ဒေသန္တရခရီးသည်ရဟန်းငါးရာ၊ သေခါနီးစိတ်ဖြစ်ပုံနှင့် `ဆင်းရဲငြိမ်းအေးချမ်းသာရေး´
ဒေသန္တရခရီးသည် ရဟန်းငါးရာတို့သည် မြတ်စွာဘုရား ဒေသစာရီ ကြွရောက်ရာများတွင် မြတ်စွာဘုရား၏ နောက်တော်ပါးက ပါသွားသူများ ဖြစ်ကြလေရာ၊ မြတ်စွာဘုရား၏ ဒေသစာရီ ခရီးစဉ်တလျှောက်လုံး သူတို့အဖို့ ပြောစရာချည်း ဖြစ်၏။
အံ့ဘနန်းဖြစ်စရာချည်း ဖြစ်၏။ ဘယ်ဒေသနှင့် ဘယ်ဒေသ ခရီးအကြားက ဘယ်လို၊ ဘယ်ဒေသနှင့် ဘယ်ဒေသ ခရီးအကြားက ဘယ်ညာ စသည်ဖြင့် သူတို့အဖို့ အချင်းချင်း ပြောစရာ တပြုံတခေါင်းပင် ရှိလေ၏။
တခုသောနေ့၏ ညချမ်းတွင် ဒေသန္တရခရီးသည် ရဟန်းငါးရာတို့သည် တရားဆွေးနွေးရာဌာန၌ မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူစဉ် မြတ်စွာဘုရား၏ နောက်တော်ပါးက လိုက်ပါသွားစဉ် ကာလက မိမိတို့ တွေ့ကြုံခံစားခဲ့ရသော ဗဟုသုတများကို အချင်းချင်း ပြန်လည် ပြောဆိုနေကြ၏။
မည်သည့်ဒေသရောက်တော့ မည်သို့၊ မည်သည့်ဒေသရောက်တော့ မည်ပုံ စသည်ဖြင့် ပြောဆိုနေကြခြင်း ဖြစ်၏။ ထိုကဲ့သို့ ပြောဆိုရခြင်း၌ သူတို့သည် ကျေနပ်နေကြ၏။
ထိုနေ့သည် သူတို့အတွက် ထူးခြားသောနေ့ ဖြစ်လိမ့်မည်ဟူ၍ သူတို့ မသိကြ။
အမှန်အားဖြင့် ထိုနေ့သည် ဒေသန္တရခရီးသည် ရဟန်းငါးရာအတွက် သစ္စာပန်းများ ပွင့်မည့်နေ့ ဖြစ်၏။ သူတို့၏ ဣနြေ္ဒတို့သည် ရင့်ကြလေပြီ။ မြတ်စွာဘုရားသည် လောကကို ဗုဒ္ဓမျက်စိဖြင့် ကြည့်တော်မူသောအခါ ဒေသန္တရခရီးသည် ရဟန်းငါးရာတို့သည် ကျွတ်ထိုက်သူများအဖြစ် မြတ်စွာဘုရား၏ ဉာဏ်တော်ကွန်ရက်၌ ထင်လာလေ၏။
ကျွတ်ထိုက်သူအဖြစ် မြတ်စွာဘုရား၏ ဉာဏ်တော်ကွန်ရက်၌ ထင်လာသောအခါ ကျွတ်ထိုက်သူများ၏ စရိုက်အလိုက် ဒေသနာတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူ၏။ မြတ်စွာဘုရား၏ ဒေသနာတော်သည် ကျွတ်ထိုက်သူများ၏ စရိုက်နှင့် အမြဲတမ်း ညီညွတ်၏။
အကယ်၍ လယ်သမားသည် ကျွတ်ထိုက်သူဖြစ်ပါက လယ်ယာလုပ်ငန်းမှ သစ္စဉာဏ်ကို ပေါ်အောင် ဖော်ထုတ်တော်မူ၏။
အကယ်၍ ကျွတ်ထိုက်သူသည် ပန်းထိမ်သည်ဖြစ်ပါက ပန်းထိမ်လုပ်ငန်းမှ သစ္စဉာဏ် ထွက်လာအောင် မြတ်စွာဘုရားက ဒေသနာတော်ကို ဟောကြားတော်မူ၏။
အမှန်အားဖြင့် ဤလောကတွင် လုပ်ငန်းတိုင်း၌ သစ္စာတရားသည် ရှိ၏။ မဖော်ထုတ်တတ်၍ မထွက်ပေါ်လာနိုင်ခြင်းသာ ဖြစ်၏။ သစ္စာတရား မရှိ၍တော့ မဟုတ်။
မြတ်စွာဘုရား ပွင့်ထွန်း ပေါ်ပေါက်လာသောအခါမှသာ သစ္စာတရားကို ဖော်ထုတ်၍ ဝေနေယျ သတ္တ၀ါများကို မြင်လာအောင် ပြစွမ်းနိုင်ပါ၏။
အမှန်အားဖြင့် မြတ်စွာဘုရားသည် သစ္စာလေးပါး မြတ်တရားကို မရှိရာမှ ရှိလာအောင် ဖန်ဆင်းသူ ဥပ္ပါဒက မဟုတ်။ သစ္စာလေးပါး မြတ်တရားကား လောက၌ ထာဝစဉ် ရှိနေသည်သာ ဖြစ်၏။
သို့ရာတွင် ယင်းကို ရှာဖွေ၍ ဖော်ထုတ်နိုင်သူ မရှိသဖြင့် သစ္စာလေးပါး မြတ်တရားကို မသိရသဖြင့် မရှိသကဲ့သို့ ဖြစ်ချေ၏။
ထို့ကြောင့် မြတ်စွာဘုရားသည် သစ္စာလေးပါး မြတ်တရားကို ဖန်ဆင်းသူ ဥပ္ပါဒက မဟုတ်ဘဲ ပေါ်လာအောင် ဖော်ထုတ်သူ အဘိဗျဉ္ဇကသာ ဖြစ်၏ ဟူ၍ ဆိုရ၏။
ထိုသို့ ဖော်ထုတ်ရာ၌ မြတ်စွာဘုရားသည် အနှိုင်းမဲ့ အတုလ ဖြစ်တော်မူ၏။
လယ်သမားအတွက် လယ်ယာလုပ်ငန်းမှ သစ္စာလေးပါးကို ဖော်ထုတ်၍ ပြတော်မူ၏။
ပန်းထိမ်သည်အတွက် ပန်းထိမ်လုပ်ငန်းမှ သစ္စာလေးပါးကို ဖော်ထုတ်၍ ပြတော်မူ၏။
အမှန်အားဖြင့် နေရာတိုင်းတွင် သစ္စာလေးပါးသည် ရှိ၏။
မသိ၍သာ မရှိသကဲ့သို့ ဖြစ်နေရခြင်း ဖြစ်၏။
၃၁ ဘုံ၏ နေရာတိုင်းတွင် သင်္ခါရ ရှိ၏။
သင်္ခါရရှိလျှင် သစ္စာလေးပါး ရှိလေ၏။
အရှိကို အသိဖြစ်အောင် ပြုစွမ်းနိုင်သူကား မြတ်စွာဘုရားသာ ဖြစ်ပါ၏။ မြတ်စွာဘုရား၏ တပည့် သာဝကများသာ ဖြစ်ပါ၏။
မြတ်စွာဘုရားသည် ဒေသန္တရခရီးသည် ရဟန်းငါးရာတို့ကို ကြည့်တော်မူလေရာ သူတို့၏ ပါရမီပြည့်ချိန်ကို မြင်တော်မူ၏။ သူတို့၏ ဣနြေ္ဒရင့်ကျက်ချိန်ကို သိတော်မူ၏။
ထို့ကြောင့် မြတ်စွာဘုရားသည် ဒေသန္တရခရီးသည်ရဟန်းငါးရာတို့အား သစ္စာလေးပါး မြတ်တရားကို မြင်အောင် ပြတော်မူမည် ဖြစ်၏။
ထိုသို့ ပြရာတွင် ခရီးသွားလုပ်ငန်းမှပင် သစ္စာလေးပါးကို မြင်အောင် ပြတော်မူမည် ဖြစ်၏။
ရဟန်းငါးရာတို့သည် ဒေသန္တရခရီးသွားလုပ်ငန်း၌ ကျွမ်းကျင်ကြလေရာ ကျွမ်းကျင်သော လုပ်ငန်းထဲမှ သစ္စာလေးပါးကို တွေ့အောင် ရှာခြင်းသည် သူတို့အတွက် လွယ်၏။ သက်လည်း သက်သာ၏။ မြင်လည်း မြင်မြန်၏။
အမှန်အားဖြင့် မြတ်စွာဘုရားသည် မည်သည့်လုပ်ငန်းကိုမဆို လိုနေရာမှ ပြည့်စုံသွားရလေအောင် သစ္စာလေးပါးဖြင့် ဖြည့်ပေးတော်မူသူ ဖြစ်ပါ၏။
တခုသောနေ့၏ ညချမ်းတွင် ဒေသန္တရရဟန်းငါးရာတို့ တရားဆွေးနွေးရာဌာနသို့ မြတ်စွာဘုရား ကြွလာတော်မူ၏။
မြတ်စွာဘုရားအတွက် ခင်းထားအပ်သော နေရာ၌ မြတ်စွာဘုရားသည် ထိုင်တော်မူပြီးလျှင် ရဟန်းငါးရာတို့အား ဆွေးနွေးလက်စဖြစ်သော ဒေသန္တရခရီးသွားခြင်းလုပ်ငန်းမှ သစ္စာလေးပါး ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါ ဂါထာ ဒေသနာတော်ကို ဟောကြားတော်မူ၏။
– အဘယ်သူသည် ဤအတ္တဘောကို ရွေးချယ်နိုင်လတ္တံ့နည်း။ အပါယ်ဘုံကိုလည်းကောင်း၊ နတ်နှင့်တကွသော လူ့ဘုံကိုလည်းကောင်း ရွေးချယ်နိုင်လတ္တံ့နည်း။
– ကျွမ်းကျင်လိမ္မာသော ပန်းသည်သည် ပန်းများကို ရွေးချယ်သကဲ့သို့ အဘယ်သူသည် ကောင်းစွာ ဟောကြားအပ်သော ဤတရားတော်ကို ရွေးချယ်နိုင်လတ္တံ့နည်း။
– သေက္ခပုဂ္ဂိုလ်သည် ဤအတ္တဘောကို ရွေးချယ်နိုင်လတ္တံ့။ အပါယ်ဘုံကိုလည်းကောင်း၊ နတ်နှင့်တကွသော လူ့ဘုံကိုလည်းကောင်း ရွေးချယ်နိုင်လတ္တံ့။
– ကျွမ်းကျင်လိမ္မာသော ပန်းသည်သည် ပန်းများကို ရွေးချယ်သကဲ့သို့ သေက္ခပုဂ္ဂိုလ်သည် ကောင်းစွာ ဟောကြားအပ်သော ဤတရားတော်ကို ရွေးချယ်နိုင်လတ္တံ့။
ဒေသန္တရခရီးသည် ရဟန်းငါးရာတို့သည် မြတ်စွာဘုရား၏ ဤဂါထာဒေသနာတော်ကို ကြားနာရသောအခါ သစ္စာတိုင်အောင် အနက်ကို သိမြင်ကြပြီး အားလုံး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာများ ဖြစ်သွားကြလေ၏။
(ဦးရွှေအောင်၏ ဓမ္မပဒ မှ)
+++++
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ ၀ိပဿနာတရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီထိ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖ၀ဂ်၊ ဂါထာ ၄၄-၄၅၊ ဒေသန္တရခရီးသည်ရဟန်းငါးရာဝတ္ထုအကြောင်း ဟောပြော ပို့ချပေး၏။
+++++
မွန်းလွဲ ၄း၃၀ နာရီမှ ၅း၃၀ နာရီထိ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်ပိုင်း၊ သေခါနီး စိတ်ဖြစ်ပုံများကို သင်ကြား ပို့ချပေး၏။
+++++
ညနေ ၆ နာရီမှ ၇ နာရီ၊ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဉာဏိဿရ(မော်လူး)က `ဆင်းရဲငြိမ်းအေး ချမ်းသာရေး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။
တရားပွဲပြီးသော် ကုသိုလ်အ၀၀တို့ကို ပေါင်းစု အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။