မလွဲတံထွာ ဓမ္မတာ – (၁)


အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)ရဲ့ ဥက္ကဌ ဦးဟန်ကြူ ကွယ်လွန်တာ ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက်နေ့ဆို ၂-နှစ် ပြည့်ပါပြီ။

ဦးဟန်ကြူဟာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းရယ်လို့ ၁၉၈၁-ခုနှစ် သြဂုတ်လ ၂၁-ရက်နေ့မှာ တရားဝင်ဖြစ်လာခဲ့တဲ့နေ့က စပြီး၊ သူကွယ်လွန်တဲ့ ၂၀၀၇-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက်နေ့ထိ အသင်းရဲ့ ဥက္ကဌတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ သူပါ။
“ဗုဒ္ဓမြတ်စွာ သာသနာ၊ ကမ္ဘာပြန့်ရမည်”ဆိုတဲ့ အသင်းရဲ့ဆောင်ပုဒ်နဲ့အညီ ဆရာ ဒကာ လက်တွဲညီညာ သာသနာအကျိုးပြု လုပ်ငန်းရပ် များစွာကို ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းဆိုတာ နယူးယောက်မြို့မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ မြန်မာပြည်ဖွား မိသားစုများရဲ့ ဗုဒ္ဓဘာသာအသင်းတစ်ခု ဖြစ်ပါတယ်။
အသင်းစတည်ထောင်ပြီး နေရာထိုင်ခင်း အဆောက်အဦဆိုတာ မရှိသေးတော့ ဦးဟန်ကြူက သူ့ရဲ့ ပဲပြားစက်ရုံ အပေါ်ထပ်ကို ယာယီကျောင်းအဖြစ် အသုံးပြုစေခဲ့တာပါ။
အဲဒီနောက် ၁၉၉၁-ခုနှစ် စက်တင်ဘာလ ၁-ရက်နေ့မှာတော့ လက်ရှိ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း တည်ရာဖြစ်တဲ့ ဘရုတ်ကလင် ဘားဂင်းလမ်း အမှတ်(၆၁၉) လေးထပ်အဆောက်အဦကို ရေစက်ချ လှူဒါန်းခဲ့ပါတယ်။

နယူးဂျာစီပြည်နယ် မနာလပန်-အင်္ဂလစ်ရှ်တောင်းမှာရှိတဲ့ မဟာစည်သတိပဋ္ဌာန်ရိပ်သာ တည်ထောင်တာ၊ လောကချမ်းသာစေတီတော် တည်ထားကိုးကွယ်တာတွေမှာလဲ ဆရာတော်တွေနဲ့အတူ ဦးဆောင် ပါဝင်ခဲ့ပါတယ်။
လောကချမ်းသာစေတီတော်အတွက် ထီးတော်၊ ခေါင်းလောင်း ဆည်းလည်းတွေ၊ ကျောက်ဆင်းတုတော်၊ ခြင်္သေ့တွေအတွက်ဆိုရင်လဲ ဗမာပြည်ကို အခေါက်ခေါက် အခါခါ သွားရောက် မှာယူ ဆောင်ရွက်ခဲ့ရတာပါ။
သူ မကွယ်လွန်မီ နှစ်လခန့်အလိုမှာပဲ လောကချမ်းသာစေတီတော်အတွက် ထီးတော်ကို လောကချမ်းသာဆရာတော်နဲ့အတူ ဗမာပြည်ကနေ ကိုယ်တိုင်ကိုယ်ကျ သယ်ယူလာခဲ့ပါသေးတယ်။


နယူးဂျာစီကျောင်း ကထိန်ပွဲမှာ သင်္ကန်းကပ်နေတဲ့ ဦးဟန်ကြူ

မြန်မာနိုင်ငံကနေ ဓမ္မဒူတခရီး ကြွရောက်တော်မူလာကြတဲ့ ဆရာတော်ကြီးတွေ၊ လောကချမ်းသာ ဘုရားကျောင်းမှာ သီတင်းသုံးနေကြတဲ့ ဆရာတော်တွေရဲ့ ကြွလိုရာခရီး အနီးအဝေး မှန်သမျှအတွက်လည်း တာဝန်ယူ ပို့ဆောင်ပေးရေးအတွက် ဝန်မလေး အမြဲလိုလို ဆောင်ရွက်ပေးခဲ့သူ ဖြစ်တယ်။

နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရုံးမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဗုဒ္ဓနေ့အခမ်းအနား ( United Nations Day of Vesak Celebrations ) ကိုလည်း လောကချမ်းသာဆရာတော် ဦးဆောင်တဲ့ အေဘီဘီအေ ဆရာတော် သံဃာတော်များနဲ့အတူ အမြဲ တက်ရောက်ခဲ့ပါတယ်။

အခြား လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွေ၊ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ပွဲတွေကိုလည်း ကိုယ်တိုင် တက်ရောက်၊ ကူညီပံ့ပိုးခဲ့ပါတယ်။

အေဘီဘီအေအသင်းနဲ့ ဦးဟန်ကြူဟာ ခေါင်းနဲ့ပန်း တွဲဖက်နေတဲ့ ဒင်္ဂါးပြားတစ်ခုသဖွယ်ပါ။
အေဘီဘီအေအသင်းအတွက်၊ အသင်းရဲ့ ဆရာတော် သံဃာတော်တွေအတွက်ဆိုရင် သူ့ရဲ့ မိသားစုကိစ္စ စီးပွားရေးကိစ္စတွေကိုတောင် ဒုတိယနေရာမှာ ထားပြီး စေတနာ သဒ္ဓါတရားအပြည့်နဲ့ ဆောင်ရွက်ပေးခဲ့တဲ့ သူပါ။
သူ့ကိုယ်ပိုင်အချိန်တွေနဲ့ လုပ်အား အတော်များများကို အသုံးပြုခဲ့ရုံမျှသာမက တခါတရံ ကိုယ်ပိုင်ငွေကြေးကိုလဲ အိတ်စိုက် အသုံးပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လဲ ဆေးရုံတွေ ဆေးခန်းတွေ၊ ပရဟိတကျောင်းတွေ မူလတန်းကျောင်းတွေမှာ လှူဒါန်းခဲ့တာ မနည်းပါဘူး။
ရေအခက်အခဲရှိတဲ့ မူလတန်းကျောင်းတွေ အရပ်ဒေသတွေမှာ အဝီစိရေတွင်းပေါင်း ၂၀-ကျော် လှူဒါန်းခဲ့ပါတယ်။
၂၀၀၂-ခုနှစ်မှာ မြန်မာနိုင်ငံအစိုးရက ဦးဟန်ကြူကို ‘သိရီသုဓမ္မမဏိဇောတဓရ’ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

၂၀၀၆-ခုနှစ် အေဘီဘီအေအသင်း ငွေရတုသဘင် အထိမ်းအမှတ်ပွဲမှာ ဦးဟန်ကြူ နှုတ်ခွန်းဆက်စကားပြောတော့ သူ့အမြော်အမြင်တွေကို ထည့်သွင်းပြောသွားတာ အမှတ်ရပါသေးတယ်။

“ဗုဒ္ဓသာသနာ နေလိုလလို ထွန်းလင်းပြန့်ပွား အရှည်တည်တံ့ဖို့ ဆရာတော် သံဃာတော်များရဲ့ ဦးဆောင် လမ်းညွှန်မှုအောက်မှာ ဓမ္မမိတ်ဆွေများနဲ့ ကျွန်တော်တို့တတွေ ခုလို ဘုရားပုထိုး သိမ်ကျောင်း တန်ဆောင်း စတဲ့ သာသနာ့အဆောက်အအုံများကို အုတ်မြစ်ချ တည်ဆောက်နေကြခြင်းဟာ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေအတွက် ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ လက်ဆင့်ကမ်းပေးသွားရမယ့် တာဝန်ကို ထမ်းဆောင်နေကြခြင်းပဲ ဖြစ်ပါတယ်”တဲ့။


အေဘီဘီအေငွေရတုအထိမ်းအမှတ်ပွဲ

အမေရိကန်ရောက် ဗုဒ္ဓဘာသာသမိုင်းကို မှတ်တမ်းရေးမယ်ဆိုရင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းဟာ ထည့်ရေးရမယ့် အကြောင်းအရာ တစ်ခုပါ။
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းအကြောင်း ရေးမယ်ဆိုရင်လဲ ဦးဟန်ကြူအကြောင်း မပါလို့ မပြီးပါဘူး။
လူသေပေမယ့် နာမည်တွင်ကျန်ရစ်ခဲ့တဲ့သူတစ်ဦး ..
သူလိုလူမျိုး အစားထိုးဖို့ ခက်တဲ့သူတစ်ဦး …
အမြဲ .. အမှတ်ရနေကြရမယ့်သူတစ်ဦးပါ။

စောဝင်း

Leave a Reply