သမန်းမြက်ကို ယူဆောင်တတ်တဲ့သူ
မိလိန္ဒမင်း။ ။ အရှင်ဘုရားနာဂသေန … မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိအပ်ပါသလော?
အရှင်နာဂသေန။ ။ မင်းမြတ် … မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိ၏။
မိလိန္ဒမင်း။ ။ အရှင်ဘုရားနာဂသေန … မြတ်စွာဘုရား ခဲယဉ်းစွာ ပြုခဲ့သော အရာသည် အဘယ်နည်း?
အရှင်နာဂသေန။ ။ မင်းမြတ် … မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်, စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း” ဟု ပိုင်းခြား ဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာမည်၏။
မိလိန္ဒမင်း။ ။ ဥပမာ ပြုတော်မူပါဦးလော့ ဘုရား။
အရှင်နာဂသေန။ ။ မင်းမြတ် … ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ယူပြီးလျှင် လျှာဖြင့် လျက်၍ “ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုန်နာမြစ်ရေတည်း၊ ဤရေသည် အစိရဝတီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်း”ဟု သိနိုင်ရာသလော?
မိလိန္ဒမင်း။ ။ အရှင်ဘုရား သိနိုင်ရန် ခဲယဉ်းလှပါ၏။
အရှင်နာဂသေန။ ။ မင်းမြတ် … တစ်ခုသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်, စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း”ဟု ပိုင်းခြား ဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ဤရေကို အသိခက်သည်ထက် အလွန်ခဲယဉ်းစွာ ပြုတော်မူအပ်သော အရာဖြစ်၏။
မိလိန္ဒမင်း။ ။ အရှင်ဘုရား … ကောင်းလှပါပေ၏။
(မိလိန္ဒပဥှာ)
+++++
၂၀၀၉ ခု နိုဝင်ဘာလ ၇ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်တန်းကို တတိယအပတ်မြောက် ဆက်လက် ပို့ချ၏။
ကာမဘုံတွင် ဖြစ်သော စိတ် (၅၄)၊ ရူပဘုံတွင် ဖြစ်သော စိတ် (၁၅)၊ အရူပဘုံတွင် ဖြစ်သော စိတ် (၁၂)၊ ထိုဘုံသုံးခုမှ အလွတ်ဖြစ်သော စိတ် ၈ (အကျယ် ၄၀)၊ စုစုပေါင်း ၈၉ (အကျယ် ၁၂၁) ပါးသော စိတ်တို့အနက် ကာမဘုံတွင် ဖြစ်သော စိတ်များအကြောင်းကို စတင် ပို့ချသည်။
ကာမဘုံတွင် ဖြစ်သော စိတ် စုစုပေါင်း ၅၄ ပါး ရှိရာတွင်လည်း ဖြစ်လျှင် အပြစ်ရှိ၍ ဆိုးကျိုးကို ပေးတတ်သော စိတ် ၁၂ မျိုးအကြောင်းကို ရှင်းပြ၏။
အချုပ်အားဖြင့် လောဘ၊ ဒေါသ၊ မောဟတို့နှင့် တွဲ၍ ဖြစ်သော စိတ် ၁၂ မျိုး ဖြစ်သည်။ တနည်းအားဖြင့် အကုသိုလ်စိတ် ၁၂ မျိုး ဖြစ်သည်။
အကုသိုလ်စိတ် ၁၂ မျိုးကို ထပ်ခွဲသော် လောဘမူလစိတ် ၈ ပါး၊ ဒေါသမူလစိတ် ၂ ပါးနှင့် မောဟမူလစိတ် ၂ ပါး ရ၏။
+++++
အရှင်သီလာနန္ဒာဘိဝံသဆရာတော်ကား ဘာသာစကားဆိုင်ရာ သဒ္ဒါဆိုင်ရာတို့၌ ကျွမ်းကျင်သူဖြစ်ရကား ဆရာတော်၏ ပို့ချချက်များမှာ အထူး စိတ်ဝင်စားဖွယ် ကောင်း၏။
ပါဠိဂဏန်းရေတွက်နည်း၊ ပါဠိစကားတို့၏ အသံထွက် အနက်အဓိပ္ပာယ် စသည်တို့ကို ဆိုင်ရာ ဆိုင်ရာတို့၌ ရှင်းပြ၏။
‘ကုသိုလ်’ဟူသော စကား၏ ရင်းမြစ်ကို မှတ်သားဖွယ် ရှင်းပြရာ –
ပါဠိစကား ‘ကုသလ’မှ မြန်မာစကား ‘ကုသိုလ်’ဖြစ်၏။
ကုသလ = ကုသ + လ
ကုသ=သမန်းမြက်
လ=ကိုင်/ယူသည်
သမန်းမြက်တို့၏ အနားနှစ်ဖက်သည် ဓားသွားကဲ့သို့ ထက်၏။ ထိလွယ် ရှလွယ်၏။
သမန်းမြက်ကို ကိုင်ဆောင် ယူဆောင်ရမည့်သူတစ်ဦးတစ်ယောက်အတွက် အကိုင်မတတ်လျှင် ကိုင်သူ၏ လက်ကို ထိခိုက်မည် ဖြစ်၏။
ကျွမ်းကျင်သူ ကိုင်တတ်သူအတွက်မူ လွယ်ကူ၏။
ကုသလ = ‘သမန်းမြက်ကို ယူဆောင်သူ’ မှ ‘ကျွမ်းကျင်သူ/အနာကင်းသူ’ ဟု အနက်ဆင့်ပွား၏။
စိတ်ကို နိုင်နင်း ကျွမ်းကျင်ပါမှ အပြစ်ကင်း၍ ကောင်းကျိုးပေးအောင် ရွက်ဆောင်နိုင်မည်ဖြစ်ရာ ကုသိုလ်စိတ်ကို ကျွမ်းကျင်သူ၏ စိတ်ဟု ဆိုနိုင်၏။
ကုသိုလ်စိတ် = ကုသိုလ် + စိတ် = ကျွမ်းကျင်သူ၏ စိတ် (သို့မဟုတ်) စိတ်ကို ကျွမ်းကျင်ခြင်း
‘အပြစ်မရှိခြင်း’၊ ‘ကောင်းသောအကျိုးကို ပေးခြင်း’ လက္ခဏာ နှစ်ပါးတို့နှင့် ပြည့်စုံသော စိတ်မှာ ‘ကုသိုလ်စိတ်’ ဖြစ်၏။
‘ကုသိုလ်စိတ်’၏ ဆန့်ကျင်ဘက်ကား ‘အကုသိုလ်စိတ်’ ဖြစ်၏။
‘အကုသိုလ်စိတ်’ဖြစ်လျှင် အပြစ်ရှိ၍ မကောင်းကျိုးကို ပေး၏။
ပါဠိ ‘စိတ္တ’မှ မြန်မာစကား ‘စိတ်’
ပါဠိ ‘စေတသိက’မှ မြန်မာစကား ‘စေတသိက်’
ပါဠိ ‘အာရမ္မဏ’မှ မြန်မာစကား ‘အာရုံ’ စသည် ဖြစ်၏။
+++++
ဘုရားအဆူဆူတို့၏ ဆိုဆုံးမချက် အချုပ်မှာ –
“အကုသိုလ် ရှောင်၊
ကုသိုလ် ဆောင်၊
ဖြူအောင် စိတ်ကို ထား” ဖြစ်ရာ ‘အကုသိုလ်’၊ ‘ကုသိုလ်’နှင့် ‘စိတ်’တို့၏အကြောင်းကို မှန်မှန်ကန်ကန် သိမှသာလျှင် အပြည့်အဝ လိုက်နာနိုင်မည် ဖြစ်သည်။
သာမန် နေ့စဉ် အလုပ်တစ်ခုဖြစ်သော ထမင်းစားရင်းပင် အဘိဓမ္မာသဘောအရ အကုသိုလ်ဖြစ်နိုင်ရာ အဘိဓမ္မာကို လေ့လာသင်ယူခြင်းသည် အကုသိုလ်ကို ရှောင်ခြင်း၊ ကုသိုလ်ကို ဆောင်ခြင်း၊ စိတ်ကို ဖြူစင်အောင် ထားခြင်းတို့အတွက် မည်မျှ အကျိုးပြုမည်၊ ဘုရားရှင်တို့၏ ဆိုဆုံးမမှုကို ပြည့်ပြည့်ဝဝ နားလည်အောင် ကြိုးစားခြင်း ဖြစ်မည်ကို သိလောက်ပေ၏။
+++++
လောကချမ်းသာဆရာတော် အရှင်ဣန္ဒက ကလည်း သင်တန်းပို့ချချက်ပြီးတိုင်း အနှစ်ချုပ် ပြန်လည် ရှင်းပြခြင်း၊ အဘိဓမ္မာဆိုရိုးများဖြင့် သိလွယ် မှတ်လွယ်အောင် သင်ကြားခြင်းများ ထပ်မံပြုလုပ်ရာ အထူးပင် အကျိုးရှိလှပါသည်။
သင်တန်းပြီးသောအခါ လောကချမ်းသာ စနေတရားပွဲကို အရှင်ဝိမလက ရွဲကုန်သည် ဝတ္ထုဇာတ်ကြောင်းကို အခြေခံ၍ အကုသိုလ်စိတ်များ အဘိဓမ္မာသဘောများ နှောကာ ဟောကြား၏။
တရားနာပရိတ်သတ်မှာ အဘိဓမ္မာသင်တန်း ပို့ချချက်များကို ကြားနာပြီးစ ပူပူနွေးနွေး ဖြစ်ရာ စိတ်ထဲ ဉာဏ်ထဲ ထင်းကနဲ လင်းကနဲဖြစ်ကာ နှစ်သက် ဝမ်းမြောက်ကြ၏။
တရားပွဲပြီးပြန်သော် ရုပ် နာမ်တို့၏ သဘောများ၊ စိတ် စေတသိက် ရုပ်တို့၏ သဘောများကို မိမိတို့၏ ခန္ဓာပေါ်တွင် လေ့လာ သုံးသပ် ဆင်ခြင်ခြင်း ဆယ်မိနစ်ခန့် လက်တွေ့ ပြုလုပ်ကြပြန်၏။
ပြီးသော် ပြုခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုတို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။