါသောကြောင့်
ကေဝလံ အနတ္တာဝ=သက်သက်ဧကန် အနတ္တမှန်စွာ့တကား …
လို့ အဲဒီလို ပါဠိနဲ့ မြန်မာ အနက် အဓိပ္ပာယ် ရှိပါတယ်။

ဒီအချက်ကို ပါဠိလို မလေ့လာရတဲ့ ယခု တရားနာ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အလွယ်တကူ သိဖို့ရန် “ရုပ်နာမ်တရား၊ ဤနှစ်ပါးလည်း” အစရှိတဲ့ ဒုတိယ လင်္ကာစာပိုဒ်ကို ဓမ္မလက်ဆောင် ဖြန့်ဝေပေးထားခြင်း ဖြစ်ပါတယ်။

ထိုလင်္ကာအတွက် အနက် အဓိပ္ပာယ် စဉ်းစားကြည့်ကြရအောင်။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း၊ ရှည်လျားကာလ၊ မတည်ကြဘဲ –
နာမ်တရား ရုပ်တရား ဒီနှစ်ပါးဟာ ကာလရှည်ရှည် မတည်ကြဘူး။ ဘာကို ကြည့်ရမလဲ။ ကိုယ့်အသံတွေကို ပြန်ပြီး ဉာဏ်နဲ့ ဆင်ခြင်ကြည့်။
‘သြကာသ သြကာသ’လို့ ဆိုတဲ့အခါမှာ ‘ကာ’ရောက်တော့ ‘သြ’ဆိုတဲ့ အသံ ချုပ်ပျောက်ပြီ။
‘သ’ရောက်တော့ ‘ကာ’ဆိုတဲ့ အသံ ချုပ်ပျောက်ပြီ။
နောက် ‘သြ’ရောက်တော့ ‘သ’အသံ ချုပ်ပျောက်၊ ‘ကာ’ရောက်တော့ ‘သြ’အသံ ချုပ်ပျောက်၊ ‘သ’ရောက်တော့ ‘ကာ’အသံ ချုပ်ပျောက်၊
အို .. တသံပြီး တသံ ချုပ်ပျောက်ကြပုံကို ဉာဏ်နဲ့ ဆင်ခြင်ကြည့်ပါ။
အင်မတန် သိသာပါတယ်။
ကာလရှည်ရှည် မတည်ကြဘူး။

အိမ်ကျတော့ ကာလရှည်ရှည် တည်အောင် ပြုလုပ်ကြည့်ပါ။
ဥသြဆွဲသလို ‘သြ’ဆိုတဲ့ အသံကို အကြာကြီး ဆွဲကြည့်။
ဘယ်တော့မှ ‘သြ’ဆိုတဲ့ အသံအတိုင်း ကြာကြာ မတည်ဘူး။
နောက်ပိုင်းလဲကျရော ‘ဝေါ ..’ဆိုတဲ့ အသံပဲ ရှိတော့မယ်။ ‘သြ’သံ မဟုတ်တော့ဘူး။
အမှန်တကယ်တော့ ‘သြ’ဆိုတဲ့ အသံဟာ ‘လျှပ်စီးနှစ်ပြက်’ ‘လက်ဖျောက်နှစ်တွတ်’ ‘မျက်တောင်နှစ်ခတ်’ အချိန်လောက်ပဲ ရှိတယ်။
သူ့အချိန်ကျရင် သူက ချုပ်သွားတာပဲ။
မိမိက အရှည်ကြီး ဖြစ်နေအောင် ဆိုမယ်ဆိုပေမယ့် ‘သြ’ကတော့ မရှည်ဘူး။
ဒါကြောင့် ‘ရှည်လျားကာလ၊ မတည်ကြဘဲ’လို့ နှလုံးသွင်းခိုင်းတာ။

ဒီ ‘သြ’ဆိုတဲ့ အသံဟာ ဘာကြောင့် ကြာကြာ မတည်သလဲလို့ မေး၊
အဖြေကတော့ အသံရုပ်သာ မဟုတ်ဘူး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေ
ရုပ်လေးမျိုးစလုံးရော၊ စိတ် စေတသိက်ဆိုတဲ့ နာမ်တရားများပါ အားလုံး နာမ်ရုပ်တရားနှစ်ပါးတို့ ကြာကြာ မတည်ကြပါဘူး။

ကြာကြာ မတည်ကြတာကတော့
သူတို့ကို ဖြစ်စေတဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ဝတ္ထုအာရုံဆိုတဲ့ သူတို့နဲ့ အကြောင်းတရားတွေကိုက ကြာကြာ မတည်တဲ့ အနိစ္စအကြောင်းတရားတွေဖြစ်လို့
အနိစ္စအကြောင်းတရားတွေကြောင့်ဖြစ်တဲ့ ရုပ်နာမ်နှစ်ပါးလည်းပဲ အနိစ္စပင် ဖြစ်ပါတော့သည်။

“အနိစ္စ သမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော နိစ္စံ ဘဝိဿတိ” စတဲ့ ဒေသနာတော်အတိုင်းပင် ဖြစ်ပါတယ်။

လင်္ကာထဲမှာ ‘ခဏဖြစ်လျက်၊ ခဏပျက်၏’လို့ ဆိုတာက အနိစ္စဉာဏ်ပေါ်အောင် အခြေခံ ဉာဏ်ပျိုးပေးတာ ဖြစ်တယ်။

နှိပ်စက်ခြင်းရာ-ဆိုတာက
ဒုက္ခဉာဏ်ပေါ်အောင် အခြေခံဉာဏ်ကို ပျိုးပေးခြင်း ဖြစ်ပါတယ်။
ရုပ်နာမ်တရားတို့ရဲ့ ဖြစ်-တည်-ပျက် ဆိုတဲ့ ခဏငယ်သုံးချက် အသက်တည်နေရာမှာ –
ဖြစ်တယ်ဆိုတဲ့ ဥပါဒ်ခဏမှာ ဇာတိမီး တညီးညီး တပြောင်ပြောင် အတောက်လောင် ခံနေရတယ်။
တည်တယ်ဆိုတဲ့ ဌီခဏမှာ ဇရာမီး၊
ပျက်တယ်ဆိုတဲ့ ဘင်ခဏမှာ မရဏမီး တညီးညီး တပြောင်ပြောင် အတောက်လောင် ခံနေရတယ်။

ဥပါဒ်ခဏမှာ ဇာတိမီးက နှိပ်စက်၊
ဌီခဏမှာ ဇရာမီးက နှိပ်စက်၊
ဘင်ခဏမှာ မရဏမီးက နှိပ်စက်
အဲဒီလို ခဏငယ်သုံးချက် အသက်ရှိနေသမျှ မီးသုံးပါး အနှိပ်စက်ခံရပြီး ချုပ်ပျောက်သွားရတဲ့ ဒီရုပ်နာမ်တရားကို ဘယ်မှာ သုခလို့ ဆိုသင့်တော့အံနည်း။
ဒုက္ခလို့သာ ဆုံးဖြတ်ချက် ချရမည် ဖြစ်ပေတယ်။

လိုမပါဘူး-
ဒါက အဝသဝတ္တနဌေန-အလိုသို့ မလိုက်ပါခြင်းဟူသော အနက်သဘောကြောင့် အနတ္တပါတကား .. လို့ အကြောင်းအကျိုး လုံလောက်စွာ နှလုံးသွင်းနိုင်အောင် ဖော်ပြတာ ဖြစ်တယ်။

ခဏဖြစ်လျက်
ခဏပျက်၏
နှိပ်စက်ခြင်းရာ
လိုမပါဘူး
သဘာဝအား
ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ
အနိစ္စသည်
ဒုက္ခ အနတ္တချည်းပါတကား …

ခဏတွင်း ဖြစ်၍ ခဏအတွင်း ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စပါတကား …
အဖြစ်အပျက်တို့ဖြင့် အနှိပ်စက်ခံရသော အနက်သဘောကြောင့် ဒုက္ခပါတကား …
အလိုသို့ မလိုက်ပါသော အနက်သဘောကြောင့် အနတ္တပါတကား …
အဖြစ်အပျက်တို့ဖြင့် အနှိပ်စက်ခံရသော အနက်သဘောကြောင့် အနတ္တပါတကား …
ဤကဲ့သို့ နှလုံးသွင်းကြပါ။

ဤကဲ့သို့ နှလုံးသွင်းလျှင် သမ္မသနဝိပဿနာဉာဏ်အစ ထူထောင်မိပြီး အဲဒီ သမ္မသနဉာဏ် ထူထောင်မိလျှင် နောက်မဆုတ်နဲ့။
ရှေ့ကို အဆင့်ဆင့် ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ် အစရှိတဲ့ ဝိပဿနာဉာဏ်တွေ တဆင့်တက်ပြီး တဆင့် သမ္မသနဉာဏ်လှေကားက တက်သွားရင် ရောက်လိမ့်မယ်။

ပထမတော့ အဲဒီ သမ္မသနဉာဏ် လှေကားကို ရောက်အောင် တက်ကြစမ်းပါ သွားကြစမ်းပါလို့ပဲ ဘုန်းကြီး တိုက်တွန်းပါရစေ။

အဲဒီ တရားနာပရိတ်သတ်တို့ရဲ့ လက်ထဲမှာ ထည့်ထားတဲ့ ဓမ္မလက်ဆောင်အနေနဲ့ ပြောဆိုလိုတာ ပြီးပါပြီ။

Leave a Reply