စူဠဗောဓိဇာတ် (ပညာရှိတို့သည် အမျက်မထွက်သင့်ကြောင်း)

ဟောတော်မူရာဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် “ယော တေ ဣမံ ၀ိသာလက္ခိ´´ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဗောဓိဇာတ်ကို ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမျက်ထွက်တတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု

ထိုရဟန်းသည် ၀ဋ်ဆင်းရဲမှ ထွက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းအဖြစ်ကို ရပါသော်လည်း အမျက်ဒေါသကို နှိပ်စက်ခြင်းငှာ မတတ်နိုင်သတတ်။ ပြင်းစွာ အမျက်ထွက်တတ်၏။
အမျက်ဒေါသကြောင့် ကိုယ်၏ ပင်ပန်းခြင်း၊ စိတ်၏ ပင်ပန်းခြင်း များ၏။
အနည်းငယ်သာ ဖြစ်လျှင်မူကား ကပ်ငြိတတ် တုန်လှုပ်တတ်၏။ ပကတိသဘောကို လွန်၍ ဖောက်ပြန်ခြင်းသို့ ရောက်တတ်၏။ အမျက်ဒေါသ၌သာ တည်၏။

သဗ္ဗညုမြတ်စွာဘုရားသည် ထိုရဟန်း၏ အမျက်ထွက်တတ်သည်၏ အဖြစ်ကို ကြားတော်မူလျှင် ခေါ်စေ၍ “ရဟန်း … သင်သည် အမျက်ဒေါသကြီးသတတ်ဟူသည် မှန်သလော´´ဟု မေးတော်မူ၍ “အရှင်ဘုရား … မှန်ပေ၏´´ဟု နားတော်လျှောက်သည်ရှိသော် –

“ရဟန်း … အမျက်ဒေါသမည်သည်ကို မြစ်အပ်၏။ ထိုစကားသည် မှန်၏။ ဤသို့သဘောရှိသော အမျက်ဒေါသသည် ပစ္စုပ္ပန်လောက တမလွန်လောက၌ အကျိုးမဲ့ကိုသာ ပြုတတ်၏။ သင်သည် အမျက်ဒေါသမရှိသော ငါဘုရားသာသနာတော်၌ ရဟန်းပြု၍ အဘယ်ကြောင့် အမျက်ထွက်ဘိသနည်း။ ရှေးပညာရှိတို့သည်ကား သဗ္ဗညုဘုရားသာသနာတော်မှ အပဖြစ်သော အခါကာလ၌ ရသေ့ရဟန်းပြု၍လည်း အမျက်ထွက်ခြင်းကို မပြုကုန်´´ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု

ရဟန်း … လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် အမှတ်မရှိသော နိဂုံးရွာ၌ ကြွယ်ဝကုံလုံ ပြည့်စုံသော၊ များသော ဥစ္စာရှိသော၊ များသော အသုံးအဆောင်ရှိသော ပုဏ္ဏားတယောက်သည် သားမရှိသည် ဖြစ်၏။ ထိုပုဏ္ဏား၏ ပုဏ္ဏေးမသည် သားကို တောင့်တ၏။ ထိုအခါ ဘုရားလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေခဲ့၍ ထိုပုဏ္ဏေးမ၏ ၀မ်း၌ ဖြစ်၏။

ဗြဟ္မာဝင်စား လင်မယား

ထိုဘုရားလောင်းအား “ဗောဓိကုမာရ´´ဟူသော အမည်ကို မှည့်ကုန်၏။
ထိုဘုရားလောင်း၏ အရွယ်သို့ရောက်သော ကာလ၌ တက္ကသိုလ်ပြည်သို့ သွားပြီးလျှင် အလုံးစုံသော အတတ်တို့ကို သင်၍ တဖန် ပြန်လာသောအခါ၌ အလိုမရှိဘဲလျက် မိဘတို့သည် တူသောအမျိုးရှိသော အိမ်မှ သတို့သမီးကို ဆောင်ကုန်၏။
ထိုသတို့သမီးသည်လည်း ဗြဟ္မာ့ပြည်မှ စုတေလာသောသူတည်း။ မြတ်သောအဆင်းကို ဆောင်၏။ နတ်သမီးနှင့် တူ၏။
ထိုနှစ်ယောက်ကုန်သော သူတို့၏ အလိုမရှိကုန်ဘဲလျက်လျှင် ထိမ်းမြားခြင်း မင်္ဂလာကို ပြုကုန်၏။
နှစ်ယောက်ကုန်သော သူတို့အား ကိလေသာဖြစ်ခြင်းမည်သည် တကြိမ် တဖန်မျှ မဖြစ်စဖူး။ ရာဂ၏အစွမ်းအားဖြင့် တယောက်သည် တယောက်ကို မကြည့်စဖူး။ အိပ်မက်၌လည်း မေထုန်အကျင့်မည်သည်ကို မမြင်မက်စဖူး။
ဤသို့ စင်ကြယ်သော သီလရှိသည် ဖြစ်ကုန်၏။

လင်မယား ၂-ယောက် ရသေ့ဝတ်ကြ

ထိုအခါ နောက်အဖို့၌ ဘုရားလောင်းမိဘတို့သည် သေလွန်ကုန်သည်ရှိသော် ထိုမိဘတို့အား သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးလျှင် ထိုမယားကို ခေါ်၍ “ရှင်မ … သင်သည် ကုဋေရှစ်ဆယ်ရှိသော ဥစ္စာကို ယူ၍ ချမ်းသာစွာ အသက်မွေးလေလော့´´ဟု ဆို၏။
“အရှင့်သား အသို့နည်း´´ဟု ဆို၏။
“ငါ့အား ဥစ္စာဖြင့် ပြုဖွယ်ကိစ္စ မရှိ။ ဟိမ၀န္တာသို့ ၀င်ပြီးလျှင် ရသေ့ရဟန်းပြု၍ မိမိ၏တည်ရာ ကိုးကွယ်ရာကို ပြုအံ့´´ဟု ဆို၏။
“အရှင့်သား … ရဟန်းအဖြစ် မည်သည်ကား ယောက်ျားတို့အားသာလျှင် အပ်သလော´´ဟု မေး၏။
“ရှင်မ … မိန်းမတို့အားလည်း အပ်၏´´ဟု ဆို၏။
“ထိုသို့တပြီးကား … အရှင်တို့သည် ထွေးအပ်သော တံတွေးပေါက်နှင့်တူသော ဥစ္စာကို ငါသည် မယူအံ့။ ငါ့အားလည်း ဥစ္စာဖြင့် ပြုဖွယ်ကိစ္စ မရှိ။ ငါသည်လည်း ရဟန်းပြုအံ့´´ဟု ဆို၏။
“ရှင်မ … ကောင်းပြီး´´ဟု ဆို၍ နှစ်ယောက်ကုန်သော သူတို့သည် အလှူကြီးကို ပေးပြီးလျှင် အိမ်မှ ထွက်၍ မွေ့လျော်ဖွယ်ရှိသော မြေအဖို့၌ သင်္ခမ်းဆောက်၍ ရသေ့ရဟန်းပြုပြီးလျှင် သစ်သီးကြီးငယ်တို့ကို ရှာမှီး၍ သစ်သီးကြီးငယ်တို့ဖြင့် မျှကုန်လျက် ဟိမ၀န္တာတောအရပ်၌ ဆယ်နှစ်ပတ်လုံး နေကုန်၏။

ထိုနှစ်ယောက်ကုန်သော သူတို့အား ဈာန်သည်ကား မပြည့်စုံသေး။
ထိုနှစ်ယောက်ကုန်သော သူတို့သည် ထိုဟိမ၀န္တာတောအရပ်၌ ရဟန်းချမ်းသာဖြင့်သာလျှင် ဆယ်နှစ်တို့ပတ်လုံး နေကုန်၍ ချဉ်ဆားမှီဝဲအံ့သောငှာ ဇနပုဒ်သို့ ဒေသစာရီသွားကုန်သည်ရှိသော် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်းဥယျာဉ်၌ နေကုန်၏။

မင်းကြီး ရသေ့မကို ကြိုက်ပြီ

ထိုအခါ တနေ့သ၌ မင်းသည် လက်ဆောင်ကို ယူ၍ လာသော ဥယျာဉ်စောင့်ကို မြင်၍ “ဥယျာဉ်ကစားအံ့၊ ဥယျာဉ်ကို သုတ်သင်လော့´´ဟု ဆိုပြီး၍ ဥယျာဉ်စောင့်သည် ကောင်းစွာ စီရင်အပ်သော ဥယျာဉ်သို့ များသောအခြံအရံဖြင့် သွား၏။

ထိုခဏ၌ ထိုနှစ်ယောက်ကုန်သော ရသေ့ယောက်ျား၊ ရသေ့မိန်းမတို့သည် ဥယျာဉ်နံပါးတဖက်၌ ရဟန်းချမ်းသာဖြင့် လွန်စေ၍ နေကုန်၏။

ထိုအခါ မင်းသည် ဥယျာဉ်၌ လှည့်လည်သည်ရှိသော် ရဟန်းချမ်းသာဖြင့် နေကုန်သော ထိုနှစ်ယောက်ကုန်သော ရသေ့ယောက်ျား၊ ရသေ့မိန်းမတို့ကို မြင်၍ အလွန် ကြည်ညိုဖွယ်ရှိသော မြတ်သော အဆင်းကို ဆောင်သော ရသေ့မကို ကြည့်သည်ရှိသော် တပ်စွန်းသော စိတ်သည် ဖြစ်လေ၏။

အဘယ်သို့ တော်စပ်သနည်း

ထိုဗာရာဏသီမင်းသည် ကိလေသာ၏ အစွမ်းဖြင့် တုန်လှုပ်လျက် “ဤရသေ့မသည် ဤရသေ့ယောက်ျားနှင့် အသို့တော်သနည်းဟု မေးဦးအံ့´ဟု ဘုရားလောင်းသို့ ကပ်၍ “အို ရှင်ရသေ့ … ဤရသေ့မသည် အရှင်ဘုရားနှင့် အသို့တော်သနည်း´´ဟု မေး၏။

“မြတ်သောမင်းကြီး … တစုံတခု အမျိုးတော်၏ မတော်၏ဟု ဆိုဖွယ်သည် မဖြစ်။ လူမှုနှင့်မရော သက်သက် တူသော ရသေ့အကျင့်ဖြင့် ရသေ့အဖြစ်သို့ ရောက်သသူတည်း။ စင်စစ်သောကား ငါ၏ လူဖြစ်သောအခါ ခြေရင်း၌ အလုပ်အကျွေးတည်း´´ဟု ဆိုလေ၏။

ရသေ့မစော်ကားလျှင် အသို့ပြုအံ့နည်း

ထိုစကားကို ကြား၍ မင်းသည် “ရသေ့မကား ထိုရသေ့၏ တစုံတခု ပိုင်ထိုက်သော ဥစ္စာသည် မဖြစ်သတတ်။ စင်စစ်သော်ကား လူဖြစ်သောအခါသာလျှင် ထိုရသေ့၏ ခြေရင်း၌ အလုပ်အကျွေးဖြစ်သတတ်။ ငါသည် ဤရသေ့မကို အစိုးရသောမင်း၏အစွမ်းဖြင့် ယူ၍ အကယ်၍ သွားသည်ဖြစ်အံ့။ အသို့ပြုလတ္တံ့နည်း။ ထိုရသေ့ကို စုံစမ်းအံ့´´ဟု ကြံ၍ ချဉ်းကပ်ပြီးလျှင် –

၄၉။ ယော တေ ဣမံ ၀ိသာလက္ခိံ၊
ပိယံ သံမှိတဘာသိနိံ။
အာဒါယ ဗလာ ဂေစၧယ်၊
ကိံ နု ကယိရာသိ ဗြာဟ္မဏ။ ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

+++

၄၉။ ဗြာဟ္မဏမကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။
ဝိသာလက္ခိံ ၀န်းသော မျက်လုံးရှိသော။
သမှိတဘာသိနိံစဉ်းငယ်ပြုံးရွှင်သော ပြောခြင်းရှိသော။
တေရှင်ရသေ့၏။
ဣမံ ပိယံဤလူလက်ထက်၌ မယားဖြစ်ဖူးသော ရသေ့မကို။
ယောအကြင်သူသည်။
ဗလာ-ဗလက္ကာရေန နိုင်ထက်ကလူပြုသဖြင့်။
အာဒါယယူ၍။
ဂစ္ဆေယျသွားငြားအံ့။
တံထိုသူကို။
တွံသင်သည်။
ကိံ နုအသို့လျှင်။
ကယိရာသိ ပြုအံ့နည်း။

+++

ပညာရှိအမျက် ပြင်မထွက်

ထိုအခါ မင်း၏စကားကို ကြား၍ ဘုရားလောင်းသည် –

၅၀။ ဥပ္ပဇ္ဇေ မေ န မုစ္စေယျ၊
န မေ မုစ္စေယျ ဇီဝတော။
ရဇံဝ ၀ိပုလာ ၀ုဋ္ဌိ၊
ခိပ္ပမေ၀ နိဝါရယေ။ ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၀။ မဟာရာဇ မြတ်သောမင်းကြီး။
မေငါ့အား။
ကောဓော အမျက်ဒေါသသည်။
ဥပ္ပဇ္ဇေ-ဥပ္ပဇ္ဇေယျ ဖြစ်ငြားအံ့။
န မုစ္စေယျ ဖြစ်သောအမျက်သည် ကိုယ်မှ မထွက်ရာ။
ဇီဝတော အသက်ရှည်သမျှ ကာလပတ်လုံး။
မေငါ့အား။
န မုစ္စေယျကိုယ်မှ မထွက်ရာ။
ဝိပုလာ ၀ုဋ္ဌိသည်းစွာသော မိုးပေါက်ရှိသော မိုးကြီးသည်။
ရဇံ မြူကို။
နိဝါရယေ ဣ၀ မြစ်သကဲ့သို့။
တံထိုအမျက်ကို။
ခိပ္ပမေ၀လျင်စွာသာလျှင်။
နိဝါရယေ မြစ်အံ့။

+++

ရသေ့မကို အတင်းယူ

ဤသို့ ဘုရားလောင်းသည် မြတ်သောတရားစကားကို ဟောတော်မူလေ၏။
ထိုသို့ ဟောသော်လည်း မင်းသည် ဘုရားလောင်း၏ တရားစကားကို ကြားရ၍လည်း အလွန်မိုက်သည်၏အဖြစ်ကြောင့် ရသေ့မ၌ တပ်စွန်းသော မိမိစိတ်ကို တားမြစ်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အမတ်တယောက်ကို “ဤရသေ့မကို မင်း၏နန်းတော်သို့ ဆောင်သွားလေလော့´´ဟု စေလိုက်၏။

ထိုအမတ်သည် “ကောင်းပြီ´´ဟု ၀န်ခံ၍ ထိုမင်းဆိုတိုင်းကို ပြု၏။
ရသေ့မလည်း “အချင်းတို့ … လောက၌ သူတော်မဟုတ် သူယုတ်တို့၏ အကျင့်သည် ဖြစ်၏။ မလျောက်ပတ်စွာတကား´´ ဤသို့ အစရှိသော စကားတို့ကို ဆို၍ ငိုကြွေး မြည်တမ်းစဉ်ပင်လျှင် ထိုရသေ့မကို ယူ၍ သွားလေ၏။

ဘုရားလောင်းသည် ထိုရသေ့မ၏ ငိုကြွေးသံကို ကြား၍ တကြိမ်ကြည့်ပြီးလျှင် တဖန် မကြည့်ပြီ။
ငိုမြည်တမ်းသော ရသေ့မကို မင်း၏နန်းတော်သို့သာလျှင် ဆောင်လေ၏။
ထိုဗာရာဏသီမင်းသည်လည်း ဥယျာဉ်၌ ကြာမြင့်စွာ နေခြင်းကို မပြုမူ၍သာလျှင် လျင်မြန်စွာ သွားပြီးလျှင် ထိုရသေ့မကို ခေါ်စေ၍ ကြီးစွာသော မင်း၏စည်းစိမ်ဖြင့် ဖိတ်၏။
ထိုရသေ့မသည် မင်းစည်းစိမ်ဖြင့် ကျေးဇူးမရှိသည်ကို ရဟန်းအဖြစ်၌သာလျှင် ကျေးဇူးရှိသည်ကို ဆို၏။

ဧည့်မခံတော့ဘူးလား

မင်းသည် တစုံတခုသော အကြောင်းဖြင့် ရသေ့မ၏ စိတ်ကို မရသည်ဖြစ်၍ ထိုရသေ့မကို တခုသော တိုက်ခန်း၌ ထား၍ ကြံ၏။
“အဘယ်သို့ ကြံသနည်း´´ဟူမူကား “ဤရသေ့မသည် သီလရှိ၏။ ကောင်းသော အကျင့်ရှိ၏။ ဤသို့သဘောရှိသော မိဖုရားစည်းစိမ်ကို အလိုမရှိ။ ထိုရသေ့သည်လည်း ဤသို့ သဘောရှိသော မယားဖြစ်ဖူးသော မိန်းမကို နိုင်ထက်ကလူ ယူ၍သွားသော ငါတို့ကို အမျက်ထွက်၍ပင် ကြည်ကာမျှကိုလည်း မပြု။ စင်စစ်လျှင် ရသေ့ရဟန်းတို့သည် များစွာကုန်သော မာယာရှိကုန်၏။ တစုံတခုသော မန္တာန် ဆေးဝါး မန္တရားကို မှီ၍ ငါ့အား အကျိုးမဲ့ကိုလည်း ပြုကုန်ရာ၏။ သွားဦးအံ့၊ အဘယ်သို့ ပြုလျက်နေသနည်း။ သိအောင် ပြုအံ့´´ ဤသို့ ကြံ၏။

ကြံပြီး၍ ရပ်တည်ခြင်းငှာ မတတ်နိုင်ရကား ဥယျာဉ်သို့ သွားပြန်၏။
ဘုရားလောင်းသည်လည်း သင်္ကန်းတို့ကို ချုပ်လျက် နေ၏။
မင်းသည် နည်းသော အခြံအရံရှိသည်ဖြစ်၍ ခြေသံပြင်းသည်ကိုလည်း မပြုဘဲ ဖြည်းဖြည်းသာသာ ချဉ်းကပ်လေ၏။
ဘုရားလောင်းသည် မင်းကို မကြည့်မူ၍ သင်္ကန်းကိုသာလျှင် ချုပ်၏။
မင်းသည် “ဤရသေ့သည် အမျက်ထွက်၍ ငါနှင့်တကွ စကားမပြော´´ဟု အောက်မေ့သည်ဖြစ်၍ “ဤရသေ့စဉ်းလဲသည် `အမျက်အားဖြစ်ခြင်းငှာ ငါမပေးအံ့၊ အမျက်ဖြစ်သော်လည်း ထိုအမျက်ကို လျင်မြန်စွာ နှိပ်အံ့´ဟု ရှေးဦးစွာကမူ ကြုံးဝါး၍ ယခုမူကား အမျက်ဖြင့်သာလျှင် ခက်ထန်ခိုင်မာသည်ဖြစ်၍ ငါနှင့်တကွ စကားမပြော´´ ဤသို့သော အမှတ်ဖြင့် –

၅၁။ ယံ နု ပုဗ္ဗေ ၀ိကတ္ထိတ္ထော၊
ဗလမှိဝ အပဿိတော။
သွဇ္ဇ တုဏှိကတော ဒါန၊
သင်္ဃာဋိံ သိဗ္ဗမစ္ဆသိ။ ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၅၁။ ဘော တာပသအို ရသေ့။
ပုဗ္ဗေ ရှေး၌။
ဝိကတ္ထိတ္ထော နုကြုံးဝါး၏ မဟုတ်လော။
အဇ္ဇယခုမူကား။
သောထိုရသေ့စဉ်းလဲသည်။
ယံ ဗလံအကြင်အမျက်ဒေါသအစွမ်းကို။
အပဿိတော ဣ၀မှီသကဲ့သို့။
တုဏှိကတောတစုံတခုသော စကားကိုမျှ မဆိုမူ၍။
တေန ဗလေနထိုအမျက်အစွမ်းဖြင့်။
သင်္ဃာဋိံဒုကုဋ်သင်္ကန်းကို။
သိဗ္ဗံ သိဗ္ဗန္တောချုပ်လျက်။
ဒါနိယခု။
အစ္ဆသိ နေဘိ၏တကား။

+++

ဖြစ်ပါလျက် အပြင်မထွက်

ထိုစကားကို ကြား၍ ဘုရားလောင်းသည် “ဤမင်းကား အမျက်ဒေါသ၏ အစွမ်းဖြင့် စကားမပြောဟူ၍ ငါ့ကို အောက်မေ့၏။ ယခုအခါ ထိုမင်းအား ဖြစ်သော အမျက်ဒေါသ၏အလိုသို့ မလိုက်သည်၏အဖြစ်ကို ဟောအံ့´´ဟု ကြံ၍ –

၅၂။ ဥပ္ပဇ္ဇိ မေ န မုစ္စိတ္ထ၊
န မေ မုစ္စိတ္ထ ဇီဝတော။
ရဇံဝ ၀ိပုလာ ၀ုဋ္ဌိ၊
ခိပ္ပမေ၀ နိဝါရယိံ။ ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၅၂။ မဟာရာဇ မြတ်သောမင်းကြီး။
မေငါ့အား။
ဥပ္ပဇ္ဇိ ဖြစ်ကားဖြစ်၏။
ပနထိုသို့ဖြစ်ငြားသော်လည်း။
န မုစ္စိတ္ထသန္တာန်မှ အပ မထွက်စေရ။
မေငါ့အား။
ဇီဝတောသဇီဝသန္တာန်မှ။
န မုစ္စိတ္ထမထွက်စေရာသလျှင်ကတည်း။
ဝိပုလာ ၀ုဋ္ဌိကြီးစွာသော မိုးပေါက်သည်။
ရဇံ မြူကို။
နိဝါရယိ ဣ၀ ဖျောက်သကဲ့သို့။
ခိပ္ပမေ၀လျင်စွာသာလျှင်။
နိဝါရယိံ မြစ်အံ့။

+++

ဘာများဖြစ်နေပါသလဲ

ထိုဘုရားလောင်း စကားကို ကြား၍ မင်းသည် “ဤရသေ့ကား အမျက်ကိုသာလျှင် ရည်၍ ဆိုသလော။ ထိုသို့မဟုတ်မူ တပါးသော တစုံတခုသော အတတ်ကို ရည်၍ ဆိုသလော။ ထိုရသေ့ကို မေးဦးအံ့´´ဟု ကြံ၍ မေးလိုရကား –

၅၃။ ကိံ တေ ဥပ္ပဇ္ဇိ နော မုစ္စိ၊
ကိံ တေ န မုစ္စိ ဇီဝတော။
ရဇံဝ ၀ိပုလာ ၀ုဋ္ဌိ၊
ကတမံ တံ နိဝါရယိ။ ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၅၃။ တာပသရှင်ရသေ့။
တေရှင်ရသေ့အား။
ဥပ္ပဇ္ဇိ ဖြစ်ကားဖြစ်၏ ဟူသည်ကား။
ကိံအဘယ်သည်။
ဥပ္ပဇ္ဇိ ဖြစ်လည်းဖြစ်သနည်း။
နော မုစ္စိလွှတ်လည်း မလွှတ်သနည်း။
ကိံအဘယ်သည်။
တေရှင်ရသေ့၏။
ဇီဝတောသဇီဝသန္တာန်မှ။
န မုစ္စိမလွှတ်သနည်း။
ဝိပုလာ ၀ုဋ္ဌိ ကြီးစွာသော မိုးပေါက်သည်။
ရဇံ မြူကို။
နိဝါရယိ ဣ၀ ပျောက်သကဲ့သို့။
ကတမံအဘယ်မည်သော။
တံထိုဝတ္ထုကို။
နိဝါရယိ မြစ်သနည်း။

+++

အမျက်ဖြစ်လျက် အပြင်မထွက်

ထိုစကားကို ကြား၍ ဘုရားလောင်းသည် “မြတ်သောမင်းကြီး … ဤသို့ များစွာသော အပြစ်ရှိသော တခုသော အမျက်သည် ငါ့အား ဖြစ်၏။ ဖြစ်သော်လည်း ထိုအမျက်ကို မေတ္တာဘာဝနာဖြင့် မြစ်၏´´ဟု အမျက်ဒေါသ၌ အပြစ်ကို ပြလိုသည်ဖြစ်၍ –

၅၄။ ယမှိ ဇာတေ န ပဿတိ၊
အဇာတေ သာဓု ပဿတိ။
သော မေ ဥပဇ္ဇိ နော မုစ္စိ၊
ကောဓော ဒုမ္မေဓဂေါစရော။

၅၅။ ယေန ဇာတေန နန္ဒန္တိ၊
အမိတ္တာ ဒုက္ခမေသိနော။
သော မေ ဥပ္ပဇ္ဇိ နော မုစ္စိ၊
ကောဓော ဒုမ္မေဓဂေါစရော။

၅၆။ ယသ္မိဉ္စ ဇာယမာနမှိ၊
သဒတ္ထံ နာဝဗုဇ္ဈတိ။
သော မေ ဥပ္ပဇ္ဇိ နော မုစ္စိ၊
ကောဓော ဒုမ္မေဓဂေါစရော။

၅၇။ ယေနာဘိဘူတော ကုသလံ ဇဟာတိ၊
ပရက္ကရေ ၀ိပုလဉ္စာပိ အတ္ထံ။
သ ဘီမသေနော ဗလ၀ါ ပမဒ္ဒီ၊
ကောဓော မဟာရာဇ န မေ အမုစ္စထ။

၅၈။ ကဋ္ဌသ္မိံ မတ္ထမာသ္မိံ၊
ပါဝကော နာမ ဇာယတိ။
တမေ၀ ကဋ္ဌံ ဍဟတိ၊
ယသ္မာ သော ဇာယတေ ဂိနိ။

၅၉။ ဧ၀ံ မန္ဒဿ ပေါသဿ၊
ဗာလဿ အ၀ိဇာနတော။
သာရမ္ဘာ ဇာယတေ ကောဓော၊
သောပိ တေနေ၀ ဍယှတိ။

၆၀။ အဂ္ဂီဝ တိဏကဋ္ဌသ္မိံ၊
ကောဓော ယဿ ပသဍ္ဎတိ။
နိဟီယတိ တဿ ယသော၊
ကာဠပက္ခေ၀ စန္ဒိမာ။

၆၁။ အနေဓော ဓူမကေတူဝ၊
ကောဓော ယဿူ´ပသမ္မတိ။
အာပူရတိ တဿ ယသော၊
သုက္ကပက္ခေ၀ စန္ဒိမာ။ ဟူသော ဤဂါထာတို့ကို ဆို၏။

+++

၅၄။ ဘူပါလ ရေမြေသေဌ်နင်း ပြည့်ရှင်မင်း။
ယမှိ ကောဓေအကြင်အမျက်သည်။
ဇာတေ ဖြစ်လတ်သော်။
န ပဿတိမိမိအကျိုး သူတပါးအကျိုးကို မမြင်။
ယမှိအကြင်အမျက်သည်။
အဇာတေမဖြစ်သည်ရှိသော်။
သာဓု ကောင်းစွာ။
ပဿတိမိမိအကျိုး သူတပါးအကျိုးကို မြင်၏။
ဒုမ္မေဓဂေါစရောပညာမရှိသောသူတို့၏ ကျက်စားလေ့လာရာဖြစ်သော။
သော ကောဓောထိုအမျက်သည်။
မေ ငါ့အား။
ဥပ္ပဇ္ဇိ ဖြစ်၏။
နော မုစ္စိကိုယ်မှ ပြင်ပသို့ မထွက်။

၅၅။ ဇနိန္ဒလူတို့၏အရှင်မင်းမြတ်။
ဇာတေန – ဖြစ်သော။
ယေနအကြင်အမျက်ဒေါသဖြင့်။
ဒုက္ခမေသိနောကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို အလိုရှိကုန်သော။
အမိတ္တာရန်သူတို့သည်။
နန္ဒန္တိ နှစ်သက်ကုန်၏။
ဒုမ္မေဓဂေါစရောပညာမရှိသောသူတို့၏ ကျက်စားရာ အာရုံဖြစ်သော။
သော ကောဓောထိုအမျက်သည်။
မေငါ့အား။
ဥပ္ပဇ္ဇိ ဖြစ်၏။
နော မုစ္စိငါ့ကိုယ်မှ ပြင်ပသို့ မထွက်။

၅၆။ ဒိသမ္ပတိအရပ်မျက်နှာအရှင်ဖြစ်သော မင်းကြီး။
ယသ္မိံဉ္စအကြင်အမျက်ဒေါသသည်လည်း။
ဇာယမာနမှိ ဖြစ်လတ်သော်။
သဒတ္ထံမိမိအကျိုးစီးပွားကို။
နာဝဗုဇ္ဈတိမသိ။
ဒုမ္မေဓဂေါစရောပညာမရှိသော သူတို့၏ ကျက်စားလေ့လာရာဖြစ်သော။
သော ကောဓောထိုအမျက်သည်။
မေငါ့အား။
ဥပ္ပဇ္ဇိ ဖြစ်၏။
နော မုစ္စိငါ့ကိုယ်မှ ပြင်ပသို့ မထွက်။

၅၇။ ရဋ္ဌေသဘတိုင်းပြည်သူအပေါင်းတို့ထက် မြတ်တော်မူသော။
ရာဇသေဋ္ဌ မင်းမြတ်။
ယေနအကြင်ဒေါသသည်။
အဘိဘူတော နှိပ်စက်အပ်သောသူသည်။
ကုသလံကုသိုလ်ကို။
ဇဟာတိစွန့်တတ်၏။
ဝိပုလံ ပြန့်ပြောသော။
အတ္ထဉ္စာပိအကျိုးစီးပွားကိုလည်း။
ပရက္ကရေအပပြုလိုက်တတ်၏။
မဟာရာဇမင်းမြတ်။
ဘိမသေနောများစွာသော ကိလေသာဟူသော စစ်သည်နှင့်ပြည့်စုံသော။
ဗလ၀ါ ပမဒ္ဒိအားရှိသောသူတို့ကို နှိပ်နင်းနိုင်သော။
သော ကောဓောထိုအမျက်သည်။
မေငါ၏။
သန္တိကာအထံမှ။
န မုစ္စထမထွက်။

+++

အမျက်မီးပြောင် ကိုယ့်ကိုလောင်

၅၈။ ကဋ္ဌသ္မိံမီးပွတ်ခုံကို။
မတ္ထမာနသ္မိံမီးပွတ်သည်ရှိသော်။
ပါဝကော နာမမီးမည်သည်။
ဇာယတိ ဖြစ်၏။
သော ဂိနိထိုမီးသည်။
ယသ္မာအကြင်ပွတ်ခုံမှ။
ဇာယတေ ဖြစ်၏။
တမေ၀ ကဋ္ဌံထိုမီးဖြစ်ရာ ပွတ်ခုံကိုပင်လျှင်။
ဍဟတိ လောင်၏။

+++

အမျက်ဖြစ်မူ ဤကိုယ်ပူ

၅၉။ မဟာရာဇမင်းမြတ်။
ဧ၀ံဤအတူ။
မန္ဒဿပညာမရှိသော။
ဗာလဿမိုက်စွာသော။
အ၀ိဇာနတောအကျိုးစီးပွားကို မသိသော။
ပေါသဿသတ္တ၀ါအား။
သရမ္ဘာနင်လော ငါလော စသည်ဖြင့် လွန်စွာပြုတတ်သော လက္ခဏာရှိသော။
ကောဓောအမျက်သည်။
ဇာယတေ ဖြစ်၏။
သောပိထိုအမျက်ထွက်သော သူသည်လည်း။
တေနေ၀ထိုမိမိအမျက်ဖြင့်သာလျှင်။
ဍယှတိပူလောင်၏။

+++

ပညာနည်းပါး ဒေါသပွား

၆၀။ ရထေသဘရထားစီးချင်း မင်းတကာတို့ထက် အာသဘမြောက်တော်မူသော။
ရာဇသေဋ္ဌ မင်းမြတ်။
တိဏကဋ္ဌသ္မိံ မြက်ခြောက် သစ်ခက်ခြောက်ရှိရာ အရပ်၌။
အဂ္ဂိ – လောင်သောမီးသည်။
တဍ္ဎတိ ဣ၀ပွားလေလေဖြစ်သကဲ့သို့။
ယဿအကြင်ပညာနည်းသော သူအား။
ကောဓောအမျက်သည်။
ပ၀ဍ္ဎတိပွား၏။
တဿထိုအမျက်ဒေါသပွားသောသူအား။
ကာဠပက္ခေလကွယ်ပက္ခ၌။
စန္ဒိမာ ဣ၀လကဲ့သို့။
ယသောစည်းစိမ်ချမ်းသာသည်။
နိဟီယတိတရွေ့ရွေ့ ယုတ်၏။

+++

အမျက်ဇာတ်သိမ်း ကိုယ်လုံးငြိမ်း

၆၁။ မန္နိဿရ ရွှေနန်းရှင်။
အနေဓောမီးစာမရှိသော။
ဓူမကေတုမီးလျှံသည်။
ဥပသမ္မတိ ဣ၀ ငြိမ်းသကဲ့သို့၊
ယဿအကြင်ပညာရှိအား။
ကောဓောအမျက်သည်။
ဝူပသမ္မတိ ငြိမ်း၏။
တဿထိုအမျက်ငြိမ်းသောသူအား။
သုက္ကပက္ခေလဆန်းပက္ခ၌။
စန္ဒိမာ ဣ၀လကဲ့သို့။
ယသောစည်းစိမ်ချမ်းသာသည်။
အာပူရတိတရွေ့ရွေ့ပြည့်၏။

ဗာရာဏသီမင်းသည် ဘုရားလောင်း၏ တရားစကားကို နာရလျက် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အမတ်တယောက်ကို စေ၍ နန်းတော်သို့ ဆောင်လေပြီးသော ရသေ့မကို ဆောင်စေ၍ “အမျက်ထွက်ခြင်းမရှိသော ရှင်ရသေ့ … နှစ်ယောက်ကုန်သော ရှင်ရသေ့တို့သည် ရဟန်းချမ်းသာဖြင့် လွန်စေကုန်လျက် ဤအကျွန်ုပ် ဥယျာဉ်တော်၌သာလျှင် နေတော်မူကြကုန်လော့။ အကျွန်ုပ်သည် အရှင်ဘုရားတို့အား တရားနှင့်လျော်စွာ စောင့်ရှောက်ခြင်း၊ တရားနှင့်လျော်စွာ ရန်မှ တားမြစ်ခြင်း၊ တရားနှင့်လျော်သော လုံခြုံခြင်းကို ပြုအံ့´´ဟု ဆို၍ ကန်တော့ပြီးလျှင် အကြိမ်ကြိမ် ရှိခိုး၍ သွားလေ၏။

ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ဥယျာဉ်တော်၌သာလျှင် နေကုန်၏။
နောက်အဖို့၌ ရသေ့မသည် သေ၏။
ဘုရားလောင်းသည် ထိုရသေ့မ သေသည်ရှိသော် ဟိမ၀န္တာတောသို့ ၀င်ပြီးလျှင် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေ၍ လေးပါးကုန်သော ဗြဟ္မ၀ိဟာရတို့ကို ပွားစေလျက် ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း

သဗ္ဗညုမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။
သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။

ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား – ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ ရသေ့မ ဖြစ်ဖူးပြီ။ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ။ ယခုအခါ ငါဘုရားသည် ထိုအခါ စူဠဗောဓိရသေ့ ဖြစ်ဖူးပြီ။
ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆောင်ပုဒ်

မျက်ဒေါသမှာ၊ မီးပမာ၊ မှီရာ လောင်မြိုက်မည်။

+++++

(မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီး ပြန်ဆိုရေးသားတော်မူသော ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု တတိယတွဲ မှ)

Leave a Reply