ပုညကြိယဝတ္တု ၁၀-ပါး၊ ကာမာဝစရကုသိုလ်ကံ
၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်းအပတ်စဉ် (၃၃)နှင့် (၃၄) တို့ကို လေ့လာ နာကြား သင်ယူကြရ၏။
လာမည့် မေလ ၃၀ ရက် တနင်္ဂနွေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချနိုင်မည် မဟုတ်သဖြင့် ယခုအပတ်တွင် ၂-ပတ်စာ သင်ခန်းစာတို့ကို လေ့လာသင်ယူကြရခြင်း ဖြစ်၏။
သင်တန်းကို မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ရာ လောကချမ်းသာဆရာတော်က သုတ္တန်, ဝိနည်း, အဘိဓမ္မာ ပိဋကတ်သုံးပုံ၊ ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ သာသနာသုံးရပ်၊ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးတို့ကို ရှင်းလင်းပြပြီး ပုညကြိယဝတ္ထု ၁၀-ပါးတို့ကို သိက္ခာသုံးပါးထဲ အကျုံးဝင်ပုံကို သင်ပြသွား၏။
ပုညကြိယဝတ္ထု ၁၀-ပါး လင်္ကာ
လှူဒါန်း-ဒါန၊ စောင့်-သီလ၊ ပွားထ ဘာဝနာ။
ကြီးသူရိုညွတ်၊ ဝေယျာဝစ်၊ ပြုလစ် သင့်ရာရာ။
ကုသိုလ်အမှု၊ ပေးဝေပြု၊ သာဓု ခေါ်ဝမ်းသာ။
တရားတော်နာ၊ ဟောလေပါ၊ ယူမှာ ဖြောင့်မတ်စွာ။
ကုသိုလ်ဆယ်ခု၊ မြတ်ကောင်းမှု၊ ပြုစု နေ့စဉ်သာ။
+++++
ပါယာသိမြို့စားနှင့် ဥတ္တရလုလင်
ပါယာသိမြို့စားသည် မှားသောအယူ ရှိခဲ့ဖူး၏။ အရှင်ကုမာရကဿပနှင့် တွေ့ဆုံ ဆည်းကပ်ရာမှ မှန်သောအယူကို ရရှိခဲ့၏။
ပါယာသိမြို့စားသည် အလှူဒါနပြုရာ ညံ့သော အစားအစာ၊ အဝတ်အထည်တို့ကို လှူဒါန်းသဖြင့် အလှူကို စီမံရသူ အခိုင်းအစေ ဥတ္တရလုလင်က ‘ဤကဲ့သို့သော သခင်မျိုးနှင့် နောင်ဘဝများ၌ မတွေ့ကြုံလိုကြောင်း’ ပြောဆို ဆုတောင်းသည်ကို ပါယာသိမြို့စား တဆင့်စကား ကြားလေ၏။
ဥတ္တရလုလင်ကို ခေါ်ယူ မေးမြန်းရာ …. ဤကဲ့သို့သော အစားအစာမျိုးကို သခင့်အနေဖြင့် တွေ့ထိဖို့ မဆိုထားဘိ၊ လှည့်၍မျှပင် ကြည့်မည်မဟုတ်။ ဤကဲ့သို့သော အဝတ်အထည်မျိုးကိုလည်း သခင့်အနေဖြင့် ခြေသုတ်စရာမျှ ပြုရန်ကိုပင် စဉ်းစားမည်မဟုတ်။ သခင်သည် ညံ့သော အလှူကို ပေးလှူ၏ ….. ဟူသော စကားကို ဆိုလျှင် ဟုတ်မှန်နေ၍ မိမိစားသော အစားအစာမျိုး၊ မိမိဝတ်သော အဝတ်အထည်မျိုးတို့ကို လှူဒါန်းခိုင်းလေသည်။
ပါယာသိမြို့စားသည် မိမိ၏ အလှူကို သူတပါးအား စေခိုင်းကာ ပေးလှူ၏။ ကိုယ်တိုင် လက်ဖြင့် မလှူ။ လှူပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ ပြု၏။ အရိုအသေ မပြု၊ အလေးအမြတ် မလုပ်။
အလှူကို စီမံဆောင်ရွက်ရသူ ဥတ္တရလုလင်က အရိုအသေပြုကာ လှူ၏။ ကိုယ်တိုင် လက်ဖြင့် ကိုင်တွယ် ပေးလှူ၏။ ပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ မပြု။ အလေးအမြတ်ပြုကာ လှူ၏။
ထိုသူနှစ်ဦးသေလွန်သော် ပါယာသိမြို့စားက စတုမဟာရာဇ်နတ်ပြည်တွင် နတ်သားဖြစ်၍၊ ဥတ္တရလုလင်က တစ်ဆင့်မြင့်သော တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်လေသည်။
ပါယာသိမြို့စား နတ်သားနှင့် အရှင်ဂဝံပတိမထေရ်တို့တွေ့စဉ် နတ်သားက အမှာစကားပြောကြားရာ မှတ်သားဖွယ် ကောင်း၏။
… အရှင်ဘုရား၊ တပည့်တော်ရဲ့အလှူကို စီမံအုပ်ချုပ်တဲ့ ဥတ္တရလုလင်ဟာ အရိုအသေပြုလှူလို့, မိမိလက်နဲ့လှူလို့, ပစ်ပစ်ခါခါမလုပ်ဘဲ လှူတဲ့အတွက်ကြောင့် သေတဲ့အခါ တာဝတိံသာနတ်ပြည်မှာ ဖြစ်ပါတယ်။ တပည့်တော်က အလှူဝတ္ထုပစ္စည်း အကုန်အကျခံသော်လည်း သူလိုမလှူခဲ့တဲ့အတွက်ကြောင့် စတုမဟာရာဇ်နတ်ပြည်က ပရိသတ်မရှိတဲ့ သေရီသကဗိမာန်မှာ လာဖြစ်ပါတယ်။ အရှင်ဘုရား လူ့ပြည်ပြန်ရောက်တဲ့အခါမှာ ဒကာ ဒကာမတွေကို ပြောပြပါဘုရား … ပါယာသိမြို့စားတော့ ဒီလိုပဲ မရိုမသေလှူလို့ အညံ့စားနတ်လေးသွားဖြစ်တယ်။ ဥတ္တရလုလင်ကတော့ ရိုရိုသေသေ လှူလို့ ကိုယ်တိုင်လှူလို့ တာဝတိံသာမှာ နတ်သားဖြစ်တယ်ဆိုတာ ပြောပါဘုရား ….
ဝေယျာဝစ္စသည်လည်း အကျိုးများသော ကုသိုလ်ကောင်းမှုတို့၏ တည်ရာ ဖြစ်၏။
+++++
ပတ္တိဒါန
ပတ္တိ = ရရှိခြင်း၊ ဒါန = ပေးခြင်း
မိမိရရှိသော ကုသိုလ်အဖို့ကို အမျှဝေခြင်း ဖြစ်၏။ အညီအမျှ ရပါစေဟု အဓိပ္ပာယ်ရှိ၏။
ကိုယ့်ကုသိုလ်ကို အကြောင်းပြု၍ သူတပါးကုသိုလ်စိတ်ဖြစ်အောင် ဝမ်းမြောက်အောင် ကုသိုလ်ရအောင် ပြုလုပ်ပေးခြင်း ဖြစ်၏။
မိမိက ကုသိုလ်မလုပ်ဘဲ အမျှမပေးနိုင်။
ပတ္တာနုမောဒနာ
သူများက ပေးလိုက်သော ကိုယ့်ဆီရောက်လာသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း။
မြန်မာလို … ကောင်းလေစွ … ကောင်းလေစွ … ကောင်းလေစွ .. သာဓု .. သာဓု … သာဓု ခေါ်ဆို ဝမ်းမြောက်ခြင်း ဖြစ်၏။
အမျှပေးဝေရာ၌ ကွယ်လွန်သူများကို ရည်ရွယ်ပြီး အမည်ကို တိုက်ရိုက် ခေါ်ဆို ပေးဝေလျှင် ထိုသူများ သာဓုခေါ်နိုင်သော အခြေအနေ အချိန်အခါနှင့် တိုက်ဆိုင်နေပါက (ကံမကောင်း၍ ပြိတ္တာဘဝ ရောက်နေပါက) ကုသိုလ်ရပြီး ချက်ချင်း အကျိုးများ၏။
ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးများမှ ရှေးရှေး ဘုရားရှင်များလက်ထက်ကပင် ပြိတ္တာဘဝသို့ ရောက်ရှိနေကြပြီး၊ ဗိမ္ဗိသာရမင်းကြီးက အလှူပေး၍ အမျှပေးဝေသော အချိန်အခါ ကာလကျမှ ကုသိုလ်အမျှရခွင့် ကြုံကြိုက်၏။
အမျှပေးဝေခြင်းဖြင့် ကုသိုလ်တိုးကြောင်း အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရသူဆင်းရဲကို ပစ္စေကဗုဒ္ဓါအရှင်မြတ်က မိမိဆီမီးတိုင်မှ မီးကို အများက ကူးညှိထွန်းယူခြင်းဖြင့် မိမိဆီမီးတိုင်မှာ အလင်းရောင် မလျော့သွားသည့်အပြင် အခြားဆီမီးတိုင်များကြောင့် ပိုမို ထွန်းလင်းလာကြောင်း ဥပမာပြု ဟောကြားတော်မူ၏။
ဓမ္မဿဝန
တရားနာခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ယူခြင်း စသည်ကိုလည်း ဓမ္မဿဝနထဲ ထည့်နိုင်၏။
ဓမ္မဒေသနာ
လာဘ်လာဘကို မငဲ့ကွက်ဘဲ တရားဟောခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ကြားပေးခြင်းကိုလည်း ထည့်နိုင်၏။
ဒိဋ္ဌိဇုကမ္မ
အယူကို ဖြောင့်မတ်စွာ ပြုခြင်း။ ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း။
ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒနာ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ – ဆယ်မျိုးမှာ ပုည = ကောင်းမှု, ကြိယာ = ပြုခြင်း, ဝတ္ထု = တည်ရာ၊
ပုညကြိယဝတ္ထု ဆယ်ပါး = ကောင်းမှုပြုခြင်း၏တည်ရာ အကျင့် ဆယ်ပါး ဖြစ်၏။
ဤ ပုညကြိယဝတ္ထုဆယ်ပါးကို အကျဉ်းချုံးက ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးသာ ရ၏။
အပစာယနနှင့် ဝေယျာဝစ္စမှာ ကောင်းသော အလေ့အကျင့်ဖြစ်၍ သီလထဲ သွင်းရ၏။
ပတ္တိဒါန၊ ပတ္တာနုမောဒနာမှာ ဣဿာ, မစ္ဆရိယ – မနာလို ဝန်တိုမှု ကင်းမှ ဖြစ်၍ ဒါနထဲ သွင်းရ၏။
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မတို့မှာ ကုသိုလ်ကို ပွားများစေကြောင်း ဖြစ်၍ ဘာဝနာထဲ သွင်းရ၏။
အလှူရေစက်ချသောအခါ ဘုန်းတော်ကြီးများက ဒါန, သီလ, ဘာဝနာ ကုသိုလ်စေတနာတို့ကြောင့် … ဟု ချပေးလေ့ရှိခြင်းမှာ ပရိတ်တရားတော်ကို နာကြားခြင်း၊ တရားတော်ကို နာကြားခြင်းတို့မှာ ဘာဝနာထဲ အကျုံးဝင်သောကြောင့် ဖြစ်၏။
တစ်နည်းအားဖြင့် ဒိဋ္ဌိဇုကမ္မ – အယူဖြောင့်မှန်မှသာ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုနိုင်မည်ဖြစ်ရာ လိုရာကို ညွှန်သည့် သင်္ဘောတစ်စီး၏ ပဲ့သဖွယ်ဖြစ်၍ ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးစလုံးမှာ သွင်းယူရ၏။
ကာမာဝစရကုသိုလ်ကံသည် –
* ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ၃-မျိုး
* ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရအားဖြင့် ၃-မျိုး
* ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ၃-မျိုး
* ကာမာဝစရကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာအားဖြင့် ၈-မျိုး
* ပုညကြိယဝတ္ထုအားဖြင့် ၁၀-မျိုး ဟု ဆိုနိုင်၏။
ကာမာဝစရကံများကို အကျဉ်းချုပ်သော် –
* အကုသိုလ်နှင့်ယှဉ်သော စေတနာ ၁၂
* ကုသိုလ်နှင့်ယှဉ်သော စေတနာ ၈ – စုစုပေါင်း ၂၀ ဖြစ်၏။
+++++
ရူပါဝစရကုသိုလ်ကံ
ရူပါဝစရကုသိုလ်ကံ ငါးပါး (ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
ရူပါဝစရကုသိုလ်ကံမှာ မနောဒွါရ – မနောကံသာ ရှိပြီး ကမ္မဋ္ဌာန်းတရား အားထုတ်မှသာ ရနိုင်၏။
အပ္ပနာ (ဈာန်၊ မဂ်၊ ဖိုလ်)သို့ ရောက်သော ဘာဝနာမနောကံ ဖြစ်၏။
အရူပါဝစရကုသိုလ်ကံ
အရူပါဝစရကုသိုလ်ကံ လေးပါး (အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
အပ္ပနာသို့ရောက်သော ဘာဝနာမနောကံ ဖြစ်၏။
+++++
ပဋိသန္ဓေအကျိုးပေး၊ ပဝတ္တိအကျိုးပေး
ပဋိသန္ဓေစိတ် ဖြစ်ပေါ်သော အခိုက်အတန့်၌ အကျိုးပေးကို ပဋိသန္ဓေအကျိုးပေး ဟု ခေါ်၏။
ပဋိသန္ဓေစိတ်ဖြစ်ပြီး ပထမဘဝင်စိတ်မှ သေသည်တိုင် အကျိုးပေးကို ပဝတ္တိအကျိုးပေး ဟု ခေါ်၏။
အကုသိုလ်ကံ
ဥဒ္ဓစ္စကြဉ်သော အကုသိုလ်ကံ ၁၁-ပါးသည် အပါယ်လေးဘုံတွင် ပဋိသန္ဓေအကျိုးပေး၏။ စိတ်အားဖြင့် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ဖြစ်သည်။
ဥဒ္ဓစ္စအပါအဝင် အကုသိုလ်ကံ ၁၂-ပါးသည် ကာမာဝစရ ၁၁-ဘုံမှာ ပဝတ္တိအကျိုးကို ပေး၏။ အကုသလဝိပါက်စိတ် ၇-ပါးတို့ ဖြစ်၏။ ဥပမာ – မမြင်လိုသည်ကို မြင်ရခြင်း၊ မကြားလိုသည်ကို ကြားရခြင်း .. စသည်တို့မှာ အကုသိုလ်ကံတို့၏ အကျိုးပေး ဖြစ်၏။
ဃာန၊ ဇိဝှာ၊ ကာယ ကြဉ်သော အကုသလဝိပါက် ၄-ခုသည် အသညသတ်မပါသော ရူပဘုံ ၁၅-ဘုံတွင် ပဝတ္တိအကျိုးကို ပေးနိုင်၏။
ဗြဟ္မာများ လူ့ပြည်စသည်ကို ကြည့်၍ မမြင်ချင်သော အနိဋ္ဌာရုံမြင်ရခြင်း စသည် ဖြစ်နိုင်၏။
ကာမာဝစရကုသိုလ်ကံ
ကာမာဝစရကုသိုလ်ကံ ၈-ခုသည် ကာမသုဂတိ ၇-ဘုံ (လူ့ပြည်နှင့် နတ်ပြည် ၆-ထပ်)တွင် ပဋိသန္ဓေအကျိုးကို ပေး၏။
ကုသလဝိပါက် ဥပေက္ခာ သန္တီရဏနှင့် မဟာဝိပါက် ၈-ခုတို့ ဖြစ်၏။
ကာမာဝစရသုဂတိ ၇-ဘုံမှာ ပဝတ္တိအခါ၌ မဟာဝိပါက်စိတ် ၈-ခုနှင့် အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ ပေါင်း ၁၆-ခုတို့ အကျိုးပေး၏။
အသညသတ်ကြဉ် ရူပါဝစရ ၁၅-ဘုံမှာ ဃာန၊ ဇိဝှာ၊ ကာယကြဉ် အဟိတ်ကုသလဝိပါက် ၅-ခုတို့ ပဝတ္တိအကျိုး ပေး၏။
တိဟိတ်ကုသိုလ်
တိဟိတ်ကုသိုလ်ဆိုသည်မှာ ကုသိုလ်ပြုသည့်အခါ ကံ,ကံ၏အကျိုးကို သိသည့်ဉာဏ်ပါသော ကုသိုလ်ဖြစ်၏။ ကာမာဝစရကုသိုလ် ၈-ပါးမှ ဉာဏသမ္ပယုတ် ၄-ပါး ဖြစ်၏။
ထို့ကြောင့် ရေစက်ချသောအခါ ဘုန်းတော်ကြီးများက … ကံ,ကံ၏အကျိုးကို ယုံကြည်ကြကုန်သည် ဖြစ်၍ … ဟု ချပေးခြင်း ဖြစ်၏။
ဒွိဟိတ်ကုသိုလ်
ကံ,ကံ၏အကျိုးကို သိမြင်သော ဉာဏ်မပါဘဲ အမှတ်တမဲ့ ပြုလုပ်သော ကံမျိုးဖြစ်၏။
ထို့ကြောင့် ကုသိုလ်ပြုရာတွင် ပေါ့ပေါ့ဆဆ အမှတ်တမဲ့ မပြုလုပ်ရန် အရေးကြီး၏။
ဥက္ကဌ်ကုသိုလ်
ကောင်းတာ မြင့်မြတ်တာကို ဥက္ကဌ်ဟု ခေါ်၏။
ကုသိုလ်မပြုမီအခါ၊ ပြုပြီးအခါ – ရှေ့နောက် ကုသိုလ်ခြံရံသော ကုသိုလ် ဖြစ်၏။
ထိုကုသိုလ်ကို ဥက္ကဌ်ကုသိုလ်-အမြတ်စားကုသိုလ်ဟု ခေါ်၏။
ကုသိုလ်ပြုရာတွင် စေတနာသုံးတန် ထက်သန် ပြဋ္ဌာန်း၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရန် အရေးကြီး၏။
ရေစက်ချသောအခါ ဘုန်းတော်ကြီးများက … ဝမ်းမြောက်ဝမ်းသာ လှူဒါန်းကြပါကုန်၏ … ဟု ချပေးခြင်း ဖြစ်၏။
သြမကကုသိုလ်
ရှေ့နောက် အကုသိုလ်ခြံရံသော ကုသိုလ်ကို သြမကကုသိုလ်-အညံ့စားကုသိုလ်ဟု ခေါ်၏။
+++++
ထို့ကြောင့် ကုသိုလ်ကောင်းမှုပြုရာတွင် ပြုလုပ်သော ကောင်းမှုကုသိုလ်၏ အကျိုးကို အပြည့်အဝ ရရှိရန် ဉာဏ်ပါသော အမြတ်စားကုသိုလ်ဖြစ်အောင် လေးလေးစားစား ဂရုတစိုက် ပြုလုပ်ရန် အထူး အရေးကြီး၏။
+++++
အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် (၃၃) သင်ခန်းစာ ပြီးသော်၊ နာရီဝက်ခန့် အနားရကြပြီး၊ အပတ်စဉ် (၃၄) သင်ခန်းစာကို လေ့လာ သင်ယူကြရ၏။
ထိုနောက် လောကချမ်းသာ စနေနေ့ တရားပွဲကို အရှင်ဝဏ္ဏိတက “အဟောသုခံ နိဗ္ဗာနံ” တရားတော် အဆက်ကို အဆုံးသတ် ဟောကြား ဓမ္မဒါနပြု၏။
တရားပွဲပြီးသော် ၁၅-မိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။