မရဏုပ္ပတ္တိ – သေခြင်းဖြစ်ပုံ (၁)

၂၀၁၀ ခုနှစ် ဇွန်လ ၅ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း သင်ခန်းစာ အပတ်စဉ် (၃၅) နှင့် (၃၆) – သေခြင်းဖြစ်ပုံအကြောင်းအရာကို လေ့လာ သင်ယူကြရသည်။

ယခုအပတ်တွင်လည်း ရှေးလာမည့် အပတ် ဇွန် ၁၂-၁၃ စနေ-တနင်္ဂနွေရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ မြောက်ဦးဆရာတော်၏ တရားစခန်းနှင့် တရားပွဲများ ရှိနေသောကြောင့် နှစ်ပတ်စာသင်ခန်းစာကို နာယူ မှတ်သားကြရ၏။
+++++
ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။

(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။

အသက်တမ်းကို ‘မီးစာ’၊ ကံစွမ်းကို ‘ဆီ’၊ “ဆီမီး”ဥပမာဖြင့် ပုံနှိုင်းကြ၏။
မီးစာကုန်၍ မီးသေခြင်း၊ ဆီကုန်သဖြင့် မီးသေခြင်း၊ မီးစာ, ဆီ နှစ်မျိုးလုံးကုန်သဖြင့် မီးငြိမ်းခြင်း၊ မီးစာ, ဆီ မကုန်သေးသော်လည်း လေပြင်းတိုက်သဖြင့် မီးငြိမ်းခြင်း၊ တမင်ငြိမ်းသတ်ခြင်း စသည် ဖြစ်၏။

သက်တမ်းကုန်, ကံစွမ်းကုန်, အသက်တမ်း-ကံစွမ်းကုန် သေခြင်းမျိုးကို အချိန်ကာလနှင့်အညီ သေကြရသဖြင့် ‘ကာလမရဏ’ဟု ခေါ်၏။
ဥပစ္ဆေဒကကံဖြင့် သေခြင်းမျိုးဖြစ်သော ရေနစ်သေခြင်း, ကားတိုက်သေခြင်း, အဆိပ်သောက်သေခြင်းမျိုးကို ‘အကာလမရဏ’ဟု ခေါ်၏။

သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။

ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။

ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော (မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။
ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။

ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။
“တိုက်ရိုက်ကြုံရသော အာရုံ” = ဥပလဒ္ဓနိမိတ် (ပါဠိ) (ဥပမာ – ကျောင်းဆောက်ရာ၌ ကျောင်း), “အခြံအရံဖြစ်သော အာရုံ”= ဥပကရဏနိမိတ် (ပါဠိ) (ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့ ထင်ပေါ်တတ်၏။
အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ ဒွါရခြောက်ပါး၌ ထင်၏။

ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။
“တိုက်ရိုက်ရောက်မည့် အရပ်၏ အာရုံ” = ဥပလဘိတဗ္ဗ (ပါဠိ) (ဥပမာ – အမိဝမ်းရေ၊ ငရဲဘုံ), “ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ” = ဥပဘောဂ (ပါဠိ) (ဥပမာ – လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး)ပေါ်တတ်၏။
အများအယူအဆအရ ရူပါရုံဖြစ်သည်ဟု ဆို၏။ ရူပါရုံဖြစ်လျှင် စက္ခုဒွါရ၌ ဖြစ်မည် ဖြစ်၏။ မနောဒွါရဖြင့် ယူအပ်ကြောင်းလည်း ဆို၏။

+++++

သေခါနီး စိတ်အစဉ်

ကံ, ကမ္မနိမိတ်, ဂတိနိမိတ် အာရုံပေါ်ပြီး၊ အကျိုးပေးလတံ့သော ကံအားလျော်စွာ
ကုသိုလ်ကံကအကျိုးပေးမည်ဆိုလျှင် စင်ကြယ်သော စိတ်အစဉ်၊
အကုသိုလ်ကံက အကျိုးပေးမည်ဆိုလျှင် ညစ်နွမ်းသော စိတ်အစဉ်သည် နောက်ရောက်လတံ့သော ဘဝသို့ ညွှတ်ကိုင်းနေသကဲ့သို့ များသောအားဖြင့် ဖြစ်တတ်၏။

ထိုသို့ စိတ်အစဉ်ဖြစ်နေစဉ် –
“စင်ကြယ်သော စိတ်အစဉ်”သည် မကောင်းသည်ကို သတိရ၍, အနီးနေပုဂ္ဂိုလ်များ၏ လောဘ ဒေါသစကားများ ကြားရ၍ “မကောင်းသော စိတ်အစဉ်”အဖြစ် ပြောင်းလဲသွားနိုင်၏။
“မစင်ကြယ်သော စိတ်အစဉ်”ဖြစ်နေရာမှလည်း ရှေးက ပြုခဲ့ဖူးသော ကောင်းမှုကို သတိရ၍, ပရိတ်တရားတော်နာကြားရ၍, ရဟန်းသံဃာကို ဖူးတွေ့ရ၍ “ကောင်းသော စိတ်အစဉ်”သို့ ပြောင်းလဲသွားနိုင်၏။

သောဏမထေရ်၏ဖခင်၊ ယခင် မုဆိုးလုပ်လာခဲ့ပြီး ကြီးမှ ရဟန်းဝတ်သူမှာ သေခါနီး ငရဲနိမိတ်ထင်၍ သားဖြစ်သူ သောဏမထေရ်က ဘုရားရင်ပြင်၌ ဘုရားပန်းများ လှူဒါန်းစေသဖြင့် စင်ကြယ်သော စိတ်အစဉ်သို့ ပြောင်းကာ နတ်ပြည်၌ ဖြစ်ရ၏။

ကျောင်း, ဇရပ်, တန်ဆောင်း, ရေတွင်း ရေကန်ပေါင်း မြောက်မြားစွာ လှူဒါန်းခဲ့သူ၊ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်ခဲ့သူ အသောကမင်းကြီးမှာ သေခါနီး ဖန်းခါးသီးတစ်ခြမ်းမျှသာ ပိုင်ဆိုင်သော စိတ်နှလုံးမသာမယာဖြစ်မှုကြောင့် မြွေကြီးဖြစ်ရပြီး၊ သားတော် မဟိန္ဒမထေရ်ကြောင့် အချိန်ကာလ မကြာရှည်ဘဲ ကျွတ်လွတ်သွားကြောင်း သိရ၏။

ကံအာရုံထင်ပုံ တစ်နည်းမှာ ကံကို အသစ်ပြုနေရသကဲ့သို့ မနောဒွါရတွင် ထင်လာခြင်း ဖြစ်၏။
ယခုပင် အလှူကို ပေးလှူနေရသကဲ့သို့၊ အကုသိုလ်ကံဖြစ်လျှင်လျှင် ယခုပင် သတ်နေ ဖြတ်နေသကဲ့သို့ ထင်ထင်ရှားရှား ပေါ်လာတတ်၏။

ဤကဲ့သို့ စိတ်အစဉ်များဖြစ် အာရုံများထင်ပေါ်ပြီးသော် သေသော စုတိစိတ် မရဏာသန္နဝီထိ ဖြစ်၏။

စုတိစိတ် = ပစ္စုပ္ပန်ဘဝ၏ နောက်ဆုံးစိတ်
စုတိ = လျောကျသွားသည် ဟု အဓိပ္ပာယ်ရ၏။

+++++

မရဏာသန္နဝီထိ

မရဏာသန္နဝီထိဖြစ်ပြီး စုတိစိတ်ကျသည်လည်း ရှိသည်။
မရဏာသန္နဝီထိဖြစ်ပြီး ဘဝင်စိတ်ဖြစ်ကာ၊ ပြီးမှ စုတိစိတ်ကျသည်လည်း ရှိသည်။

အချုပ်အားဖြင့် မရဏာသန္နဝီထိ ၄-မျိုး ရှိ၏။

(၁) ဇောနောင် စုတိကျသော ဝီထိ
(၂) ဇော —> တဒါရုံနောင် စုတိကျသော ဝီထိ
(၃) ဇောနောင် ဘဝင်နောင် စုတိကျသော ဝီထိ
(၄) ဇော —> တဒါရုံနောင် ဘဝင်နောင် စုတိကျသော ဝီထိ

စုတိစိတ် ချုပ်ပြီးနောက် ဘာမှ မခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ် ဖြစ်သည်။
ပဋိသန္ဓေစိတ် ဖြစ်လျှင်ဖြစ်ချင်း ဘဝသစ် ဖြစ်လေတော့သည်။

ထိုပဋိသန္ဓေစိတ်သည် –

  • မရဏာသန္နဇောယူသော အာရုံကိုပင် အာရုံပြုသည်။
  • ကာမဘုံ၊ ရူပဘုံ၌ဖြစ်လျှင် မှီရာဝတ္ထုရုပ် ရှိသည်။
  • အရူပဘုံ၌ ဖြစ်လျှင် မှီရာဝတ္ထုရုပ် မရှိ။
  • အဝိဇ္ဇာနုသယ ခြံရံလျက် တဏှာနုသယ အရင်းခံရှိသော ကံကြောင့် ဖြစ်သည်။
  • ဖဿစသော သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်သည်။
  • သမ္ပယုတ်တရားတို့၏ ရှေ့သွားခေါင်းဆောင်ကဲ့သို့ ဖြစ်သည်။
  • ဘဝတစ်ပါးကို စပ်ပေးတတ်သောကြောင့် “ပဋိသန္ဓေ” အမည်ရသည်။

+++++

ပဋိသန္ဓေစိတ်၏ အာရုံ

ကာမာဝစရပဋိသန္ဓေ၏ အာရုံသည် –

  • မနောဒွါရဖြင့် ယူအပ်သော အတိတ်ကံ ဓမ္မာရုံ၊
  • ခြောက်ဒွါရဖြင့် ယူအပ်သော အတိတ်, ပစ္စုပ္ပန် ကမ္မနိမိတ် အာရုံ ၆-ပါး
  • မနောဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန် ဂတိနိမိတ် ရူပါရုံ ဖြစ်သည်။

ရူပါဝစရပဋိသန္ဓေ၏ အာရုံသည် ပညတ်ကမ္မနိမိတ် ဖြစ်သည်။

အရူပါဝစရပဋိသန္ဓေ၏ အာရုံသည် ပညတ် သို့မဟုတ် မဟဂ္ဂုတ် (အတိတ်) ကမ္မနိမိတ် ဖြစ်သည်။

အသညသတ်ဘုံ၌ကား ဇီဝိတနဝကကလာပ်သည်သာ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏။ ထို့ကြောင့် ထိုသတ္တဝါတို့သည် ရုပ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

အရူပါဝစရသတ္တဝါတို့ကား နာမ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

ကြွင်းသတ္တဝါ (ကာမ၊ ရူပ သတ္တဝါ)တို့ကား ရုပ်နာမ် နှစ်ပါး ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

+++++

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ

ပဋိသန္ဓေစိတ်သည် ဝိပါက်စိတ် ဖြစ်၏။
နောက်နောက်က ပြုခဲ့သော ကံကြောင့် ယခုဘဝတွင် ပဋိသန္ဓေ ဝိပါက်စိတ် ဖြစ်၏။
ထိုကံသည် အဝိဇ္ဇာနုသယခြံရံလျက် တဏှာနုသယအရင်းခံရှိသော ကံ ဖြစ်၏။

အဝိဇ္ဇာ = မောဟ
တဏှာ = လောဘ
အနုသယ = ကိန်းသည်

‘အဝိဇ္ဇာ’နှင့် ‘တဏှာ’ – နှစ်ပါးတို့ကို အရင်းခံပြီး သတ္တဝါများ၌ ကုသိုလ်ကံ အကုသိုလ်ကံတို့ ဖြစ်ကြရ၏။

အကုသိုလ်ကံက အဝိဇ္ဇာနှင့် တဏှာကို အမှီပြု၍လည်း ဖြစ်၏။ အတူတကွ ယှဉ်တွဲ၍လည်း ဖြစ်၏။

ကုသိုလ်ကံကမူ အဝိဇ္ဇာနှင့် တဏှာကို အမှီပြုပြီး ဖြစ်၏။ သို့သော် အတူတကွ ယှဉ်တွဲ၍ မဖြစ်။

အဝိဇ္ဇာနှင့် တဏှာ ဝဋ်မြစ်ပြတ်ပြီးသော ရဟန္တာတို့မှာ ကုသိုလ်စိတ်အစား ကြိယာစိတ်သာ ဖြစ်၏။

+++++

မရဏာသန္နဝီထိ ဖြစ်ပုံ

မရဏာသန္နဝီထိ အမျိုးမျိုး ရှိ၏။
ပစ္စုပ္ပန်ရူပါရုံက စက္ခုဒွါရ၌ ထင်၍ ဖြစ်သော မရဏာသန္နဝီထိပုံစံကို ပြရသော် –

အတီတဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> ပဉ္စဒွါရာဝဇ္ဇန်း —> စက္ခုဝိညာဏ် —> သမ္ပဋိစ္ဆိုင်း —> သန္တီရဏ —> ဝုဋ္ဌော —>  ဇော —> ဇော —> ဇော —> ဇော —> ဇော —> စုတိ

မရဏာသန္နဇောမှာ အားနည်းသောကြောင့် ၅-ကြိမ်သာ စော၏။

စုတိပြီးနောက် စုတိ၏အခြားမဲ့၌ ပဋိသန္ဓေစိတ် ဆက်တိုက် ဖြစ်၏။ ထိုနောက် ဘဝင် ၁၅-ကြိမ် သို့မဟုတ် ၁၆-ကြိမ် —> မနောဒွါရာဝဇ္ဇန်း —> ဇော ၇-ကြိမ် (ဘဝနိကန္တိက) —> ဘဝင်များ ဖြစ်၏။

ပဋိသန္ဓေ —> ဘဝင် —> ဘဝင် —> ဘဝင် …….. ဘဝင် (၁၅, ၁၆) —> မနောဒွါရာဝဇ္ဇန်း —>  ဇော ၇-ကြိမ် (ဘဝနိကန္တိက) —> ဘဝင် —> ဘဝင်

မရဏာသန္နဝီထိ၌ ရုပ်သက် (စိတ္တက္ခဏ ၁၇)ကို အတီတဘဝင်မှ စရေတွက်သော် စုတိတိုင်အောင် စိတ္တက္ခဏ ၁၄-ချက်သာ ရှိသေး၏။
ထို့ကြောင့် ဘဝသစ်၌ ပဋိသန္ဓေနှင့် ဘဝင် ၂-ကြိမ်တိုင်အောင် ပစ္စုပ္ပန်ရူပါရုံ ရှိနေသေးသဖြင့် ပဋိသန္ဓေစိတ်နှင့် ဘဝင် ၂-ကြိမ်တို့သည် ထိုပစ္စုပ္ပန်အာရုံကို အာရုံပြုကြသည်။
နောက်ဘဝင်နှင့်တကွ ဘဝသစ်ဘဝင်အားလုံးနှင့် စုတိစိတ်တို့မှာ လွန်သွားပြီဖြစ်သော အတိတ်ရူပါရုံကို အာရုံပြုကြသည်။

ဘဝတစ်ခုနှင့်တစ်ခု အကူး

ဘဝတစ်ခုတွင် ပဋိသန္ဓေ, ဘဝင်, စုတိတို့သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် တစ်ခုကို အာရုံပြု၏။ ပဋိသန္ဓေက ကံကို အာရုံပြုခဲ့လျှင် ဘဝင်, စုတိတို့ကလည်း ၎င်းကံကိုပင် အာရုံပြု၏။

ဒုတိယဘဝ၏ ပဋိသန္ဓေစိတ်မှာ ပထမဘဝ၏ မရဏာသန္နဇောယူသော အာရုံကို ယူ၏။

ထို့ကြောင့် ပထမဘဝ၏ စုတိစိတ်နှင့် ဒုတိယဘဝ၏ ပဋိသန္ဓေစိတ်တို့မှာ အာရုံမတူ။

ဒုတိယဘဝ၏ ပဋိသန္ဓေသည် ယခင်ဘဝများက ပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ရ၏။

ပထမဘဝ၏ စုတိက ဖြစ်စေခြင်း မဟုတ်။ စုတိစိတ်မှာ ဝိပါက်စိတ်ဖြစ်ရာ နောက်ဘဝ ပဋိသန္ဓေကို မဖြစ်စေနိုင်။
စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးခြင်း, နေရာဖယ်ပေးခြင်းသဘောသာ ဖြစ်၏။

ဤဘဝအကူး၌ ပထမဘဝတစ်ခု၏ စုတိနှင့် ဒုတိယဘဝ၏ ပဋိသန္ဓေတို့ အာရုံမတူမှု၊ စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးမှုတို့နှင့် ပတ်သက်၍  မျက်စိလည် အယူအဆ မှားတတ်ကြ၏။

ဘဝတစ်ခုတွင် ပဋိသန္ဓေက ယူသော အာရုံကို ဘဝင်၊ စုတိတို့က ယူ၏။ နောက်ဒုတိယဘဝတစ်ခု၏ ပဋိသန္ဓေစိတ်မှာ ပထမဘဝ၏ မရဏာသန္နဇောယူသော အာရုံကို ယူပြီး ဘဝင်၊ စုတိတို့ကလည်း ထိုအာရုံကိုပင် ယူ၏။ တတိယဘဝ၏ ပဋိသန္ဓေမှာ ဒုတိယဘဝ မရဏာသန္နဇော၏ အာရုံကို ယူ၏။ ကွင်းဆက်တစ်မျိုးစီ သွား၏။

ဘဝသစ်တွင် ပဋိသန္ဓေစိတ်နောက် ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ်ဖြစ်ပြီး၊ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ် (ဘဝနိကန္တိက)ဖြစ်၏။ သတ္တဝါတို့ ဘဝတစ်ခုကို တွယ်တာမှုလောဘဖြင့် အစပြုပြီး မစွန့်လွှတ်နိုင်သဖြင့် အစွဲအလန်းကြီး သံသရာရှည်ကြရ၏။

ဘဝတစ်ခု၏ စုတိနှင့် နောက်ဘဝ ပဋိသန္ဓေ ဆက်စပ်ပုံကို ဝီထိပုံစံဖြင့် ရှင်းပြနိုင်သော်လည်း ရိုးရိုး သာမန် ပြောဆို ရှင်းလင်းသော် ပညတ်နယ်က စကားလုံးများကို မသုံးမဖြစ် အသုံးပြုရ၏။
ဒီဘဝ ကုသိုလ်ပြုလုပ်၍ နောက်ဘဝ နတ်ဖြစ်၊ ဒီဘဝ အကုသိုလ် ပြုလုပ်၍ နောက်ဘဝ ငရဲကျ … စသည် ပြောသော် ဒီဘဝ သတ္တဝါကြီးက သို့မဟုတ် တစ်ခုခုက ပြောင်းရွှေ့သွားသလို ထင်စရာ ဖြစ်၏။

ဝီထိစဉ်ကို ကြည့်သော် စိတ်သည် စိတ္တက္ခဏအတွင်း ဖြစ်ပြီး ချုပ်၊ ရုပ်ကလည်း စိတ္တက္ခဏ ၁၇-ချက်အတွင်း ဖြစ်ပြီး ချုပ်၊ ရုပ်နာမ်တို့ အမြဲတမ်း ဖြစ်ချုပ် ဖြစ်ချုပ်သွားနေကြရာ သဿတအယူ၊ ဥစ္ဆေဒအယူ အစွန်းလွတ်အောင် ယူတတ်ကြရ၏။

+++++

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏”ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင် ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။

ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊ တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။

ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်း မဟုတ်။
ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။

တောင်အနီး၌ ဟစ်အော်သော အသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’ ပြန်ထွက်လာသကဲ့သို့တည်း။
ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ မူလအော်သံနှင့် ကင်းလျက်လည်း မဖြစ်နိုင်။

ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ အကြောင်းများနှင့်လည်း မကင်းနိုင်။

ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် ပထမဆီမီး၏ အဆက်လည်း မဟုတ်၊ ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊
တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်၊ မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။

(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲအဖြစ် ဘော်လ်တီမိုး၊ အရှင်ကေလာသဝိဟာရမှ အရှင်ကစ္စာယနက “ဒုက္ခကင်းဝေး ချမ်းသာရေး”တရားတော်ကို သန္တတိအမတ်ကြီးအကြောင်း၊ ပဋာစာရီအကြောင်းများ ထုတ်ဆောင်ကာ ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

လင်္ကာများ

စိတ်အညစ်အကြေးကို ကင်းစေလို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
စိတ်အညစ်အကြေးကို ကင်းစေလို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ငိုကြွေးမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ငိုကြွေးမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ပူဆွေးမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ပူဆွေးမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ကိုယ်ဆင်းရဲမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ကိုယ်ဆင်းရဲမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

စိတ်ဆင်းရဲမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
စိတ်ဆင်းရဲမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

တရားပွဲပြီးသော် ၁၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

Leave a Reply