ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုးနှင့် ပဉ္စဒွါရဝီထိများ

ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

၁။ နာမရူပ ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ။
တံ သမ္မသနံ ဥဒယဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။

၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထ။
မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေက္ခကံ။

၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ။
ပစ္စဝေက္ခဏာ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။

၎။ အဒေသိယေ သာသနိကေ၊ ဉာဏိမေ သောဠသုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊ ဗုဒ္ဓံ တီဟာဒရံ နမေ။

+++++

(၁) နာမရူပ ပရိစ္ဆေဒံနာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။

(၂) တပ္ပစ္စယပရိဂ္ဂဟံထိုနာမ်ရုပ်တို့၏ အကြောင်းတရားကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။

(၃) တံ သမ္မသနံထိုနာမ်ရုပ်တို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် သုံးသပ် ဆင်ခြင်၍ သိမြင်သော သမ္မသနဉာဏ်လည်းကောင်း။

(၄) ဥဒယဗ္ဗယဉာဏဉ္စနာမ်ရုပ်တို့၏ အသစ်အသစ် ဖြစ်ပေါ်လာခြင်း၊ ဖြစ်ပေါ်ပြီးလျှင် တခဏချင်း ပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း။

(၅) ဘင်္ဂဂံနာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂဉာဏ်လည်းကောင်း။

(၆) ဘယဉာဏဉ္စနာမ်ရုပ်တို့ဋ္ဌ ပျက်စီးခြင်းကို သိမြင်ရသဖြင့် ကြောက်လန့်ဖွယ် ဘေးကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယဉာဏ်လည်းကောင်း။

(၇) အာဒီနဝဉာဏဉ္စနာမ် ရုပ် သင်္ခါရတို့၌ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝဉာဏ်လည်းကောင်း။

(၈) နိဗ္ဗိဒံနာမ် ရုပ် သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်းကောင်း။

အထအနက်သဘောတူသော ရှေ့ဉာဏ်သုံးခုတို့မှတပါး အနက်သဘောတူသော နောက်ဉာဏ်သုံးခုကား –

(၉) မုဉ္စိတုကမျတံနာမ် ရုပ် သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုသော မုဉ္စိတုကမျတာဉာဏ်လည်းကောင်း။

(၁၀) ပဋိသင်္ခံအလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုလှသဖြင့် ထိုနာမ်ရုပ်နှစ်ပါးကိုပင် အနိစ္စအစရှိသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင် အားထုတ်၍ အနိစ္စ ဒုက္ခ အနတ္တ အနေအားဖြင့် ကောင်းကောင်းကြီး ထင်မြင်သော ပဋိသင်္ခါဉာဏ်လည်းကောင်း။

(၁၁) သင်္ခါရုပေက္ခကံအနိစ္စ ဒုက္ခ အနတ္တ အနေအားဖြင့် ကောင်းကောင်း ထင်မြင်၍ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရသဖြင့် အလွန်ပြင်းထန်သော လုံ့လကိုလည်း မပြု၊ ထိုနာမ်ရုပ် သင်္ခါရတို့၌ ကြောက်လန့်ခြင်း, နှစ်သက်ခြင်း နှစ်ပါးကိုလည်း ပယ်စွန့်၍ သိရုံ သိရုံသာ အညီအမျှရှုသော သင်္ခါရုပေက္ခာဉာဏ်လည်းကောင်း။

(၁၂) အနုလောမဉ္စအနိစ္စ ဒုက္ခ အနတ္တတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဥဒယဗ္ဗယစသော ရှေးဉာဏ်ရှစ်ပါးနောက် မဂ္ဂသစ္စာအားလျော်သော ဂေါတြဘူ၏ ရှေးအခြားမဲ့၌ နှစ်ကြိမ် သုံးကြိမ်ဖြစ်သော အနုလောမဉာဏ်လည်းကောင်း။

(၁၃) ဂေါတြဘုံပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ဇာတ်သို့ ရောက်စေလျက် နိဗ္ဗာန်ကို အာရုံပြု၍ မဂ်၏ရှေးအဖို့၌ တစ်ကြိမ်မျှသာဖြစ်သော ဂေါတြဘူဉာဏ်လည်းကောင်း။

(၁၄) မဂ္ဂဉာဏံနိဗ္ဗာန်ကို မျက်မှောက်ပြုလျက် သစ္စာလေးပါးကို တပြိုင်နက်သိသော မဂ်ဉာဏ်လည်းကောင်း။

(၁၅) ဖလံမဂ်ဉာဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော ဖိုလ်ဉာဏ်လည်းကောင်း။

(၁၆) တထာထိုမှတပါး။ ပစ္စဝေက္ခဏဉာဏံမဂ်, ဖိုလ်, နိဗ္ဗာန်နှင့် ပယ်ပြီးသော ကိလေသာ, မပယ်ရသေးသော ကိလေသာအားဖြင့် ဤငါးပါးသော တရားအစုတို့ကို ပြန်လှန်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်လည်းကောင်း။

ဣတိဤသို့၊ တိလောကမှိကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြဝဠာရှိသမျှ အနန္တမဆုံး လောကကြီးတစ်ခုလုံး၌၊ ကေနစိပိ – နတ်, လူ, ဗြဟ္မာ, သတ္တဝါတစ်ဦးတစ်ယောက်မျှသော်လည်း၊ အဒေသိယေမကြားမနာ ကြံစည်ကာဖြင့် ယထာဘူတ အမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော၊ သာသနိကေဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးအတွင်း၌သာလျှင် ပေါ်လင်း ဖြစ်ထွန်းနိုင်ကောင်းကုန်သော၊ ဥတ္တရေ လောကီပညာရပ်တို့ထက် ထူးကဲ မြင့်မြတ်ကုန်သော၊ ဣမေ သောဠသဉာဏေဤ ၁၆-ပါးသော ဉာဏ်တို့ကို၊ ဒေသေတာရံမိမိကိုယ်တော်တိုင် ပိုင်ပိုင်လှလှ အမှန်အကန် သိရ၍ လှစ်ဟထုတ်ဖော် ဟောကြားတော်မူတတ်ပေထသော၊ ပဝတ္တာရံမိမိကိုယ်တော်တိုင် ပိုင်ပိုင်ပြီးစီး ဖြစ်စေပြီးမှ ခိုမှီးကပ်လာ ဗြဟ္မာနတ်လူ ကျွတ်ထိုက်သူမှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင်သော စိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့် ဖြစ်ပွားစေတော်မူတတ်ပေထသော၊ ဗုဒ္ဓံသဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို၊ အဟံဘုရားတပည့်တော်သည်၊ တီဟိကာယညွှတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်၊ အာဒရံရိုသေစွာ၊ နမေ နမာမိ ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။

(မဟာစည်သာသနာ့ရိပ်သာ ဝတ်ရွတ်စဉ်၊ မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးတော်မူလေ့ရှိသော ဘုရားရှိခိုးများ – မှ)

+++++

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၂ ခုနှစ် မေလ ၁၉ ရက် စနေနေ့ မွန်းလွဲ ၁း၅၅ နာရီ၌ တစ်နာရီ တရားရှုမှတ်ပွားများခြင်း မပြုမီ လောကချမ်းသာဆရာတော်က ဝိသုဒ္ဓိခုနစ်ပါးမှ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိအကြောင်း အကျဉ်း ဟောကြား၏။

+++++

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ရှစ်ပါးသော ဉာဏ်တို့၏ အစွမ်းအားဖြင့် ခေါင်ထိပ်သို့ ရောက်သော ဝိပဿနာနှင့် ၉-ခုမြောက်ဖြစ်သော သစ္စာနုလောမိကဉာဏ်ဟူသော ဤဝိပဿနာဉာဏ်အပေါင်းသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (အရိယာမဂ်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော စင်ကြယ်သော ဉာဏ်အမြင်) မည်၏။

ရှစ်ပါးဟူရာ၌ –

(၁) ဥပက္ကိလေသမှ လွတ်သော “ရှုမြဲရှုလျက် လမ်းမှန်သွားသော ဝိပဿနာ”ဟု ဆိုအပ်သော ဥဒယဗ္ဗယဉာဏ်။

(၂) ဘင်္ဂါနုပဿနာဉာဏ်။

(၃) ဘယတုပဋ္ဌာနဉာဏ်။

(၄) အာဒီနဝါနုပဿနာဉာဏ်။

(၅) နိဗ္ဗိဒါနုပဿနာဉာဏ်။

(၆) မုဉ္စိတုကမျတာဉာဏ်။

(၇) ပဋိသင်္ခါနုပဿနာဉာဏ်။

(၈) သင်္ခါရုပေက္ခာဉာဏ်ဟူသော ဤရှစ်ပါးသော ဉာဏ်တို့ကို သိအပ်ကုန်၏။

၉-ခုမြောက်ဖြစ်သော သစ္စာနုလောမိကဉာဏ်ဟူသည်မှာ အနုလောမဉာဏ်၏ အမည်တည်း။ ထို့ကြောင့် ထိုပဋိပါဒဉာဏဒဿနဝိသုဒ္ဓိကို ပြည့်စုံစေခြင်းငှာ အလိုရှိသော ယောဂီသည် ဥပက္ကိလေသမှ လွတ်သော ဥဒယဗ္ဗယဉာဏ်ကို အစပြု၍ အဆိုပါဉာဏ်တို့၌ အားထုတ်ခြင်းကို ပြုအပ်၏။

(မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထတွဲ မှ)

+++++

+++++

ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းပြ ဆရာတော် အရှင်စက္ကိန္ဒမှာ ကနေဒါသို့ ကြွရောက်နေသဖြင့် သင်တန်းသူ သင်တန်းများသည် ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဖတ် ပူဇော်ကြ၏။

မွန်းလွဲ ၃း၄၅ နာရီတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ဝီထိပိုင်း၊ ပဉ္စဒွါရဝီထိများအကြောင်း သင်ကြား ပို့ချပေး၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် သင်တန်းသူ သင်တန်းသား အများစုမှာ နာရေးကိစ္စတစ်ခုသို့ သွားရောက်ကြရန် ရှိသဖြင့် ယခုအပတ်အတွက် လောကချမ်းသာ ဆည်းဆာတရားပွဲကို မပြုလုပ်ဖြစ်တော့ပေ။

Leave a Reply