ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံ (ညောင်လေးပင်ဆရာတော်)

၁။ ‘နာမရူပပရိစ္ဆေဒ’စသော ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံကား –

အဆင်းမြင်သောအခါ အဆင်းနှင့်မျက်စိသည် ဥပါဒါရုပ် မည်၏။
မဟာဘုတ်ကို မှီ၏။
ဥပါဒါရုပ်နှင့် မဟာဘုတ်သည် ဖောက်ပြန်တတ်သော ရုပ်အစု မည်၏။

ထို အဆင်းကို သိခြင်း၊ ခံစားခြင်း၊ မှတ်ခြင်း၊ ကြံစည်ခြင်း စသည်သည် အာရုံသို့ ညွတ်တတ်သော နာမ်အစု မည်၏။
အဆင်းမြင်ရာ၌ ရုပ်အစု နာမ်အစုမှတပါး ဘာမျှ မရှိ။ ငါ, သူတပါး, ယောက်ျား, မိန်းမ စသည် မရှိ။
မြင်သူမျှပင် မရှိ။

အသံကြားရာ၌လည်း ရုပ်အစု နာမ်အစု၊
အနံ့ယူရာ, အရသာစားရာ, အတွေ့ထိရာ, အသိ-သိရာ၌၊ (ဝါ) စိတ်ကူးကူးရာ၌လည်း ရုပ်အစု နာမ်အစု၊
လောဘဖြစ်ရာ, ဒေါသဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊
သဒ္ဓါဖြစ်ရာ, ပညာဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊
ဝမ်းနည်းစရာ, ဝမ်းသာစရာ၌လည်း ရုပ်အစု နာမ်အစု၊
ချစ်စရာ, မုန်းစရာ၌လည်း ရုပ်အစု နာမ်အစု။

လှည်းအိမ်, ဝင်ရိုး, လှည်းဘီး စသော အပေါင်းကို လှည်းဟု အခေါ်သာရှိသည်။ လှည်းမရှိ။
ရုပ်နာမ်အပေါင်းကို ယောက်ျားကိုယ်ကောင်, မိန်းမကိုယ်ကောင်ဟု အခေါ်သာရှိသည်။ ယောက်ျား မိန်းမ မရှိ။

ကန်းသူက သွားချင်၊ မြင်သူက အကျိုး
ကျောတွင်ပိုး၍၊ အကျိုးညွှန်လမ်း
သွားပုံဆန်းသို့၊ ရုပ်ကန်းနာမ်ကျိုး
ကျောကပ်ပိုး၏။
ကျောပိုးနာမ်ရုပ် ငါမဟုတ်။

ထန်းမြစ်ထက်ခြမ်း ရုပ်နာမ်ခြမ်းလျှင် ထက်ခြမ်းကွဲနာမ်ရုပ် မဟုတ်သူငါ မြင်သောအခါ သက္ကာယဒိဋ္ဌိကွာ၏။ အတ္တဒိဋ္ဌိအစွဲပြုတ်၏။ ကလျာဏပုထုဇဉ်ဖြစ်၏။

ဤတွင် ဒိဋ္ဌိဝိသုဒ္ဓိ ပြီး၏။ (ဝါ) နာမရူပပရိစ္ဆေဒဉာဏ် ပြီး၏။

၂။ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပုံကား –

အနာတွေ့လျှင် အကြောင်းရှာရသည်။
သူငယ်တွေ့လျှင် မိခင်ရှာရသည်။
ရုပ်နာမ်တွေ့လျှင် အနာသဖွယ် သူငယ်အလား နှလုံးထား၍ ဖြစ်ကြောင်းရှာရသည်။

ရုပ်အကြောင်းကား – ‘အဝိဇ္ဇာ’, ‘တဏှာ’, ‘ဥပါဒါန်’, ‘ကံ’, ‘အာဟာရ’ – ငါးပါးဖြစ်သည်။
‘အဝိဇ္ဇာ’, ‘တဏှာ’, ‘ဥပါဒါန်’ – အမိကြောင့် ရုပ်ဖြစ်သည်။
‘ကံ’ – အဘကြောင့် ရုပ်ဖြစ်သည်။
‘အာဟာရ’ – နို့ထိန်းထောက်ပံ့ခြင်းကြောင့် ရုပ်ဖြစ်သည်။

နာမ်အကြောင်းကား များပြား၏။
ပသာဒ, နှလုံးသွင်း ကိုယ်တွင်းအကြောင်းကြောင့် နာမ်ဖြစ်သည်။
အာရုံ, အလင်းရောင် စသော ကိုယ်ပအကြောင်းကြောင့် နာမ်ဖြစ်သည်။

ဤရုပ်,နာမ်သည် အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။
ကာလသုံးပါးလုံး အကြောင်းအားလျော်စွာ အကျိုးတရား ရုပ်နာမ်သာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။
သူ့ကြောင့်, ငါ့ကြောင့်, ငါဖြစ်ပြီး, သူဖြစ်ပြီး မရှိ၊ ငါဖြစ်ဆဲ, သူဖြစ်ဆဲ မရှိ၊ ငါဖြစ်လတ္တံ့, သူဖြစ်လတ္တံ့ မရှိ။
အကြောင်းမကင်းသော ရုပ်နာမ်အစုသာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။
သူ့အကြောင်းနှင့်သူ ဖြစ်သောကြောင့် ငါ့အလိုလိုက်အောင် ပြု၍မရ။

ဘဝအဆက်ဆက် ကြောင်းကျိုးဆက်၍ ရုပ်နာမ်အဆက်ဆက်သည် ဖြစ်ရာ၌ပင် နေရာမရွေ့ ချုပ်၏။
တဘဝမှ တဘဝသို့ ရုပ်နာမ်မရွေ့။
ကြောင်းကျိုးဆက်၍ မှန်ထဲ၌ မျက်နှာရိပ်ထင်သည်။ မျက်နှာမရွေ့။
စိတ်အစဉ်ဖြစ်ရာ၌ ကြောင်းကျိုးဆက်၍ ရှေ့စိတ်ချုပ်လျှင် နောက်စိတ်ဖြစ်သည်။ ရှေ့ဘဝစုတိစိတ်ချုပ်လျှင် နောက်ဘဝ ပဋိသန္ဓေစိတ်ဖြစ်သည်။ ရှေ့စိတ်မရွေ့။

ဤသို့ ကာလသုံးပါးလုံး ကြောင်းကျိုးသိလျှင် ယုံမှားခြင်း ကင်း၏။

ဤသို့ ဆက်သွယ်၍ သစ္စာလေးပါးသိလျှင် မဂ်ဖိုလ်ရ၏။ မဂ်ဖိုလ်မရလျှင် သုဂတိမြဲ၏။ စူဠသောတာပန် ဖြစ်၏။

ဤတွင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြီး၏။ (ဝါ) ပစ္စယပရိဂ္ဂဟဉာဏ် ပြီး၏။

၃။ သမ္မသနဉာဏ် ဖြစ်ပုံကား –

တေဘူမက ရုပ်နာမ်ဟူသမျှသည် ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ၊
ဇရာ မရဏဖြင့် ဖောက်ပြန်တတ်သောကြောင့် အနိစ္စ၊
တခဏမျှသာ တည်တတ်သောကြောင့် အနိစ္စ၊
မြဲသည်ကို ပယ်တတ်သောကြောင့် အနိစ္စ။ (လေးနက်)

တေဘူမက ရုပ်နာမ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ ရောက်၏။ ဌီ၌ အိုမင်း ရင့်ရော်၏။ ပင်ပန်း၏။ မချွတ် ပျက်စီး၏။
ထိုသို့ မပြတ် နှိပ်စက်တိုင်း ခံရသောကြောင့် ဒုက္ခ၊
သည်းခံနိုင်ခဲသောကြောင့် ဒုက္ခ၊
ဒုက္ခအမျိုးမျိုး၏ တည်ရာဖြစ်သောကြောင့် ဒုက္ခ၊
သုခကို ပယ်တတ်သောကြောင့် ဒုက္ခ။ (လေးနက်)

တေဘူမက ရုပ်နာမ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ မရောက်ပါစေလင့်ဟု တောင့်တ၍ မရ။ ဌီသို့ရောက်လျှင် မရင့်ရော်ပါစေလင့်ဟု တောင့်တ၍ မရ၊ ရင့်ရော်လျှင် မပျက်ပါစေလင့်ဟု တောင့်တ၍ မရ။ ပြုသူ, ခံစားသူ မရှိ။ အလိုလိုက်ခြင်းမှလည်း ဆိတ်၏။
ထိုသို့ ပြုသူ, ခံစားသူမှ ဆိတ်သောကြောင့် အနတ္တ၊
စိုးပိုင်သော သခင်မရှိသောကြောင့် အနတ္တ
အလိုလိုက်အောင် ပြု၍ မရသောကြောင့် အနတ္တ၊
တိတ္ထိတို့ ကြံဆသော အတ္တအဖြစ်ကို ပယ်တတ်သောကြောင့် အနတ္တ။ (လေးနက်)

ထိုအနက်တို့ကို မှတ်သားရမည်။

တဘဝအတွင်း ရုပ်နာမ်သည် မသေမီ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ။
ပဌမအရွယ် ရုပ်နာမ်သည် မဇ္ဈိမအရွယ်သို့ မရောက်မီ ချုပ်၏။
မဇ္ဈိမအရွယ် ရုပ်နာမ်သည် ပစ္ဆိမအရွယ်သို့ မရောက်မီ ချုပ်၏။
ပစ္ဆိမအရွယ် ရုပ်နာမ်သည် မသေမီ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ။

၎။ ဥဒယဗ္ဗယဉာဏ် ဖြစ်ပုံကား –

အကြောင်းမကင်းသော ရုပ်နာမ်တို့၏ ဖြစ်စ-ဥပါဒ်သည် ဥဒယ မည်၏။
ရုပ်နာမ်တို့၏ ပျက်တတ်သော ဘင်သည် ဝယ မည်၏။
ဖြစ်၍ ပျက်၏။
တဘို့မှ တဘို့ မရောက်။ အဆက်အစပ် အပိုင်းအပြတ် ဖြစ်၏။
တဖျစ်ဖျစ်မည်ဆူ အိုးကင်းပူထက် နှမ်းစေ့ကျက်သကဲ့သို့ တဖြစ်တည်း ဖြစ်၍ တပျက်တည်း ပျက်သော ရုပ်နာမ်ပါတကား။

၅။ ဘင်္ဂဉာဏ် ဖြစ်ပုံကား –

ရုပ်နာမ် သင်္ခါရတရားအစုသည် ဖြစ်လေသမျှ ချုပ်ပျက်လေစွတကား။
လျှပ်စစ်ပုံဟန် အပျက်မြန်လေစွတကား။
အိုးခွက်ကွဲအတူ အိုးကင်းပူနှမ်းကျက် တပျက်တည်း ပျက်လေစွတကား။
ပရမ်းပတာကြဲသော မြူနုသဘော အတောမသတ် ပျက်လေစွ။
မိုဃ်းရွာစဉ် ရေပြင်၌ ရေပွက်အပေါင်း ဥဗောင်းပုံဟန် အပျက်မြန်လေစွ။
ဦးခေါင်းမီးလောင်လျှင် မီးသတ်ရန် လက်မနှေးစေရ။
မသေလိုလျှင် ဘင်္ဂဉာဏ် လက်မနှေးစေရ။

၆။ ဘယဉာဏ် ဖြစ်ပုံကား –

ရုပ်နာမ် သင်္ခါရတို့၏ ပျက်ခြင်းသည် ကြောက်ဖွယ်ကောင်းလေစွ။
ခြင်္သေ့အလား မြွေကျားဆင်ဆိုး မိုဃ်းကြိုးစက်ကွင်း ရှားမီးတွင်းပမာ စစ်တလင်းကုန်း သင်းချိုင်းကုန်းအသွင် နေချင်စရာမရှိ ဘေးအတိစုပေါင်းလေစွတကား။

၇။ အာဒီနဝဉာဏ် ဖြစ်ပုံကား –

ဘုံသုံးပါးသည် မီးကျီးတွင်း သုံးခုနှင့် တူလေစွ။
ဓာတ်ကြီးလေးပါးသည် မြွေဆိုးကြီးလေးကောင်နှင့် တူလေစွ။
ခန္ဓာငါးပါးသည် သံလျက်မိုးသော သူသတ်ယောက်ျား ငါးဦးနှင့် တူလေစွ။

၈။ နိဗ္ဗိဒါဉာဏ် ဖြစ်ပုံကား –

ရွှေဟင်္သာသည် ဒွန်းစဏ္ဍားအိုင်၌ မမွေ့။ ဟိမဝန္တာအိုင်ကြီး ခုနစ်အိုင်၌ မွေ့သည်။
ခြင်္သေ့မင်းသည် ရွှေချိုင့်၌ မမွေ့။ ဟိမဝန္တာတောသုံးထောင်၌ မွေ့သည်။
ဘုံသုံးပါးသည် ဒွန်းစဏ္ဍားအိုင်ကြီး, ရွှေချိုင့်နှင့် တူလှ၏။ မွေ့စရာမဟုတ်။ အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုသော အိုင်ကြီးသာ။
အနုပဿနာ တောသုံးထောင်သာ မွေ့လျော်ဖွယ် ကောင်းလေစွ။

၉။ မုစ္စိတုကမျတာဉာဏ် ဖြစ်ပုံကား –

ဘုံသုံးပါး၌ အိုဘေး, နာဘေး, သေဘေးအကြား ကျင်လည်ရခြင်းသည် ပိုက်ကွန်မိသော ငါး၊ ဂဠုန်လက်တွင်း နဂါး၊ မြွေခံတွင်း ဖားနှင့် တူလှ၏။ ယခုလွတ်မူ ကောင်းလေစွ။

၁၀။ ပဋိသင်္ခါဉာဏ် ဖြစ်ပုံကား –

ရုပ်နာမ်သည် အနိစ္စ, ဒုက္ခ, အနတ္တဟု မဂ်ဖိုလ်မရမချင်း ပြန်၍ သိမ်းဆည်းစရာတို့ပါတကား။

၁၁။ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပုံကား –

ဤကိုယ် ရုပ်နာမ် သင်္ခါရသည် ငါ့ကိုယ်အတ္တမှလည်း ဆိတ်၏။ ကိုယ်၏ ဥစ္စာအတ္တနိယမှလည်း ဆိတ်၏။
ငါပူစရာ သူမရှိ၊ သူပူစရာ ငါမရှိ။ အဘယ်နေရာ အဘယ်အခါ အဘယ်မှာမျှ မရှိ။ သုညအတိ ဖြစ်၏။

၁၂။ အနုလောမဉာဏ်
၁၃။ ဂေါတြဘူဉာဏ်
၁၄။ မဂ်ဉာဏ်
၁၅။ ဖိုလ်ဉာဏ်
၁၆။ ပစ္စဝေက္ခဏာဉာဏ်တို့ကား အထူး အားထုတ်ဖွယ်, ဆင်ခြင်ဖွယ် မရှိ။ ဝင်လေ ထွက်လေ ရှုသူတို့သည် ဤဉာဏ် ၁၆-ပါးနှင့် ပြည့်စုံကြပါစေကုန်သတည်း။

+++++
ညောင်လေးပင် တောရဆရာတော်၏ “ပဋိစ္စသမုပ္ပါဒ်အရသာ” မှ

Leave a Reply