ကဆုန်လပြည့် ဗုဒ္ဓနေ့


ဆရာစော။ ။ “ဗျာဒိတ်တော်ခံ၊ ဖွားပွင့်စံ၊ ဟောညွှန် ဗုဒ္ဓဝံသ
ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” တဲ့ ဗျ။

ဆရာဇေ။ ။ ‘ကဆုန်လ’က တဆယ့်နှစ်လရှိတဲ့အနက် အတော် ထူးခြားတဲ့ လလို့ ဆိုရမှာပေါ့ဗျာ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အလောင်းတော်ဘဝရော၊ ပါရမီဖြည့်တော်မူစဉ်ကရော၊ ဘုရားဖြစ်တဲ့အချိန်မှာရော ဖြစ်တော်စဉ်ကြီး ငါးပါးနဲ့ ဆုံဆည်း ကြုံကြိုက်တာ မဟုတ်လား။

ဆားပုလင်း ခင်မောင်ဝင်း။ ။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်” လမြတ်ဝါဆိုက ဖြစ်တော်စဉ် သုံးပါး၊ ကဆုန်လက ဖြစ်တော်စဉ်ကြီး ငါးပါးဆိုတော့ အမြတ်ဆုံးလ၊ ထူးခြားတဲ့ ကဆုန်လလို့ ပြောရမျာပေါ့ဗျာ။ ကဲ .. ကဆုန်လရဲ့ ဖြစ်တော်စဉ်ကြီးတွေကို ရှင်းစမ်းပါဦး။

ဆရာစော။ ။ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ အရှင်ကုဏ္ဍလာဘိဝံသရဲ့ ဟောစဉ်တရားပေါင်းချုပ် အမှတ် (၂)ထဲ ပါတဲ့ ‘ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားတော်’ကို ဖတ်ရှု ကြည်ညို မှတ်သားရတာဗျ။

ပထမ ဖြစ်တော်စဉ်က “ဗျာဒိတ်တော် ခံ” တဲ့။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး သုမေဓာရသေ့ဘဝတုန်းက ဒီပင်္ကရာဘုရားရှင်ထံတော်က နိယတဗျာဒိတ်ရတဲ့နေ့ဟာ ကဆုန်လပြည့်နေ့။

ဒုတိယ ဖြစ်တော်စဉ်က “ဖွား” တဲ့။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်မယ့် နောက်ဆုံးဘဝမှာ သိဒ္ဓတ္ထမင်းသားလေးအဖြစ်နဲ့ ဖွားမြင်တော်မူတာ ကဆုန်လပြည့်နေ့မှာပဲ။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ကပိလဝတ္ထုမြို့၊ ဒေဝဒဟမြို့၊ ကောလိယမြို့ …. သာကီဝင်မင်းမျိုးတွေ နေတဲ့ ဒီသုံးမြို့ဟာ သက္ကတိုင်းထဲမှာ ရှိတယ်။ မယ်တော် မာယာက ဒေဝဒဟမြို့သူ။ သုဒ္ဓေါဒနမင်းကြီးနဲ့ အကြောင်းပါတော့ သုဒ္ဓေါဒနမင်းကြီးနောက် လိုက်ပြီး ကပိလဝတ္ထုမြို့မှာ နေရတာ။ ဘုရားအလောင်းတော်ကို ကိုယ်ဝန် အရင့်အမာရှိတော့ ဆွေပြမျိုးပြအဖြစ် ကပိလဝတ္ထုမြို့ကနေ ဒေဝဒဟမြို့ကို အလည်အသွား လုမ္ဗိနီ အင်ကြင်းတောမှာ ဘုရားလောင်းကို ဖွားမြင်တော်မူတာ။

ဆရာစော။ ။ ဘုရားရှင်နဲ့ စပ်ပြီး ရောက်သင့်ရောက်ထိုက်တဲ့ လေးဌာနထဲ ပါတဲ့ ဌာနကြီးပေါ့ဗျာ။ တစ်ကြိမ်တစ်ခေါက်လောက်တော့ ရောက်အောင် သွားပြီး ဖူးထိုက်တယ်။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ဆရာဇေက မကြာသေးခင်က ရောက်ခဲ့တာဆိုတော့ ကုသိုလ်ထူးသဗျ။

ဆရာစော။ ။ ဆရာဇေ အီးမေးလ်နဲ့ ပို့လာတဲ့ ဗုဒ္ဓဂယာက ဓာတ်ပုံတွေ မြင်ရ ကြည်ညိုရပါတယ် ဗျာ။

ဆရာဇေ။ ။ ဓာတ်ပုံတွေက အများကြီး ရိုက်လာတာ ဗျ။ ထပ်ပြီး ပို့ပေးပါအုန်းမယ်။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ကဲ .. တတိယ ဖြစ်တော်စဉ်ကို ပြောပြပါဦး။

ဆရာစော။ ။ တတိယ ဖြစ်တော်စဉ်က “ပွင့်”။
“ပွင့်” ဆိုတာ ဘုရားဖြစ်တော်မူတဲ့ နေရာ။ အဲဒီ နေရာကိုလည်းပဲ သွားရောက်ပြီးတော့ ရှိခိုး ပူဇော်ထိုက်တယ်တဲ့။

ဆရာဇေ။ ။ ဘုရားဖြစ်တော်မူတဲ့ နေရာ ခုခေတ် ‘ဗုဒ္ဓဂယာ’လို့ ခေါ်တယ်။ ဗုဒ္ဓဂယာရဲ့ အရှေ့စောင်းစောင်းဆီမှာ တောရိပ် တောင်ရိပ်တွေနဲ့ ဥရုဝေလတောင်၊ ဥရုဝေလတောကြီး ရှိတယ်။ အရှေ့ဘက် မနီးမဝေးက ဗောဓိညောင်ပင် ရွှေပလ္လင်၊ သူ့အရှေ့ဘက် ခဲနှစ်ပစ် သုံးပစ်လောက်မှာ နေရဉ္ဇရာမြစ်ကြီးက ဥရုဝေလတောကို ဖြတ်သန်းပြီး တောင်မြောက် စီးဆင်းလို့။ နေရဉ္ဇရာမြစ်ရဲ့ အရှေ့ဘက်ကမ်း၊ ဥရုဝေလတောရဲ့ တောင်ဘက်နားက သုဇာတာသူဌေးသမီးတို့ နေတဲ့ သေနာနိဂုံး။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တော်မူတော့ အပြင်ရန်ခေါ်တဲ့ မာရ်နတ်ရန်၊ အတွင်းရန်ခေါ်တဲ့ ကိလေသာရန်တွေကို အောင်မြင်တော်မူတာလည်းပဲ ဒီကဆုန်လပြည့်နေ့ပဲ။

ဆရာစော။ ။ ဘုရားဖြစ်တော်မူတဲ့ နေ့ ကဆုန်လပြည့်နေ့ပေါ့ ဗျာ။

စတုတ္ထ ဖြစ်တော်စဉ်က “စံ”။
ကဆုန်လပြည့်နေ့မှာပဲ ကုသိနာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းစုံ အင်ကြင်းတောမှာပဲ ပရိနိဗ္ဗာန် စံတာ။

ဆရာဇေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖွားတာလည်း အင်ကြင်းတောမှာ ဖွားတယ်။ ပရိနိဗ္ဗာန်စံတော့လည်း အင်ကြင်းတောထဲမှာပဲ ပရိနိဗ္ဗာန် စံတယ်။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ပရိနိဗ္ဗာန်စံတဲ့ နေရာလည်း ရှိခိုး ပူဇော်ထိုက်တဲ့ ဌာန မဟုတ်လား ဗျ။

ဆရာစော။ ။ ဟုတ်တာပေါ့ ဗျာ။ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ သွားရောက် ရှိခိုး ကန်တော့ထိုက်တဲ့ နေရာလို့ ဘုရားဟောသွားတဲ့ အထဲမှာ ပါကြောင်း သိရတယ်။

ပဉ္စမ ဖြစ်တော်စဉ်က “ဟောညွှန် ဗုဒ္ဓဝံသ”
ဗုဒ္ဓဝင် ပါဠိတော်ကြီးကို ဟောတာလည်း ဒီကဆုန်လပြည့်နေ့ပဲ။
သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ကြီးမှာ ဘုရားကိုယ်တော်မြတ်ကြီး သူ့ရဲ့ ဘုရားဖြစ်တော်စဉ်တွေ ပြန်ပြောင်းပြီးတော့ ဟောကြားခဲ့တာလည်း ကဆုန်လပြည့်နေ့။

ဆားပုလင်း ခင်မောင်ဝင်း။ ။ လထူးလမြတ် နေ့ထူးနေ့မြတ် ကဆုန်လပြည့် ဗုဒ္ဓနေ့ပေါ့။ ဒီနေ့ ကဆုန်လပြည့်နေ့ ည ဦးမောင်မောင်-ဒေါ်မြတ်မြတ်တို့ နေအိမ်မှာ ဗုဒ္ဓဘုရားရှင်ကို ကြည်ညို ပူဇော်သောအားဖြင့် ပရိတ်တရားတော်တွေ ရွတ်ဆိုပူဇော်ကြမှာဗျ။ ဆရာစော လိုက်ခဲ့ပါလား။

ဆရာစော။ ။ လိုက်ချင်တာပေါ့ ဗျာ။ ဒူးခွဲထားတာ မကြာသေးတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးပါဘူး။

Leave a Reply