စေတီတော်ပွဲ ဆင်နွှဲပူဇော်

လောကချမ်းသာ၊ မဟာစေတီ
သာသနာပွင့်ကြောင်း၊ စုပေါင်းကာတည်
သုံးနှစ်ပြည့်မြောက်၊ ဝမ်းမြောက်ရွှင်ကြည်
စေတီပွဲ အားခဲပူဇော်ပြီ။
စေတီတော်ပွဲ၊ ဆင်နွှဲကိုယ်စီ
သံဃာတော်ပေါင်း၊ ဆွမ်းလောင်းကြသည်
သံဃာ့ဂုဏ်များ၊ အားထားယုံကြည်
ဆည်းပူးကြ ဒါနပါရမီ။
စေတီတော်ပွဲ၊ ဆင်နွှဲပျော်ပျော်
စေတီတော်အား၊ ဝတ်တွားကော်ရော်
ပဋ္ဌာန်းကျမ်းမြတ်၊ ရွတ်ဖတ်ပူဇော်
ဆွမ်းတော်ကြီး တင်ပြီးလှူကြသနော်။
စေတီတော်ပွဲ၊ ဆင်နွှဲပျော်ရွှင်
လူငယ်များလည်း၊ အားခဲပါဝင်
ဘုရားစာများ၊ ရွတ်ပွားဆင်ခြင်
ဘာသာရေး အားပေးထာဝစဉ်။
စေတီတော်ပွဲ၊ အားခဲလာသူ
အလှူရှင်များ၊ စိတ်ထားကြည်ဖြူ
စတုဒိသာ၊ ကျွေးကာပေးလှူ
နောင်နှစ်လဲ အားခဲကုသိုလ်ယူ။
ကိုရင်ချော

ကာမာဝစရကုသိုလ်ကံ, ရူပါဝစရကုသိုလ်ကံ, အရူပါဝစရကုသိုလ်ကံ အကျိုးပေး

၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ နှစ်ပတ်စာ သင်ခန်းစာကို လေ့လာ သင်ယူကြရရာ ဒုတိယ သင်ခန်းစာအဖြစ် (၃၄)ပတ်မြောက် သင်တန်းပို့ချချက်ဖြစ်သော ကာမာဝစရကုသိုလ်ကံအကျိုးပေး၊ ရူပါဝစရကုသိုလ်ကံအကျိုးပေး၊ အရူပါဝစရကုသိုလ်ကံအကျိုးပေးတို့ကို နာကြား သင်ယူ မှတ်သားကြရ၏။
ကံလေးမျိုးလေးလီကို သင်ယူမှတ်သားနေကြရရာ –
(က) ကိစ္စ၏ အစွမ်းဖြင့် ကံလေးမျိုး (ဇနကကံ၊ ဥပတ္ထမ္ဘကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံ)
(ခ) အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံလေးမျိုး (ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ)
(ဂ) အကျိုးပေးရာကာလနှင့်စပ်၍ ကံလေးမျိုး (ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ၊ အဟောသိကံ)
(ဃ) အကျိုးပေးရာဘုံဌာနနှင့်စပ်၍ ကံလေးမျိုး […]

ပုညကြိယဝတ္တု ၁၀-ပါး၊ ကာမာဝစရကုသိုလ်ကံ

၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်းအပတ်စဉ် (၃၃)နှင့် (၃၄) တို့ကို လေ့လာ နာကြား သင်ယူကြရ၏။
လာမည့် မေလ ၃၀ ရက် တနင်္ဂနွေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချနိုင်မည် မဟုတ်သဖြင့် ယခုအပတ်တွင် ၂-ပတ်စာ သင်ခန်းစာတို့ကို လေ့လာသင်ယူကြရခြင်း ဖြစ်၏။
သင်တန်းကို မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ရာ လောကချမ်းသာဆရာတော်က သုတ္တန်, ဝိနည်း, အဘိဓမ္မာ ပိဋကတ်သုံးပုံ၊ ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ သာသနာသုံးရပ်၊ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးတို့ကို ရှင်းလင်းပြပြီး ပုညကြိယဝတ္ထု […]

နွေဦးလုပ်အားဒါန (၂၂-မေ-၂၀၁၀)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း တည်ထား ကိုးကွယ်သော လောကချမ်းသာစေတီတော်၏ တတိယအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ နွေဦးလုပ်အားဒါန ပေးလှူလာခဲ့ကြရာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် ဘုရားရင်ပြင်တော် သန့်ရှင်းခြင်း၊ စေတီတော်ပလ္လင်ခုံပတ်လည် အင်္ဂတေကနုတ်ပန်းများ အလှဆင်ခြင်း၊ မဟာစည် သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်း သန့်ရှင်းခြင်း၊ မြက်ရိတ်ခြင်းတို့ကို စုပေါင်း၍ တပျော်တပါး ဆောင်ရွက်ကြ၏။
ကိုဝင်းခိုင်၊ ကိုသူရိန်ဝင်း၊ ကိုညီငြိမ်းအေး၊ ကိုစိုးနိုင်မောင်၊ ကိုပညာ၊ ကိုထူးအောင်၊ ကိုလင်းနိုင်၊ ကိုစိုးထွန်းအောင်စသည့် လူငယ်မိသားစုများကလည်း သစ်ပင် သီးပင်များစိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်အားဒါနပေးလှူခြင်းတို့ကို ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ

….. အရှင် (ကောရဗျ)မင်းကြီး အမြဲ ချီးမွမ်းနေတဲ့ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ပြီး အိမ်ရာမထောင် ရဟန်းဘောင်သို့ ကူးပြောင်းသွားတဲ့ ရဋ္ဌပါလအမျိုးကောင်းသားဟာ မိဂစီရဥယျာဉ်တော်ထဲမှာ နေ့သန့်နေတော်မူပါတယ် ဘုရား … ဟု ဥယျာဉ်မှူးက လျှောက်တင်သဖြင့် ဥယျာဉ်တော်ထဲ ပျော်ပွဲစားထွက်မည့် အစီအစဉ်အစား အရှင်ရဋ္ဌပါလထံ ဆည်းကပ်၍ တရားစကား လျှောက်ထား မေးမြန်း နာကြားရန် အစီအစဉ် ပြောင်းလိုက်သည်။
အိုခြင်း၊ နာခြင်း၊ ဥစ္စာပျက်ခြင်း၊ ဆွေမျိုးပျက်ခြင်း ဟူသော ပျက်စီးခြင်း လေးပါးနှင့် ကြုံတွေ့မှသာလျှင် ရဟန်းပြုရိုးဖြစ်ပါလျက် ထိုပျက်စီးခြင်းများလည်း မရှိ၊ အသက်လည်း ငယ်ရွယ်သော သေဌေးသား ရဋ္ဌပါလ အမျိုးကောင်းသား ရဟန်းပြုသွားခဲ့ရခြင်းအကြောင်းကို သိလိုလှသော ကောရဗျမင်းကြီးအတွက် လျှောက်ထား မေးမြန်းခွင့် ရလေပြီ။
တရားတော်ကို သက်ဝင်ယုံကြည်သော သဒ္ဓါပဗ္ဗဇိတဖြင့် ရဟန်းပြုလာခဲ့သော အရှင်ရဋ္ဌပါလမထေရ်က […]

ဗုဒ္ဓနေ့ သြဝါဒ – ကျောက်တော်ကြီးဆရာတော် (၉-မေ-၁၀)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၁၀ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၀ ခုနှစ် မေလ ၉ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ် ကျင်းပခဲ့ရာ ကျောက်တော်ကြီးဆရာတော်က သြဝါဒ ချီးမြှင့် မိန့်ကြားခဲ့ပါသည်။

ကျောက်တော်ကြီးဆရာတော် လောကချမ်းသာစေတီတော်ကို ဖူးမြော် ကြည်ညို

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ခေတ္တရောက်ရှိ သီတင်းသုံးနေသော ကျောက်တော်ကြီးဆရာတော်သည် ၂၀၁၀ ခုနှစ် မေလ ၁၂ ရက် ဗုဒ္ဓဟူးနေ့က နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်ရှိ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ကြွရောက်ကာ လောကချမ်းသာစေတီတော်အား ဖူးမြော် ကြည်ညိုပြီး စေတီတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု လေ့လာသွား၏။

လောကချမ်းသာစေတီတော် မှတ်တမ်း (မေ ၁၁-၁၁၊ ၂၀၁၀)

လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ဆောက်ရေးအတွက် ဈေးပြိုင်စနစ်ဖြင့် ခေါ်ယူထားသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို မြန်မာဗိသုကာပညာရှင် Darrit Cho နှင့် အင်ဂျင်နီယာ ဦးမောင်မောင်တို့က ၂၀၁၀ ခုနှစ် မေလ ၁၀ ရက် တနင်္လာနေ့၌ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

လောကချမ်းသာစေတီတော် ပလ္လင်ခုံ (အထက်ပစ္စယံ)ပေါ်ရှိ ရုပ်ပွားတော်များအား တံကဲများတပ်ဆပ်နေကြစဉ် –

ပလ္လင်ခုံပတ်လည်တွင် အင်္ဂတေကနုတ်ပန်းများဖြင့် အလှဆင်ရန် –

နယူးဂျာစီမဟာစည်သတိပဋ္ဌာန်ရိပ်သာအနီးဝန်းကျင်တွင် နေထိုင်ပြီး ကျောင်းသို့ လာရောက် ကူညီပေးလေ့ရှိသူ ကေဗင် (ခြံစည်းရိုးသစ်ပင်များ ဝယ်ယူခဲ့စဉ်ကလည်း ကူညီပေးခဲ့သူ) တစ်ယောက် ၅-ရက်တာ ဒုလ္လဘဝတ်ခွင့်ရခိုက် sitting meditation, walking meditation များသာမက working meditation ပါ ကုသိုလ်ယူခွင့်ရရှိ၏။

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် (၉-မေ-၂၀၁၀)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ “မြတ်ဗုဒ္ဓ၏ မွေးဖွားတော်မူသော နေ့၊ ဘုရားဖြစ်တော်မူသော နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသော နေ့” နေ့ကြီး သုံးနေ့ကို အထိမ်းအမှတ်ပြုကာ နှစ်စဉ် ပူဇော် ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကို ၂၀၁၀ ခုနှစ် မေလ ၉ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပါသည်။
နံနက် ၁၀ နာရီခွဲတွင် ဗုဒ္ဓပူဇာသဘင် ဆင်ယင်ကျင်းပပြီး ဘုရားရှင်အား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဧည့်ပရိသတ်များအား မြန်မာထမင်းဟင်း၊ မြန်မာမုန့်များ၊ ကလေးများအတွက် စားဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးကြပါသည်။
ပွဲတော် အစားအသောက်အတွက် အလှူရှင်များမှာ “ဒေါက်တာသန့်ဇင်-စန္ဒရာဇင်၊ ဒေါက်တာမောင်မောင်ဦး-လီလီဝင်း”တို့ ဖြစ်၏။
မွန်းလွဲ […]

ကျောက်တော်ကြီးဆရာတော် လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ

အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်၊ တောင်သမန်ကျောက်တော်ကြီး ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်ကြီးသည် နောက်ပါ ဆရာတော်အဖြစ် ကယ်လီဖိုးနီးယားပြည်နယ်၊ အဇူဇာ၊ သုန္ဒရာရာမ ဗြဟ္မဝိဟာရကျောင်း ဆရာတော် အရှင်ဧသက လိုက်ပါလျက် လောကချမ်းသာဘုရားကျောင်းတော်သို့ ၂၀၁၀ ခုနှစ် မေလ ၂ ရက် တနင်္ဂနွေနေ့၌ ရောက်ရှိ သီတင်းသုံးလျက် ရှိပါသည်။
ဆရာတော်ကြီးသည် နယူးယောက်မြို့သို့ ရောက်ရှိနေခိုက် အော်ဘနီ၊ ဘတ်ဖဲလိုး၊ ဘော်စတွန်မြို့များသို့လည်း ကြွရောက်မည် ဖြစ်ပြီး၊ မေလ ၁၃ ရက်နေ့တွင် ကယ်လီဖိုးနီးယားသို့ ပြန်လည် ကြွရောက်ပါမည်။
ဆရာတော်ကြီးသည် သက်သတ်လွတ်ဆွမ်း ဘုဉ်းပေးပြီး၊ ဆရာတော်ကြီးအား ဆွမ်းကပ်လိုသူများ, ဖူးမြင်လိုသူများသည် လောကချမ်းသာဘုရားကျောင်း၊ တယ်လီဖုန်း (၇၁၈) ၆၂၂-၈၀၁၉ သို့ ဆက်သွယ်နိုင်ပါသည်။