နယူးဂျာစီကျောင်း တည်ဆောက်ရေး လုပ်ငန်းများ – အရှင်ပညာသီဟ
အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းက တရားရိပ်သာအဖြစ် တည်ဆောက်ရန် ရည်မှန်း၍ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့တွင် မြေ ၅-ဧက ကျယ်ဝန်းသည့် နေရာကို ၁၉၉၅ ခုနှစ်က ဝယ်ယူခဲ့ပါသည်။
စေတီတော်နှင့် တရားရိပ်သာဆောင် အသစ် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် မြေအကျယ်အဝန်းကို ဦးစားပေး ရွေးချယ်ခဲ့ရာ အသင့်ပါရှိသည့် အဆောက်အဦကလေးမှာ သိပ်ကျယ်ဝန်းလှသည် မဟုတ်ပေ။
အိပ်ခန်း နှစ်ခန်းနှင့် ရေချိုးခန်း-အိမ်သာတစ်ခန်းသာ ပါဝင်သည်။
စာရေးသူ ရောက်ခါစက တွေ့ရသည့် အဆောက်အဦကလေး၏ အနေအထားမှာ ပြုပြင်စရာ များစွာ လိုနေသည်ကို တွေ့ရပါသည်။ … ဝယ်ခါစက ဒါထက် ဆိုးတယ်။ တတ်နိုင်သလောက် တပည့်တော်တို့ ပြင်ထားလို့ ဒီလိုအခြေအနေ ရှိနေတာ … လို့ ဆရာတော် ဦးအဘယာလင်္ကာရက ရှင်းပြပါသည်။
စာရေးသူနှင့် ဦးအဘယာလင်္ကာရတို့ အတူနေစဉ် အပေါ်ထပ်ခိုးရှိ ဘုရားစင်ကို လဲလှယ်ခြင်း၊ ဟောင်းလောင်းပေါက်နေရာများကို ပိတ်ခြင်း၊ တံခါးတပ်ခြင်း၊ မြေတိုက်ခန်းရှိ ယခင်အိမ်ရှင် အသုံးပြုခဲ့သည့် စားပွဲခုံရှည်ကြီးများ၊ စင်များကို ဖယ်ရှား သန့်ရှင်းခြင်း စသည်တို့ကို ပြုလုပ်ကြသည်။
ထိုပြင် အလုပ်သမားငှား၍ မြေတိုက်ခန်းရှိ ရေနွေးငွေ့ပိုက်များတွင် တပ်ဆင်ထားသည့် asbestos တို့ကို ရှင်းလင်း ဖယ်ထုတ်ကာ နံရံတပ်ခြင်း၊ ကြမ်းခင်းခြင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်းများ ပြုလုပ်ပြီးသည့်အခါ ယခင်က ကင်ဆာဖြစ်မှာ ကြောက်၍ မဝင်ရဲသည်အထိ ညစ်ပေနေသော နေရာသည် အတော်အသင့် အသုံးပြု၍ဖြစ်သည့် နေရာတစ်ခု ဖြစ်သွားသည်။
ကျောင်း၌ ဝါဆိုပွဲ၊ ကထိန်ပွဲ စသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပသည့်အခါ ဧည့်ပရိသတ် အတော်များများ ရောက်လာပါသည်။
ရောက်လာသည့် ဧည့်သည်များလေ အဆင်မပြေလေ ဖြစ်ရသည့် ကိစ္စများမှာ တရားနာ ရေစက်ချရန် နေရာကျဉ်းခြင်း၊ အိမ်သာမလုံလောက်ခြင်းတို့ ဖြစ်သည်။
ထို့ကြောင့် ဝယ်ယူစဉ်က ပါသည့် ကားဂိုဒေါင်ကို ဓမ္မာရုံအဖြစ် အသုံးပြုနိုင်အောင် ပြုပြင်ခြင်း၊ လက်ရှိ ကျောင်းလေးတွင် အခန်းကျယ်တစ်ခုကို နံရံ ပိုင်းခြား၍ အခန်းသစ်ဖွဲ့ကာ အိမ်သာထည့်ခြင်း၊ မြေတိုက်ခန်းတွင် ရေချိုးခန်းထည့်ခြင်းတို့ ပြုလုပ်ရသည်။
ထိုသို့ ပြုလုပ်ပြီးနောက် အနည်းငယ် သက်သာချောင်ချိမှု အဆင်ပြေမှု ရှိလာပါသည်။
သို့သော်လည်း ကျန်ရှိသည့် အဆင်မပြေသော ကိစ္စမှာ အိမ်သာကိစ္စပင် ဖြစ်နေသည်။
ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပတိုင်း ထိုပြဿနာကို ဖြေရှင်းရန် ယာယီအိမ်သာများကို ငှါးရပါသည်။ တစ်ကြိမ်လျှင် အနည်းဆုံး လေးငါးလုံး ငှါးရသည်။ ငွေကြေးအကုန်အကျမှာ မသက်သာလှ။ ဒေါ်လာ ခုနစ်ရာ ရှစ်ရာခန့် ကုန်ကျသည်။
သို့သော် ထိုကုန်ကျစရိတ်သည် အသုံးပြုမှု၊ သက်သာချောင်ချိမှုတို့အတွက် ထိုက်တန်သည့် ငွေပမာဏ မဖြစ်ပါ။
အကြောင်းမှာ ထိုအိမ်သာများကို အများစုက မသုံးလိုကြပါ။ ပွဲပြီးသောအခါ တစ်ယောက်နှစ်ယောက်လောက်သာ အသုံးပြုပြီးသည့် ထိုယာယီအိမ်သာများကို ပြန်သယ်သွားသည်က များပါသည်။
လူအများစုက ကျောင်းအတွင်းရှိ အိမ်သာကိုပင် သည်းခံ စောင့်ဆိုင်းပြီး အသုံးပြုကြသဖြင့် အိမ်သာကျွင်း(တွင်း)မှာ ရေလျှံကာ အဆင်မပြေ ဖြစ်ရပြန်သည်။
အိမ်သာ ၂-လုံး တပ်ဆင်
ထိုအခက်အခဲများကို ပြေလည်စေရန် မြေတိုက်ခန်း၌ အိမ်သာအသစ်နှစ်လုံး ထပ်မံ ထည့်ရန် စီစဉ်သည်။ အိမ်သာများကို မြေအောက်ခန်းတွင် ထည့်မည်ဖြစ်သဖြင့် ဒေါ်လာနှစ်ရာလောက် တန်သည့် သာမန်ရိုးရိုး အိမ်သာခွက်ကို အသုံးပြု၍ မဖြစ်ပေ။ ထို့ကြောင့် အလိုအလျောက် ကြိတ်ချေစက်၊ အညစ်အကြေး တွန်းထုတ်စက်ပါ ပါသည့် အိမ်သာအိုးစနစ်ကို ရှာ၍ ဝယ်ယူရာ တစ်လုံးလျှင် ၉၀၅ ဒေါ်လာ ပေးရသည်။
အခန်းကာခြင်း၊ လျှစ်စစ်မီးသွယ်ခြင်း၊ အနံ့စုတ်စက် တပ်ဆင်ခြင်း စသည်တို့အတွက် စုစုပေါင်း ပစ္စည်းဖိုး ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၇၁၀ ဖြစ်သည်။
တပ်ဆင်မှုကို နယူးယောက်မှ ကိုမိုက်ကယ်၊ မစီစီချို၊ ကိုဂျိုး၊ ကိုဂျိုးဇက်တို့က ငွေကြေး တစ်ပြားတစ်ချပ်မှ မယူဘဲ လုပ်အားအလှူဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။ ပစ္စည်းတန်ဖိုးနှင့်အညီ လက်ခပေးရမည်ဆိုက နောက်ထပ် ဒေါ်လာ ၂၇၁၀ ထက်မနည်း ကုန်ကျပေဦးမည်။
ထို့ပြင် နယူးဂျာစီမှ ကိုပညာနှင့် ကိုနေလင်း မိသားစုတို့က အိမ်သာအောက်ခင်း ကြမ်းပြင်တွင် ကြွေပြားခင်းခြင်းကို ပစ္စည်းကုန်ကျစရိတ်နှင့်အတူ လုပ်အားအလှူပါ ပေးလှူကြပါသည်။
ကိုကျော်သူမြတ်နှင့် ကိုထွန်းထွန်းတို့က အခန်းကို ပတ်တီးဖာခြင်း၊ ဆေးသုတ်ခြင်း လုပ်အားအလှူတို့ကို ပေးလှူကြပါသည်။
ထိုသူတို့၏ လုပ်အားအလှူကြောင့် အေဘီဘီအေအသင်းအတွက် ငွေကြေး အကုန်အကျ များစွာ သက်သာသွားပါသည်။
အိမ်သာအသစ်နှစ်လုံး တပ်ဆင်ပြီးစီးသွားသဖြင့် အညစ်အကြေး စွန့်ပစ်ရေးအတွက် အတော်အတန် အဆင်ပြေသွားပြီ ဖြစ်ပါသည်။
နောက်ထပ် ဖြေရှင်းရမည့် ကိစ္စမှာ အသုံးများလျှင် ရေလျှံသည့် အိမ်သာကျွင်းကိစ္စ ဖြစ်ပါသည်။
ထိုပြဿနာကို ဖြေရှင်းရန် ကျောင်းတွင် လက်ရှိအသုံးပြုနေသည့် အိမ်သာကျွင်းစနစ်ကို မြို့နယ်မြူနီစီပယ် အိမ်သာပိုက်လိုင်းနှင့် ဆက်သွယ် အသုံးပြုမည့်စနစ်ကို အစားထိုးရန် ဖြစ်ပါသည်။
ထိုကိစ္စကို ဆောင်ရွက်ရန် နှစ်အတန်ကြာကပင် သတင်းအချက်အလက်များကို ရှာဖွေ စုဆောင်းကြပါသည်။ ထိုကိစ္စကို အလွယ်တကူ အကောင်အထည် မဖော်နိုင်သော အခက်အခဲတစ်ခုမှာ အိမ်သာပိုက်လိုင်းက မိမိတို့ ကျောင်းဘက်တွင် မရှိဘဲ လမ်း၏ အခြားတစ်ဘက်တွင် တည်ရှိနေခြင်း ဖြစ်သည်။ မိမိတို့ဘက် အခြမ်းတွင် ပိုက်လိုင်းရှိပါက အလွယ်တကူ လုပ်နိုင်ဖွယ်ရာ ရှိပါသည်။
မြူနီစီပယ် အိမ်သာပိုက်နှင့် ဆက်သွယ်ခြင်း
အဆောက်အဦ အသစ်ဆောက်လုပ်သည့်အခါ အဆောက်အဦ အရွယ်အစားနှင့် အိမ်သာခန်း ပါဝင်မှု၊ အသုံးပြုမည့်သူ လူအရေအတွက်များအပေါ် အခြေခံကာ အိမ်သာကျွင်းစနစ်ဖြင့် မလုံလောက်ဘဲ မြို့နယ်မြူနီစီပယ် အိမ်သာပိုက်လိုင်းနှင့် မဖြစ်မနေ ဆက်သွယ် အသုံးပြုရတော့မည် ဖြစ်သည်။ ထိုသို့ ပြောင်းလဲရန် အသစ်ဆောက်လုပ်မည့် အဆောက်အဦများကို ပုံစံရေးဆွဲစဉ်ကတည်းက ထည့်သွင်း ရေးဆွဲပေးပြီးသား ဖြစ်ပါသည်။
အိမ်သာပိုက်လိုင်းနှင့် ဆက်သွယ်ရန် ကိစ္စကို အင်ဂျင်နီယာ ဒကာကြီး ဦးမောင်မောင်က သူ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းကိစ္စများနှင့်လည်းကောင်း၊ ဘုရားတည်ဆောက်ရေး၊ ကျောင်းသစ်တည်ဆောက်ရေးကိစ္စများနှင့်လည်းကောင်း အလုပ်များသည့်ကြားကပင် အချိန်ယူ၍ ဆောင်ရွက်ရာ ၂၀၁၀ ခု စက်တင်ဘာလ ၂၈ ရက်တွင် စတင် အကောင်အထည် ဖော်နိုင်ပြီ ဖြစ်ပါသည်။
အိမ်သာပိုက်လိုင်းနှင့် ဆက်သွယ်ရာ၌ အိမ်သာပိုက်လိုင်း အသုံးပြုခအတွက် အိမ်သာအရေအတွက်အပေါ် မူတည်၍ ငွေကြေးပေးဆောင်ရန် မြို့နယ်မြူနီစီပယ်ဌာနမှ တောင်းခံလာပါသည်။
တစ်လုံးအတွက် ဒေါ်လာ ၃,၆၀၀ ပေးရမည်ဖြစ်ရာ အဆောက်အဦသစ်တွင် ပါဝင်မည့် အိမ်သာ ၁၀-လုံးအတွက် တွက်ချက်ကာ ဒေါ်လာ ၃၆,၀၀၀ ပေးမှ ဆက်သွယ်ခွင့် ချပေးမည်ဖြစ်ကြောင်း သိရပါသည်။
ပိုက်လိုင်း ဆက်သွယ်ရန်အတွက် လက်ခစသည် မဟုတ်ဘဲ ပိုင်လိုင်းအသုံးပြုခအတွက် တောင်းခြင်း ဖြစ်ပါသည်။ ထိုကုန်ကျစရိတ်မှာ မည်သူမျှ မြှော်လင့်မထားသော ကိစ္စဖြစ်သဖြင့် စိတ်မသက်မသာ ဖြစ်ရပြန်ပါသည်။
ထိုကုန်ကျစရိတ်ကို သက်သာစေလိုသည့် ဆန္ဒဖြင့် အင်ဂျင်နီယာ ဒကာကြီး ဦးမောင်မောင်က ဌာနဆိုင်ရာတို့အား အိမ်သာအရေအတွက် များရခြင်းအကြောင်းမှာ လူအများ အမြဲသုံးမည်မဟုတ်ဘဲ တရားစခန်းရှိမှသာ လူသုံးဆယ်စာလောက်အတွက် တပြိုင်နက် အသုံးပြုနိုင်ရန် စီစဉ်ထားရခြင်းဖြစ်ကြောင်း၊ တည်းခိုခန်းများမှာလို အမြဲတမ်း အသုံးပြုနေမှာ မဟုတ်ကြောင်း၊ ဘာသာရေးအဖွဲ့အစည်းဖြစ်သဖြင့် ထိုငွေကြေးပမာဏအောက် သက်သာခွင့်ရအောင် ဆောင်ရွက်ပေးစေလိုကြောင်း စသည်တို့ကို ရေးသား တင်ပြပါသည်။
ဒကာကြီး၏ တင်ပြချက်အရ မြို့နယ်မြူနီစီပယ်ဌာနမှ ထိုငွေကြေးပမာဏ ဒေါ်လာ ၃၆,၀၀၀ ပေးရမည့်အစား၊ အိမ်သာတစ်လုံးစာ ဒေါ်လာ ၃,၆၀၀ ကို ပေးဆောင်စေ၍ ပိုက်ဆက်သွယ်ခွင့်ကို ချပေးလိုက်ပါသည်။
ထို့ကြောင့် အေဘီဘီအေအသင်းအနေဖြင့် အများပြည်သူတို့ လှူဒါန်းငွေ ဒေါ်လာ ၃၂,၄၀၀ အကုန်အကျ သက်သာသွားပါသည်။
ဒကာကြီး ဦးမောင်မောင်၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် သက်သာသွားသော ဒေါ်လာ ၃၂,၄၀၀ ကို တနည်းအားဖြင့် ဒကာကြီး၏ အလှူဟုပင် သတ်မှတ်နိုင်ပါသည်။ အများပြည်သူတို့ လှူဒါန်းသော ငွေကို အလေအလွင့် အလဟဿ မဖြစ်အောင် ဆောင်ရွက်ခြင်း၊ တတ်နိုင်သမျှ အကုန်အကျ သက်သာအောင် ဆောင်ရွက်ခြင်းတို့သည် အလှူတစ်မျိုးပင် ဖြစ်ပါသည်။
ထိုသို့ မဟုတ်ဘဲ ငါကုန်တာမှ မဟုတ်ဘဲ၊ အသင်းကငွေပဲ ကုန်ကုန် မကုန်ကုန် အရေးစိုက်စရာ မလို၊ သုံးချင်သလို သုံးမည်ဟု သဘောထား၍ သုံးပြီး သုံးသလောက် အရာမရောက် အကောင်အထည် မပေါ်ဘဲ ဖြစ်သွားပါလျှင် လှူရာမရောက်ဘဲ အများပြည်သူ လှူသည့်ငွေကို ဖြုန်းတီးရာရောက်သဖြင့် ကောင်းကျိုးထက် ဆိုးပြစ်ဖြစ်သည်ကို သတိပြုရပါမည်။
အိမ်သာပိုက်လိုင်း ဆက်သွယ်ရန်အတွက် ပစ္စည်းရော လက်ခပါ ကုန်ကျစရိတ်မှာ ဒေါ်လာ ခြောက်သောင်းငါးထောင် ဖြစ်ပါသည်။ ထိုလုပ်ငန်းကို K&R Sitework ကုမ္ပဏီဖြင့်ပင် လုပ်ကိုင် ဆောင်ရွက်ပါသည်။
လုပ်ငန်း စတင်
၂၀၁၀ ခု စက်တင်ဘာလ ၂၈ ရက်တွင် လမ်း၏ တစ်ဘက်ခြမ်းတွင် ရှိသော မြူနီစီပယ်အိမ်သာပိုက်နှင့် ဆက်သွယ်ရန် စတင် လုပ်ဆောင်ပါသည်။
ထိုနေ့တွင် အညစ်အကြေးစုကန်တစ်ခု ထည့်သွင်း တပ်ဆင် ပြီးစီးသည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင် လမ်းတစ်ဘက်ကို ဖြတ်ထုတ်ကာ အိမ်သာပိုက်လိုင်းအသစ်ကို ထည့်သွင်းပါသည်။
မိုးများလွန်းသည့် ရက်များ ဖြစ်နေသဖြင့် အလုပ်ဆက်လက် မလုပ်နိုင်ဘဲ အောက်တိုဘာလ ၅ ရက်တွင်မှ ကျောင်းဘက်ရှိ လမ်းကို ဖြတ်ထုတ်ကာ ပိုက်လိုင်း ထည့်သွင်းရသည်။
အောက်တိုဘာ ၆ ရက်တွင် လမ်းဘေးရှိ ရှိပြီးသား မိုးရေထုတ်ပြွန်အဟောင်းကို အသစ် ထပ်မံ လဲလှယ်ရသည်။ ကျောင်းအတွက် အိမ်သာပိုက်လိုင်း သွယ်သောအခါ မူလမိုးရေထုတ်ပြွန်အဟောင်းနှင့် မလွတ်သဖြင့် ဖြတ်ထုပ်ပစ်ကာ အသစ် ထည့်ရခြင်း ဖြစ်သည်။
စာဖြင့် ရေးပြသည်ကို ဖတ်ရသည့်အခါ လုပ်ငန်းဆောင်ရွက်ရမှု ပမာဏ၏ အကြီးအသေးကို သိရှိနားလည်ရန် ခက်ခဲသဖြင့် ပူးတွဲပါ ဓာတ်ပုံများကို ကြည့်ပါက လုပ်ငန်းပမာဏ၏ ကြီးကျယ်မှုကို သိနိုင်ပါသည်။
အရှင်ပညာသီဟ