`သာသနာမျိုးဆက် တိုးတက်စေဖို့´ – အရှင်ပညာသီဟ (နယူးဂျာစီ)
အချိန်ကုန်၊ ငွေကုန်၊ လူအပင်ပန်းခံပြီး မိမိတို့ လုပ်နေတဲ့ လုပ်ငန်းတစ်ခု အတော်အတန် အကောင်အထည် ပေါ်နေပြီဖြစ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် “အင်း … တို့လုပ်နေတဲ့ အလုပ်ဟာ ဟုတ်မှ ဟုတ်ပါ့မလား´´လို့ စဉ်းစားမိပြီး စိတ်ပျက်အားလျော့သလို ဖြစ်သွားတယ်။
အေဘီဘီအေအသင်းကြီးရဲ့ ဦးဆောင် ဆရာတော် သံဃာတော်များ၊ အမှုဆောင်လူကြီးများ၊ ဝေယျာဝစ္စအဖွဲ့၊ လုပ်အားပေးများ၊ စေတနာရှင်များ၊ အလှူရှင်များက သာသနာတော် တည်တံ့ပြန့်ပွားစေရေးအတွက် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်တွင် စေတီတော်တစ်ဆူနဲ့ ယောဂီကျောင်းဆောင်တို့ကို အပင်ပန်းခံပြီး ကြိုးပမ်းအားထုတ် ပြုလုပ် တည်ဆောက်နေရာ၊ နယူးဂျာစီကျောင်းမြေကို ၁၉၉၅-ခုနှစ် ဇန်နဝါရီလ ၁၆-ရက်နေ့တွင် ဝယ်ယူခဲ့ပြီး၊ ဆယ်နှစ်အကြာ ၂၀၀၅-ခုနှစ်မှာ လောကချမ်းသာစေတီတော်ကို စတင် တည်ဆောက်ခဲ့တယ်။
စေတီတည်ဖူးသူ ပညာရှင် တစ်ဦးတစ်ယောက်မျှ မပါဘဲ တတ်သမျှ မှတ်သမျှ မြင်သမျှတွေကို အခြေခံကာ စေတနာရှင် ဝါသနာရှင်များရဲ့ လုပ်အား အကြံဉာဏ်အားတို့ဖြင့် တဖြည်းဖြည်း တည်ဆောက်ခဲ့ရာ စေတီတော်မှာ ယခုအခါ အတော်အတန် ပြည့်စုံ ပြီးမြောက်၍ သပ္ပါယ်စွာ တည်ရှိနေပါပြီ။
စေတီတော်တည်ဆောက်မှုမှာ ပြီးစီးသလောက် ဖြစ်နေပြီမို့ ၂၀၁၀-ခုနှစ် အောက်တိုဘာလတွင် ယောဂီကျောင်းဆောင် တည်ဆောက်မှုကို စတင်ခဲ့တယ်။ ယောဂီကျောင်းဆောင် ဆောက်ရာမှာလည်း `ရော့ … ပတ္တမြား၊ ရော့ … နဂါး´ဆိုသလို ဆောက်လုပ်မည့် ကုန်ကျစရိတ်ကို တစ်ခါတည်း အပြီးအပြတ်ပေး၊ မြန်မြန်ဆန်ဆန် တစ်ခါတည်း အပြီးဆောက်နိုင်အောင် အသင်းတွင် ငွေကြေး မပြည့်စုံပါ။ ဒါ့ကြောင့် လုပ်ငန်းပြီးစီးမှုအပေါ် မူတည်ကာ ငွေပေးချေမည့်စနစ်ဖြင့် ကန်ထရိုက်တာနဲ့ အသင်းတို့ သဘောတူ ဆုံးဖြတ်ပြီး လုပ်ကိုင်ရာ ယောဂီကျောင်းဆောင်မှာလည်း အတော်အတန် ပြီးစီးနေပါပြီ။
ဒါ့အပြင် ကျောင်းဝင်းအတွင်း ကတ္တရာလမ်းခင်းခြင်း ကိစ္စကိုလည်း ပထမဆင့်အနေဖြင့် အသင့်အတင့် ကောင်းမွန်အောင် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ပါတယ်။
နောက်ထပ် ဆောင်ရွက်ရန် ကိစ္စများကတော့ –
စေတီတော်ရင်ပြင်ကို ကျောက်ပြားခင်းခြင်း၊
လမ်းကို ကတ္တရာ အချော ထပ်ပိုးခင်းခြင်း၊
စေတီတော်နှင့်ကျောင်းအကြားရှိ လမ်းကို တန်ဆာအလှဆင် ကျောက်တုံးများ ခင်းခြင်း၊
ယောဂီကျောင်းဆောင်ကို ပြီးအောင် ဆောက်လုပ်ခြင်းတို့ ဖြစ်ပါတယ်။
၂၀၁၄-ခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးကာ ၂၀၁၅-ခုနှစ်တွင် ပြီးပြည့်စုံတဲ့ တရားရိပ်သာကြီးအဖြစ် ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ဆောက်လုပ်နေတဲ့ သာသနာ့အဆောက်အအုံများ ဖြစ်ပွား တိုးတက်လာတာကို မြင်တွေ့ရတဲ့ စေတနာရှင်များက သဒ္ဓါတရား ဆထက်ပွားပြီး တတ်အားသမျှ လှူဒါန်းကြလို့ ခုအချိန်အထိ ငွေကြေး ချေးငှားရခြင်း မရှိသေးပါ။
ဒါပေမယ့် ဆောက်လုပ်ပြီးစီးသမျှအတွက် ငွေပေးနိုင်ဖို့ကိုတော့ ကြိုးစားပြီး တိုက်တွန်း နှိုးဆော် အလှူတော် ခံနေရပါသေးတယ်။
ဒီလို အပင်ပန်းခံပြီး လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သာသနာ့အဆောက်အအုံတွေကို ကြည့်ပြီး မြင်ရသူ ဒကာ ဒကာမအများစုဟာ ဝမ်းသာပီတိ ဖြစ်ကြပါတယ်။
ကျောင်းမြေကို စတင် ဝယ်စဉ်က ရှိခဲ့တဲ့အခြေအနေကို မြင်တွေ့ဖူးသူများက ခုလို တိုးတက် ဖြစ်ထွန်းလာတာကို မြင်ပြီး၊ `အရင် ဝယ်ခါစကနဲ့မတူ၊ အတော်ကြီး တိုးတက်ပြောင်းလဲသွားပါလား´လို့ တွေးကာ ကြည်နူး ဝမ်းသာကြသလို၊ ယခင်က ရှိခဲ့တဲ့ အခြေအနေကို မမြင်ဖူးသူတွေကလည်း ဖြစ်ပေါ်တည်ရှိနေတဲ့ သာသနာ့အဆောက်အအုံတွေကို ကြည့်ပြီး၊ `ဒါမှ ကျောင်းနဲ့ ကန်နဲ့ တူတာ´လို့ ခံစားမှုဖြစ်ကာ အံ့သြ ဝမ်းသာကြပါတယ်။
(၁၉၉၉-ခုနှစ် သြဂုတ်လ ၁၈-ရက်နေ့မှာ မြင်တွေ့ရတဲ့ နယူးဂျာစီကျောင်း)
(၂၀၀၁-ခုနှစ် မေလ ၅-ရက်နေ့၊ နယူးဂျာစီကျောင်း မြေသန့်မင်္ဂလာ)
အမေရိကန်ကို အလည်ရောက်လာတဲ့ ဆရာတော်တစ်ပါးက `ဟာ … အရှင်ဘုရားကျောင်းက အတော်ပြည့်စုံနေပြီပဲ။ စေတီတော်က ရိုးရိုးရှင်းရှင်းလေးနဲ့ ရွေတိဂုံစေတီတော်နဲ့ အတော်တူတယ်။ ယောဂီဆောင်ကလည်း အကြီးကြီးဆိုတော့ သာသနာပြုဖို့ အတော် အဆင်ပြေမှာပဲ´လို့ ဝမ်းမြောက်ဝမ်းသာ ဆိုပါတယ်။
ဒီတော့ စာရေးသူက `တပည့်တော်ကျောင်း မဟုတ်ပါဘူးဘုရား။ အသင်းပိုင်ကျောင်းပါ။ တပည့်တော်က ကျောင်းစောင့်ဘုန်းကြီးပါ။ ကျောင်းက အကြီးကြီးဆိုတော့ ဘယ်အချိန်ပြီးမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ ကျောင်းလည်းပြီးရော့ ဘုန်းကြီးလည်း အိုရော့ဆိုတော့ ဘာမှ သိပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သာသနာမှာ နောက်သံဃာတွေ အဆင်သင့် အလုပ်လုပ်လို့ ရတာပေါ့ ဘုရား´လို့ ပြောမိတယ်။
အဲ … တစ်နေ့မှာတော့ ဆွမ်းအလှူရှင်တစ်ယောက်က ဖိတ်လို့ ကျောင်းကို ရောက်လာတဲ့ မိတ်ဆွေမိသားစုထဲက ဒကာမတစ်ယောက်က ဘာစိတ်ကူးပေါက်တယ် မပြောတတ်ပါဘူး။ စကားအဆက်အစပ် မရှိဘဲနဲ့ – `ဟား ဟား၊ တရားရိပ်သာဆောင်ကြီး ဆောက်နေတယ်။ ဘယ်သူလာပြီး တရားထိုင်မှာမို့လဲ?´လို့ အမှတ်တမဲ့ နှုတ်က ထွက်လာတယ်။
ဒီစကားကို ကြားရတော့ စာရေးသူလည်း `အင်း … သူပြောသလိုများ ဖြစ်နေမလား မသိဘူး။ တရားရိပ်သာဆောင်ကို ဆောက်သာ ဆောက်နေရတာ၊ တရားထိုင်သူက လာမှ လာပါ့မလား´လို့ တွေးပြီး အတော် စိတ်ဓာတ်ကျသွားတယ်။
နောက်ပြီး … ဒီ ဒကာမ၊ တော်တော်နောက်တဲ့ ဒကာမပဲ၊ ကိုယ်တိုင်လည်း မလှူ၊ သူများ လှူလို့ ကြိုးပမ်းအားထုတ်လို့ ဖြစ်လာတဲ့ သာသနာ့အဆောက်အအုံတွေကို ကြည့်ပြီးတော့လည်း ဝမ်းသာရမှန်း မသိရှာဘူး။ တော်တော် သနားစရာကောင်းတာပဲ … လို့လည်း တွေးမိပြန်တယ်။
အိမ်သာရင် ဧည့်လာမှာပါ
ဆောက်လုပ်ဆဲ ယောဂီကျောင်းကို ကြည့်ပြီး `ဘယ်တော့ တရားစခန်းဖွင့်မှာလဲ? ရက်ရှည်လာပြီး တရားအားထုတ်လို့ ရသလား? ကျောင်းပြီးရင်တော့ တပည့်တော်တို့ တရားလာထိုင်မယ်´ စသည်ဖြင့် အားတက်သရော ပြောကြ၊ လျှောက်ကြသူတွေကို တွေ့ရတော့လည်း `အင်း … ဟိုဒကာမ ထင်သလိုတော့ မဖြစ်လောက်ပါဘူး၊ ကျောင်းပြီးရင် တရားစခန်း လာဝင်ကြမှာပါ။ ကိုယ်က အဆင်ပြေအောင် တရားပြပေးဖို့ပဲ လိုမှာပါ´လို့ တွေးပြီး စိတ်ဖြေရပြန်ပါတယ်။
လက်ရှိအခြေအနေကို ကြည့်ပြန်တော့လည်း တရားရိပ်သာဆောက်လုပ်တာဟာ သာသနာပြန့်ပွားရေးကို များစွာ အထောက်အကူပြုမယ်ဆိုတာ ခန့်မှန်းမိပြန်ပါတယ်။ နေရာထိုင်ခင်း အဆင်ပြေအောင် လုပ်မပေးနိုင်သေးလို့ တရားပြနေပါတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ကြေညာ မထားပါဘူး။ ဒါပေမယ့် သာသနာ့အဆောက်အအုံတွေကို မြင်ပြီး ကျောင်းကို ဝင်ရောက် လေ့လာရင်းနဲ့ တရားထိုင်ဖို့ စိတ်ဝင်စားသူ၊ လာရောက် တရားအားထုတ်သူတွေကတော့ အမြဲမပြတ် ရှိနေပါတယ်။
ပစ္စည်းတစ်ခုဟာ အသုံးပြုချင်သူအတွက် တန်ဖိုးရှိတဲ့၊ အသုံးဝင်တဲ့အရာ ဖြစ်သလို၊ သာသနာ့အဆောက်အအုံတွေဟာလည်း မဲမဲ ဝါဝါ ဖြူဖြူ၊ ဘယ်သူပဲဖြစ်ဖြစ် သာသနာကို ကျင့်သုံးမယ့်သူတွေအတွက် တန်ဖိုးရှိတဲ့ အသုံးဝင်တဲ့အရာတွေ ထာဝရ ဖြစ်နေမှာပါ။
ကြာသပတေးနေ့တိုင်း ညနေ ၇ နာရီကို သတ်သတ်မှတ်မှတ် စုပေါင်း တရားအားထုတ်ဖို့ စီစဉ်ထားတော့ လာရောက် တရားအားထုတ်သူတွေ တဖြည်းဖြည်း များလာပါတယ်။ လာပြီး တရားအားထုတ်သူတွေထဲမှာ ဂျူးလည်း ပါတယ်။ ခရစ်ယာန်တွေလည်း ပါတယ်။ အသက်ကြီးတဲ့ သူတွေတင် မဟုတ်ဘဲ လူငယ်လူရွယ်တွေလည်း ပါတယ်။ တချို့ဆိုရင် တွေ့ခါစက တကယ် ရိုရိုသေသေ တရားအားထုတ်မယ်လို့တောင် မထင်မိဘူး။ `အလကားပါ … စေတီကို မြင်လို့ ဝင်ပြီး စပ်စုတာ ဖြစ်မှာပါ။ ကောင်းကောင်း တရားအားထုတ်မယ့်ဟာတွေ မဟုတ်ပါဘူး´လို့ ထင်မိတယ်။
တစ်နေ့ …. ဒကာမလေးတစ်ယောက် တံခါးခေါက်ပြီး အပြင်ကနေ ကျောင်းရဲ့လုပ်ငန်းတွေကို မေးတော့ တရားပြတယ်လို့ ပြောလိုက်တယ်။
ဒါနဲ့ ကျောင်းထဲ အဝင်ခံပြီး စကားစမြည်ပြော၊ လာပြီး တရားအားထုတ်လို့ ရလား မေးတော့၊ `ရပါတယ်၊ ဒါပေမယ့် ငါ့ဆီမှာတော့ အမျိုးသားတွေပဲ စွဲစွဲမြဲမြဲ လာထိုင်ကြတယ်၊ အမျိုးသမီးတွေကတော့ တစ်ခါ နှစ်ခါ လာပြီး နောက်ထပ် ပေါ်မလာတော့ဘူး။ ဘယ်လိုမှန်းတော့ ငါမသိဘူး။ ဗမာပြည်မှာနဲ့ တခြားစီ ဖြစ်နေတယ်။ ဗမာပြည်မှာ တရားရိပ်သာ ဝင်သူဟာ အမျိုးသမီးက များတယ်လို့ ပြောဆို ဆွေးနွေးမိတယ်။
ဒီလိုနဲ့ ပြန်သွားတော့ ဒီကလေးမလည်း လာစပ်စုတာ ဖြစ်မှာပါ။ တကယ် လာအားထုတ်မှာ မဟုတ်ပါဘူးလို့ ထင်မိတယ်။ အသက်အရွယ်ကလည်း ငယ်တော့ ဒီလို ထင်မိတာပေါ့။
ဒါပေမယ့် အဲဒီကလေးမဟာ ကြာသပတေးနေ့တိုင်း စွဲစွဲမြဲမြဲ လာရောက် တရားအားထုတ်တယ်။ ကျောင်းကို လာတိုင်း အစားအသောက်နဲ့ လှူစရာတွေ ယူလာတယ်။ ယူလာတာ များတော့ အားနာစရာတောင် ဖြစ်လာတယ်။ အလှူအတန်း ဝါသနာ ပါသလို တရားဘာဝနာ အားထုတ်ရာဖက်မှာလည်း စိတ်အား ထက်သန်တယ်။
ဘယ်အထိ ဗုဒ္ဓဘာသာနဲ့ ဝိပဿနာတရားအပေါ် ယုံကြည် သက်ဝင်သလဲဆိုရင် ၂၀၁၄-ခုနှစ် ဇန်နဝါရီလ ၂၆-ရက်နေ့က သီလရှင်ဝတ်ပြီး ဆယ်ရက် တရားထိုင်တယ်။
လူတွေဟာ ဆံပင်ကို အလှအပအနေနဲ့ တန်ဖိုးအထားဆုံးမို့ ဆံပင်ကို စွန့်လွှတ်ဖို့ ရိတ်ပယ်ဖို့ဆိုတာ အတော်ခက်တယ်။
အလျင်းသင့်တိုင်း မြန်မာကလေးတွေကို သင်္ကန်းဝတ်မလား? ကိုရင်လုပ်မလား?လို့ မေးရင် ဆံပင်အဖြတ်ခံရမှာ ကြောက်လို့၊ အလှပျက်မှာ စိုးလို့၊ ကျောင်းပြန်တက်ရင် ကတုံးကြီးနဲ့ဖြစ်နေမှာ စိုးလို့၊ ကင်ဆာဝေဒနာရှင်နဲ့ အထင်မှားခံရမှာ စိုးလို့ စတဲ့ ဆင်ခြေတွေနဲ့ ကိုရင်ဝတ်ဖို့ ငြင်းပယ်လေ့ ရှိတယ်။ သူမကတော့ ဆံပင်ကို တွယ်တာမှု မရှိဘဲ ရိတ်ပယ်ပြီး ကင်ဆာအဖွဲ့ကို ပေးလှူလိုက်တယ်။
သူမနဲ့အတူ တစ်ရက်တည်း တရားစခန်းဝင်သူကတော့ မစ္စတာပေါလ် ဖြစ်တယ်။
သူလည်း ကျောင်းကို လာပြီး တရားအားထုတ်၊ လိုအပ်တာကို လှူနေတာ ကြာပါပြီ။
၂၀၀၇-ခုနှစ်က ရဟန်းဝတ်ပြီး သုံးရက် တရားအားထုတ်ဖူးတယ်။
ဒီတစ်ခါတော့ မစ္စတာပေါလ်ဟာ ၇-ရက် ရဟန်းဝတ်ပြီး တရားထိုင်မယ်။ သူ့အမျိုးသမီးက သူ့ရဲ့မွေးနေ့မှာ ဘာလက်ဆောင်ယူမလဲ မေးတော့ သူ့မွေးနေ့မှာ ရဟန်းဝတ်ချင်တယ်လို့ ပြောပြီး ရဟန်းဘဝကို သူ့အမျိုးသမီးရဲ့ မွေးနေ့လက်ဆောင်အဖြစ် ယူခဲ့တယ်။
သူဟာ လွန်ခဲ့တဲ့ လေးနှစ်က နယူးယောက်ထီ သုံးသန်းပေါက်ပြီး ပေါက်တဲ့နှစ်မှာ အေဘီဘီအေအသင်းကို ဒေါ်လာတစ်သောင်း၊ နောက်နှစ်တွေမှာလည်း အဆင်ပြေရင် ပြေသလို ဒေါ်လာငါးထောင်၊ သုံးထောင် စသည် လှူဒါန်းနေရာ သူ့လှူဒါန်းမှုမှာ ဒေါ်လာ သုံးသောင်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။ ဒေါ်လာ ငါးသောင်းပြည့်တဲ့အထိ လှူမယ်လို့ အာမခံထားပါတယ်။
သူဟာ ဂျူးဖြစ်ပေမယ့် ဗုဒ္ဓဘာသာဖြစ်ဖို့ ပါရမီအတော်ရင့်သန်ပုံ ရတယ်။
ငယ်စဉ်က အိပ်မက်ထဲမှာ သူဟာ ရဟန်းဝတ်နဲ့ သံဃာတွေကြားမှာ ထိုင်နေတယ်၊ ရဟန်းသံဃာတွေနဲ့ အတူနေရတယ်လို့ မကြာခဏ အိပ်မက်မက်တယ်လို့ ပြောပါတယ်။
သူ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာပုံကတော့ တစ်နေ့ နယူးယောက်မြို့ထဲ သူလမ်းလျှောက်သွားနေစဉ် စာအုပ်အဟောင်းရောင်းသူက `ဖတ်ကြည့်စမ်း၊ မင်းစိတ်ဝင်စားလိမ့်မယ်´ဆိုပြီး အလကားပေးလိုက်တဲ့ သီဟိုဠ်ဆရာတော် ဝါပိုလာရာဟုလာရေးတဲ့ ဗုဒ္ဓဘာသာအကြောင်း စာအုပ်ကို ဖတ်မိတာကလို့ ပြောပါတယ်။
နောက်ထပ် တရားစိတ်ဝင်စားတဲ့ လူငယ်တွေလည်း အများကြီးပဲ။ ကောလိပ်ကျောင်းပိတ်ရက်ဆိုရင် လူငယ်အတော်များများ လာပြီး တရားအားထုတ်ကြပါတယ်။ ဒါ့အပြင် နွေရာသီကျောင်းပိတ်ရက်မှာ မြန်မာမိသားစုတွေလည်း ဒုလ္လဘရဟန်းဝတ်ပြီး နယူးဂျာစီကျောင်းမှာ အေးအေးဆေးဆေး တရားအားထုတ်ကြ၊ ဗုဒ္ဓဘာသာစာပေတွေ လေ့လာကြပါတယ်။
ဒါကြောင့် ဒကာမတစ်ယောက်ရဲ့ … တရားရိပ်သာဆောင်ကြီး ဆောက်နေတယ်၊ ဘယ်သူလာပြီး တရားထိုင်မှာမို့လဲ? … လို့ အမှတ်တမဲ့ ပြောလိုက်တဲ့စကားကြောင့် စိတ်ပျက်မှု မဖြစ်တော့ဘဲ၊ `ငါတို့ ကြိုးပမ်းအားထုတ် အလုပ်လုပ်နေတာတွေဟာ သာသနာအတွက်၊ သာသနာဝင်တွေအတွက် များစွာ အထောက်အကူ ဖြစ်ပါပေတယ်´လို့ ဝမ်းသာပီတိ ဖြစ်နေမိပါတော့တယ်။
အရှင်ပညာသီဟ
မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း၊ နယူးဂျာစီ။