ဦးဟန်ကြူ (သို့မဟုတ်) မေ့မရနိုင်သူတစ်ဦး



ဦးဟန်ကြူဟာ အမေရိကန်မှာ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေးအရ အောင်မြင် ကြီးပွား တိုးတက်လာခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော၊ ‘ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ရမည်’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သာသနာတော် တည်တံ့ပြန့်ပွားရေးမှာ နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့သူ ထောက်ပံ့လာခဲ့သူတစ်ဦးအနေနဲ့ရော အတုယူ အားကျဖွယ်၊ ချီးကျူး ဂုဏ်ယူဖွယ်၊ လေးစားဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။

ဦးဟန်ကြူနဲ့ စဆုံဆည်းတာကလဲ လောကချမ်းသာဘုရားကျောင်းမှာပါ။
ဦးဟန်ကြူက ဘိတ်(မြိတ်)သားဆိုတော့ အေဘီဘီအေ ဆောင်ပုဒ်ဖြစ်တဲ့ ‘ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ရမည်’ကို သူ ဘိတ်သံနဲ့ဆိုတာ ကြားရရင် အင်မတန် နှစ်သက်ဖို့ ကောင်းပါတယ်။
စကားပြောရင် ရီရီမောမောနဲ့ စကားကို အဆုံးသတ်တတ်တယ်။

သူနဲ့ နောက်ဆုံးဆုံလိုက်ရတာကတော့ ၂၀၀၇-ခုနှစ် ဖေဖော်ဝါရီလ ၄-ရက် အေဘီဘီအေအသင်း လစဉ် အစည်းအဝေးမှာပါ။
အဲဒီတုန်းက ၂၀၀၇-ခုနှစ် မေလထဲမှာ ကျင်းပမယ့် လောကချမ်းသာစေတီတော် ထီးတော်တင်ပွဲအတွက် အလုပ်များနေကြတဲ့ အချိန်လဲ ဖြစ်တယ်။
မှတ်မှတ်ရရ .. ‘ဦးလေး .. ထည့်နေကျ လစဉ် အလှူငွေ ထည့်အုန်းနော်’ လို့ သတိပေးတော့၊ ပိုက်ဆံအိတ် ချက်ချင်းထုတ်ကာ အလှူငွေ ထည့်ပါတယ်။
‘ဒီမှာ .. ဒီမှာ .. လစဉ် အလှူငွေကောက်မယ့်လူက လက်ညှိုးတထိုးထိုးနဲ့ မမေ့ဘူးနော်၊ မထည့်ရသေးတဲ့သူတွေ ထည့်ကြအုန်း’ ဆိုပြီး ရီရီမောမောနဲ့ တခြားသူတွေကို တိုက်တွန်း နှိုးဆော်လိုက်ပါသေးတယ်။

အစည်းအဝေးပြီးတော့ ဘုရားခန်း အဝင်အဝနားလေးမှာ ဦးစောဝင်းနဲ့ မိမိကို လောကချမ်းသာဆရာတော်ရဲ့ ကျန်းမာရေးအကြောင်း ပြောပြနေပါသေးတယ်။
၂၀၀၆-ခုနှစ် ဒီဇင်ဘာလထဲမှာ လောကချမ်းသာဆရာတော်နဲ့ ဦးဟန်ကြူတို့ လောကချမ်းသာစေတီတော်ရဲ့ ထီးတော်ကို ဗမာပြည် သွားရောက် ပင့်ဆောင်တော့
ဗမာပြည်မှာ ရှိနေကြစဉ်အတွင်း တစ်ရက်မှာ အစာအဆိပ်ဖြစ်လို့ ဆရာတော် မကျန်းမမာဖြစ်တဲ့အကြောင်း၊ ဆရာတော်ရဲ့ ကျန်းမာရေးကို စိုးရိမ် ပူပန်မိတဲ့အကြောင်း။

အဲဒီလို စိုးရိမ်ပူပန်တတ်သူကပဲ အရင်ဆုံး ခွဲခွာသွားတတ်တာ သဘာဝပဲလား မသိဘူး။
၂၀၀၇-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက်နေ့မှာ ဦးဟန်ကြူဆုံးတဲ့အကြောင်း ဆရာတော်က ဖုန်းဆက် အကြောင်းကြားပါတယ်။
သေခြင်းတရားနဲ့ပတ်သက်ရင် သာမန် လူပုဂ္ဂိုလ်တွေထက် ပိုပြီး ဆင်ခြင်တုံတရားရှိတဲ့ ဆရာတော်ရဲ့ အသံဟာ အတော်လေး အားလျော့နေပါတယ်။
နှစ်ပေါင်းများစွာ အနီးကပ်နေ ထောက်ပံ့ လက်တွဲလာခဲ့တဲ့ ဒကာရင်းတစ်ယောက် မဟုတ်လား။
ဆရာတော်က ဦးဟန်ကြူကို ဘယ်သူမဆို အကူအညီတောင်းလာရင် ‘နိုး’မပြော၊ ‘ရက်စ်’သာ ပြောတတ်လို့ ‘Mr. Yes-Man’လို့ အမည်ပေးထားပါတယ်။
ဦးဟန်ကြူရဲ့ တစ်လပြည့် ဆွမ်းကပ်လှူပွဲမှာ ‘အေဘီဘီအေဥက္ကဌကြီး ဦးဟန်ကြူ’ဆိုပြီး ဆရာတော်က လက်ကမ်းစာစောင်လေး ဖြန့်ဝေခဲ့ပါသေးတယ်။

၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက် ဆို ဦးဟန်ကြူ ကွယ်လွန်တာ ၂-နှစ် ပြည့်ပါပြီ။
သူ့ ရီမောသံလေးတွေကို ကြားယောင်နေဆဲပါ။
‘ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ရမည်’ တာဝန်ကို နောက်လူတွေ လက်ဆင့်ကမ်း ထမ်းဆောင်နေကြလျက်ပါ။

(ဦးဟန်ကြူရဲ့ sketch ကို မိတ်ဆွေ မင်းကျော်ခိုင်က မေတ္တာနဲ့ ဆွဲပေးပါတယ်။)

Leave a Reply